Print

ကိုလက်စထရောကိုမည်မျှအထိ လျှော့ချရမည်နည်း

  01-Oct-2019
Preview Image

နှလုံးရောဂါဖြစ်ဖူးသူ (သို့) ဖြစ်ရန်အလားအလာ များသူဖြစ်လျှင် သင်၏ ကိုလက်စထရော ပမာဏမည်မျှရှိပါစေ ကိုလက်စထရောချခြင်းကို ပြင်းထန်စွာလုပ်ခြင်းဖြင့် အကျိုးရှိသည်ကို သိစေလိုပါသည်။ ဤအချက်ကို ဖော်ပြထားသော လေ့လာမှုပေါင်းများစွာရှိပါတယ်။ ၁၉၉၈ ခုနှစ်က လုပ်ဆောင်ခဲ့သော လေ့လာမှုတစ်ခုတွင် ကိုလက်စထရော အားလုံးပမာဏနှင့် ဆိုးသောကိုလက်စထရောပမာဏ ပုံမှန်ရှိသောလူများတွင် စတက်တင်ဆေးကို ကျွေးပြီး စမ်းသပ်ခဲ့တယ်။ အာနိသင်မဲ့ (Placebo) ဆေးသောက်သုံးနေသူများထက် စတင်သောက်သုံးနေသူများက နှလုံးထဖောက်ခြင်း ၃၇ ရာခိုင်နှုန်း လျော့နည်းသည်ကိုတွေ့ရသည်။

ငါးနှစ်ကြာ နှလုံးကာကွယ်ရေးလေ့လာချက် စာတမ်း တစ်စောင် ၂၀၀၂ ခုနှစ်တွင် ထွက်ပေါ်လာသည်။ ထိုအဖြေသည် အထက်တွင်ပြဆိုခဲ့သော အဖြေကို ထောက်ခံနေသည်။ ထိုလေ့လာမှု၏ အနှစ်ချုပ်မှာ စတက်တင်ဖြင့် ဆိုးသော
ကိုလက်စထရော ပုံမှန်ရှိသော်လည်း ထိုပမာဏကို လျော့ချခြင်းဖြင့် နှလုံးထဖောက်ခြင်းကို ထပ်မံလျော့ကျစေခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် ပုံနှိပ်ဖော်ပြခဲ့သော လေ့လာမှု တစ်ခုတွင်မူ နှလုံးရောဂါကြောင့် ဆေးရုံတက်နေရသော ဆိုးသောကိုလက်စထရော မြင့်တက်နေသည့် လူနာ ၄၀၀၀ ကျော်အပေါ် စတက်တင်ဆေးပေးပြီး နှစ်နှစ်ကြာ စောင့်ကြည့်ခဲ့သည်။ အုပ်စုတစ်ခုကို ဆိုးသောကိုလက်စထရော ၁၀၀ မီလီဂရမ် ဒက်စီလီတာအထိ လျှော့ချပြီး အခြားအုပ်စုတွင်မူ ၇၀မီလီဂရမ်/ဒက်စီလီတာအထိ လျှော့ချစေသည်။

သိသာစွာပင်ဆိုးသော ကိုလက်စထရော ၇၀ မီလီဂရမ်အထိ လျှော့ချသူတို့တွင် နှလုံးရောဂါ ထပ်မံဖြစ်ပွားမှု ပိုနည်းသည်ကို တွေ့ရပြီး ၄၀ မှ ၅၀ မီလီဂရမ်အထိကျသော လူနာများတွင် ရောဂါဖြစ်မှု ပို၍နည်းသည်ကိုတွေ့ရသည်။
သို့ရာတွင် အချို့သမားတော်ကြီးများနှင့် သုတေသီများက ကိုလက်စထရောပမာဏကို အလွန်အကျွံ ကျစေခြင်းသည် အန္တရာယ်ရှိသည်ဟု ယုံကြည်နေကြသည်။ ကျွန်ုပ်၏ ယုံကြည်ချက် ပြောရလျှင်မူ ကိုလက်စထရောပမာဏ မြင့်ခြင်းသာ အန္တရာယ်ကြီးပြီး ကိုလက်စထရောပမာဏ နိမ့်ခြင်းသည် အန္တရာယ်မဟုတ်ပေ။ အကြောင်းမှာ စက်မှုဖွံ့ဖြိုးသည့် နိုင်ငံသားများ၏ ပုံမှန်ကိုလက်စထရော ပမာဏမှာ ၂၀၀ မီလီဂရမ်/ဒက်စီလီတာဖြစ်သည်။ ထို့ကြောင့် စတက်တင်ဆေးများကိုပေးပြီး ကိုလက်စထရောပို၍ ကျအောင်လုပ်ခြင်းမှာ သဘာဝအခြေအနေ
ရောက်အောင်ပြုလုပ်ခြင်းပင် မဟုတ်ပါလား။

Credit : ဒေါက်တာ ခွန်စိုးမိုး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18