Print

အဆီပြန်တဲ့အသားအရေကြောင့် စိတ်ညစ်နေရပါတယ်

  09-Nov-2020
Preview Image

အဆီပြန်တဲ့အသားအရေကြောင့် စိတ်ညစ်နေရပါတယ်

          အဆီပြန်တဲ့ အသားအရေတွေဟာ အမြဲပြောင်ဝင်းနေပြီး ညစ်ပတ်နေသလိုလို ထင်ရပါတယ်။ အရေပြားကလည်း ထူပြီးကြမ်းတယ်။ ချွေးပေါက်ကျယ်တွေ၊ ဝက်ခြံတွေနဲ့ အသားအရေမညီတာတွေလည်း တွေ့ရတတ်တယ်။ ဒီလိုဖြစ်တာဟာ အရေပြားမှာရှိတဲ့ အဆီဂလင်းလေးတွေဟာ ပုံမှန်ထက်ပိုအလုပ်လုပ်ပြီး အဆီတွေကို လိုတာထက်ပိုထုတ်လို့ပါပဲ။ မျက်နှာရဲ့ တချို့နေရာက အဆီပြန်ပြီး ကျန်တဲ့နေရာတွေမှာ အသားဟာ ပုံမှန် သို့မဟုတ် ခြောက်သွေ့နေရင်တော့ ပေါင်းစပ်အသားအရေပါပဲ။

          အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေမှာ မကောင်းတဲ့အချက်တွေ များပေမယ့် အရမ်းကောင်းတဲ့ အချက်လည်း ရှိတယ်လေ။ ဒါကတော့ တခြားအသားအရေပိုင်ရှင်တွေထက် ဇရာဟာ နှေးကွေးခြင်းပါပဲ။ အဆီပြန်တဲ့အသား အရေအကြောင်းကို သေချာသိထားမယ်ဆိုရင် ဆောင်ရန်ရှောင်ရန်လေးတွေလည်း သိပြီး သေချာလိုက်နာမယ်ဆိုရင် အဆီပြန်တဲ့ အသားအရေရဲ့ မကောင်းတဲ့အချက်တွေကို ဖယ်ရှားနိုင်ပြီး ပိုနုပျိုလှပလာမှာပါပဲ။ ဒီတော့ အဆီပြန်နေလို့ စိတ်ညစ်မနေပဲ အဆီပြန်တဲ့ အသားအရေအကြောာင်းကို လေ့လာကြည့်ရအောင် . . .

အဆီပြန်တဲ့ အသားအရေကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

-       မျိုးရိုးလိုက်ခြင်း

-       စားသောက်မှုပုံစံ

-       ဟော်မုန်းပမာဏ

-       ကိုယ်ဝန်ဆောင်ချိန်

-       သန္ဓေတားဆေးများ

-       အလှကုန်ပစ္စည်းများ

-       ပူအိုက်တဲ့ ရာသီဥတု

အဆီပြန်ခြင်းဟာ ဟော်မုန်းများလှတဲ့ ဆယ်ကျော်သက်အရွယ်မှာ အများဆုံးကြုံတွေ့ရတတ်ပါတယ်။ ယေဘုယျအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ အဆီပြန်တာလည်း တဖြည်းဖြည်းနည်းလာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်မှာလည်း ဟော်မုန်းပမာဏ မညီမျှမှုတွေကြောင့် အဆီဂလင်းတွေ အရမ်းအလုပ်လုပ်ပြီး အဆီပြန်တတ်ပါသေးတယ်။

အဆီပြန်တဲ့ အသားအရေကို ထိန်းသိမ်းရမယ့် နည်းလမ်းများ

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ မျက်နှာကို သေချာသန့်စင်ပေးရပါတယ်။ ချွေးပေါက်တွေပိတ်မနေအောင်မျက်နှာသစ်တိုင်း ရေများများနဲ့ သစ်ပေးပါ။ ရေနွေးနဲ့သစ်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် အဆီပြန်တာနည်းသွားအောင်ဆိုပြီး အပြင်းစားမျက်နှာသစ်ဆပ်ပြာတွေတော့ မသုံးလိုက်ပါနဲ့။ သင့်မျက်နှာအရေပြားက ပုံမှန်ရှိသင့်တဲ့ အဆီတွေပါ ပါသွားပြီး အရေပြားက အဖတ်တွေတောင် ကွာလာနိုင်လို့ပါပဲ။ မျက်နှာကို အလွန်အကျွံသန့်စင်မိတော့ တခြားဘေးထွက်ဆိုးကျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ကုန်ခန်းသွားတဲ့ သဘာဝအဆီတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ အဆီဂလင်းတွေက ပိုအလုပ်လုပ်လို့ သင့်မျက်နှာပိုပြီးတော့တောင် အဆီပြန်လာမှာပါ။

