Print

အအေးကိုက်နာ

  30-Oct-2016
Preview Image

အအေးဓာတ်နဲ့ မတည့်တဲ့အတွက် အရေပြားများနီရဲပြီး ယားယံလာခြင်းကို ခေါ်ပါတယ်။ အအေးနဲ့မတည့်တဲ့ကလေးငယ်တွေဟာ အေးပြီးစိုစွတ်မှု ခံစားရတဲ့အခါ အရေပြား အောက်ရှိ သွေးကြောများကျုံ့၍ အပူဓာတ်ကို ထိမ်းသိမ်းလိုက်တဲ့အတွက် အရေပြားဖြူဖျော့ပြီး ထုံကျင်လာပါတယ်။ ပူနွေးလာတဲ့အခါ သွေးကြောများ ပြန်ကျယ်လာပြီး အရေပြားနီရဲကာ ယားယံလာစေပါတယ်။ အအေးကိုက်နာ ဖြစ်လေ့ရှိတဲ့နေရာများမှာ လက်ဖဝါး၊ ခြေချောင်းများ၊ ခြေချင်းဝတ်နှင့် ခြေဖမိုးတို့ဖြစ်ပါတယ်။

စိုးရိမ်ရပါသလား

မစိုးရိမ်ရပါ၊ သို့သော် နေထိုင်ရခက်ပါတယ်။

ရောဂါလက္ခဏာများ

- ဖြူဖျော့၍ ထုံကျင်နေခြင်း။ (အထူးသဖြင့် လက်ဖဝါးများနှင့် ခြေချောင်းများမှာ ပိုမိုခံစားရပါတယ်။)

- ပူနွေးလာတဲ့အခါ ထိုနေရာတွေမှာ နီရဲရောင်ရမ်းလာပြီး ယားယံလာခြင်း။

သင်ပထမဆုံးဘာလုပ်သင့်သလဲ

၁။ ကလေးကို ရာသီဥတုအေးနေတဲ့ အချိန်တွင် အပြင်သို့ အဝတ်လုံခြံုအောင် မဝတ်ဘဲ ခေါ်သွားမိလို့ ယားယံလာခဲ့ရင် အရေပြားထဲ ဝင်ရောက်သွားနိုင်တဲ့ ပေါင်ဒါတစ်မျိုးမျိုး လိမ်းပေးခြင်းဖြငင့် ယားယံမှုပျောက်ကင်း သက်သာစေနိုင်ပါတယ်။

၂။ ကလေးကို အဝတ်လုံလုံခြံုခြံူ ဝတ်ပေးခြင်း၊ ခြေအိတ်၊ လက်အိတ်စွပ်ထားပေးခြင်း တို့ဖြင့် အရေပြားကို အအေးနဲ့ မတွေ့ထိစေအောင် ကာကွယ်ပေးပါ။

ဆရာဝန်နဲ့ပြသဖို့လိုသလား

ကလေးကြည့်ရတာ မသက်မသာဖြစ်နေရင် ဆရာဝန်ထံပြသပါ။

ဆရာဝန်က ဘာလုပ်ပေးမှာလဲ

သွေးကြောများပွင့်ကာ သွေးစီးဆင်းမှု ကောင်းစေမယ့် လိမ်းဆေးတစ်မျိုးမျိုးကို ဆရာဝန်ကညွှန်ကြား ပေးပါလိမ့်မယ်။

သင်ဘာလုပ်ပေးသင့်သလဲ

- အေးပြီး စိုစွတ်တဲ့ ရာသီမှာ ကလေးကို လုံလုံခြံုခြံု ဝတ်ဆင်ပေးထားပါ။

- ကလေးခြေဖျားမအေးအောင် အတွင်းခံအနွေးဓာတ်ထိန်း ရှူးဖိနပ်မျိုးကို စီးပေးသင့်ပါတယ်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာမာမာဆွေ

(ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နုတ်ထားပါသည်။)



Related Articles


Advertisment 18