သင့်မျက်နှာကို သစ်ပြီးတိုင်း မျက်နှာအရေပြားအရမ်းတင်းပြီး ခြောက်သွေ့သွားစေတဲ့ အလှကုန်တွေကို ရှောင်ပါ။ ဒီပစ္စည်းတွေက အရေပြားရဲ့ အပေါ်ယံလွှာကို ကျုံ့သွားစေပြီး ချွေးပေါက်တွေကနေ အဆီတွေ ထွက်လာတာကို တားဆီးပေးပါတယ်။ အဲဒီအခါ အဆီဖုတွေ၊ ဝက်ခြံတွေ ဖြစ်လာတော့တာပါပဲ။ အဲဒီတော့ သင့်အသားအရေနဲ့လည်း အဆင်ပြေမယ့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးကို သေချာရွေးချယ်သုံးစွဲပေးပါ။ သင့်မျက်နှာလေး နူးညံ့စိုပြည်အောင် မျက်နှာသစ်ပြီးတိုင်း Oil Free Moisturizer တစ်ခုခုကို သုံးစွဲပေးဖို့ မမေ့ပါနဲ့။

တစ်နေ့ကို သုံးကြိမ်ထက်ပိုပြီး မျက်နှာမသစ်မိပါစေနဲ့။ မျက်နှာသစ်တဲ့အခါမှာ လက်ထိပ်လေးတွေနဲ့ စက်ဝိုင်းသဏ္ဍာန်အပေါ်ကို ပင့်တင်နှိပ်နယ်ပေးပါ။ ပြီးတော့ မျက်နှာပေါ်ကို မျက်နှာသစ်ဆေးနဲ့ တိုက်ရိုက်မပွတ်လိုက်ပါနဲ့။ ချွေးပေါက်တွေ ပိတ်သွားစေနိုင်လို့ပါ။ မျက်နှာသစ်ဆေးကို လက်ဖဝါးပေါ်အရင်တင်ပြီး ရေနည်းနည်းနဲ့ ပွတ်ပြီးတော့မှ မျက်နှာပေါ်တင်ပါ။

မိတ်ကပ်နဲ့ အလှကုန်ပစ္စည်းတွေဝယ်တဲ့အခါ အဆီပြန်တဲ့ အသားအရေအတွက်ထုတ်လုပ်ထားတာတွေကိုပဲ ရွေးချယ်ယူပါ။ ဒါပေမယ့် Alcohol ပါတာတွေကိုတော့ ဝေးဝေးရှောင်ပါ။ မိတ်ကပ်ကို ရေဓာတ်အခြေခံပြီး ထုတ်ထားတဲ့မိတ်ကပ်က အဆီပြန်တဲ့ အသားအရေတွေအတွက် ပိုကောင်းပါတယ်။ ပြီးတော့ မိတ်ကပ်ရောင်ကို ကိုယ့်အသားအရောင်ထက် တစ်ဆင့်ပိုလင်းတာကို လိမ်းပါ။ မဟုတ်ရင် အဆီပြန်လာတဲ့အခါ မျက်နှာက ညိုပြီးညစ်သွားမှာ။ ပြီးတော့ အဆီပြန်တဲ့သူတွေ ပေါင်ဒါကို အားကိုးလို့ရပါတယ်။ ပေါင်ဒါမှုန့်လေးတွေက အဆီပြန်တာကို ထိန်းပေးနိုင်ပါတယ်။ အဲ့ဒီတော့ မနက်မိတ်ကပ်လိမ်းပြီးတာနဲ့ ပေါင်ဒါလိမ်းပါ။

လိုအပ်ရင် နေ့လယ်တစ်ကြိမ် ထပ်လိမ်းပါ။ Mineral Loose Powder တွေက ပိုနူးညံ့ပြီး ချွေးပေါက်တွေလည်း မပိတ်နိုင်တာမို့ ရွေးချယ်သင့်ပါတယ်။

သဘာဝနည်းလမ်းတွေနဲ့ အသားအရေကို ထိန်းသိမ်းမယ်

-       မျက်နှာမသစ်ခင် နာရီဝက်အလိုမှာ သံပရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း တစ်ဝက်စီကို ရောပြီးလိမ်းပေးပါ။

-       မိတ်ကပ်လိမ်းပြီး မိတ်ကပ်တွေ ကွက်မနေစေချင်ရင်တော့ သခွားရည်အနည်းငယ်ကို မျက်နှာရဲ့ အရမ်းအဆီပြန်တဲ့ နေရာမှာ လိမ်းပေးပါ။ သခွားရည်သေချာခြောက်သွေ့သွားမှ မိတ်ကပ်ထပ်လိမ်းပါ။

-       အရမ်းအဆီပြန်တဲ့သူတွေကတော့ ရွှံ့စေမှုန့်နဲ့ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီရောမွှေပါ။ မျက်လုံးတစ်ဝိုက်ကို ရှောင်ပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို သုံးကြိမ်လုပ်ပေးပါ။ ဒီနည်းကတော့ အရမ်းအဆီပြန်တဲ့သူတွေအတွက်ပါပဲ။

-       သံပရာရည်နဲ့ရေကို ဆတူရောပြီး မျက်နှာမှာ လိမ်းပေးပါ။ ခြောက်သွေ့တဲ့အခါ မျက်နှာသစ်ပါ။ ပြီးတော့ ရေအေးလေးနဲ့ မျက်နှာထပ်သစ်ပါ။

အာဟာရအကြံပြုချက်

-       အသားဓာတ်ပါတဲ့ အစားအစာတွေကို စားပါ။ (အသား၊ ငါး၊ ပဲ)

-       လတ်ဆတ်တဲ့ အသီးအရွက်တွေကို များများစားပေးပါ။

-       သကြား၊ ဆားကို လျှော့စားပါ။

-       ဗီတာမင် B2 ချို့တဲ့ရင်လည်း အဆီပြန်နိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် B2 ကြွယ်ဝတဲ့ ပဲအမျိုးမျိုးနဲ့ Royal Jelly စားသုံးပေးပါ။ တဆေး Yeast၊ ဂျုံနဲ့ ကလီစာတွေမှာလည်း ဗီတာမင် B2 နဲ့ B5 ကြွယ်ဝစွာ ပါဝင်ပါတယ်။

-       အသားအရေမှာ ရေဓာတ်ပြည့်ဝပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ဖို့ ရေကိုလည်း များများသောက်ပါ။

-       အရက်၊ အချိုရည်၊ ချောကလက်နဲ့ အသင့်စားအစားအစာတွေကို ရှောင်ပါ။

-       အဆီလျှော့စားပါ။ အဆီများတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေ၊ ကြာနေတဲ့စားစရာတွေ၊ တိရစ္ဆာန်အဆီတွေနဲ့ ဝက်သားရှောင်ပါ။ ကြော်ချက်ရာမှာ ဟင်းသီးဟင်းရွက်ဆီကို သုံးပါ။ သံလွင်ဆီကတော့ အကောင်းဆုံးပါပဲ။

အထွေထွေ အကြံပြုချက်

-       ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ်သောက်ရင် ချွေးပေါက်တွေကို ကျယ်စေပြီး အရေပြားအတွက်လည်း မကောင်းဘူး။

-       တစ်ကိုယ်လုံးကို နှိပ်နယ်ပေးခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီး အရေပြားရဲ့ လုပ်ဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

-       Evening Primrose Oil မှာ Gamma Linolenic acid ပါဝင်လို့ အရေပြားရဲ့ ဆဲလ်တွေကို သန်စွမ်းစေပြီး၊ အစိုဓာတ်လည်း ဖြည့်တင်းပေးနိုင်လို့ သောက်သုံးသင့်ပါတယ်။

-       အရေပြားက ဆဲလ်တွေကို ပြန်လည်ပြုပြင်တာဟာ အိပ်ချိန်မှာ လုပ်ဆောင်တာပါ။ ဒါကြောင့် အိပ်ဖို့လိုပါတယ်။

-       တကယ်လို့ အဆီပြန်တာက ဘယ်လိုနည်းနဲ့မှ မသက်သာဘဲ ကြည့်မကောင်းအောင်ဆိုးနေပြီဆိုရင်တော့ အရေပြားရောဂါဖြစ်နိုင်တာမို့ အရေပြားအထူးကုတွေနဲ့ ပြသသင့်ပါတယ်။

Credit : Internet 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18