Print

ကလေးတွေသာမက လူကြီးတွေ လေယာဉ်အတက်အဆင်းမှာ နားအူရင်ဘာလုပ်ရမလဲ

  19-May-2019
Preview Image

လေယာဉ်အတက်အဆင်းမှာ လေဖိအား ရုတ်တရက်ပြောင်းသွားတာကြောင့် နားစည်အမြှေးပါးရဲ့ အတွင်းပိုင်းပိုကျတဲ့နေရာမှာပါ လေဖိအားလိုက်ပြောင်းတဲ့အတွက် အချို့လူတွေမှာ နားအူတတ်ပါတယ်... ကလေးတွေမှာ ပိုဖြစ်တာက သူတို့လေးတွေရဲ့ နားလမ်းကြောင်း  (Eustachian tube) လေးတွေက ပိုကျဉ်းတဲ့အတွက်နဲ့ နားဖာချေးစတာတွေနဲ့ ပိတ်ဆို့နေ
တတ်တဲ့အတွက် ပိုနာပါတယ်။ ကလေးတွေအတွက် ဒီအတွေ့အကြုံက ထူးဆန်းပြီး ကြောက်စရာကောင်းနေတတ်ပါတယ်။ နာဖူးတဲ့သူဆို သိမှာပါ။ အဲဒီအနာကို သက်သာစေဖို့ နည်းအမျိုးမျိုးစမ်းကြည့် သုံးကြည့်ကြပါတယ်။

ကလေးတွေကို လေယာဉ်အတက်အဆင်း နာတော့မယ်ထင်လောက်တဲ့အချိန်မှာ မိခင်နို့ သို့မဟုတ် နို့ဗူးတိုက်ပါ။ ချိုလိမ်စို့တတ်တဲ့ကလေးဆိုရင် ချိုလိမ်ပေးထားပါ။ နည်းနည်းကြီးတဲ့ ကလေးတွေကို သကြားချောင်း၊ သကြားလုံးစတာတွေ စုပ်ခိုင်းလို့ရပါတယ်။ အဓိကက တစ်ခုခုကို ဝါးနေ၊ စုပ်စားနေရင် လေဖိအားပြောင်းတာကို ဆန့်ကျင်ပေးရာ ရောက်တဲ့အတွက် သက်သာတယ်။ ကလေးကို သန်းအောင်လုပ်နိုင်ရင် လုပ်ပေးပါ။ သန်းတာက ကူးစက်လွယ်တယ်။ ကလေးကို သန်းပြရင် သူပါလိုက်သန်းတတ်တယ်။ တချို့ကျတော့လည်း ဘယ်လိုမှမသက်သာအောင်ဆိုးတဲ့
သူတွေရှိတယ်။ အဲဒါဆို အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလေးပေးပါမယ်။

ပလစ်စတစ် သောက်ရေခွက် ၃ ခွက် လေယာဉ်မယ်ဆီကတောင်းပါ။ ရေနွေးဆူဆူတောင်းပါ။ အပူလောင်တတ်တာကို သတိထားပါ။ Paper towel လက်သုတ်စက္ကူ ၂ ခုတောင်းပါ။ ရေနွေးဆူဆူကို ခွက်ထဲထည့်ပြီး လက်သုတ်စက္ကူကို ထည့်စိမ်လိုက်ပါ။ ပြီးရင် ရေညှစ်ချလိုက်ပါ။ ဒါဆိုရေနွေးငွေ့တွေထွက်နေတဲ့ စက္ကူနှစ်ခု ရပြီပေါ့။ အဲဒီစက္ကူပူပူကို ပလစ်စတစ်ခွက် တစ်ခုစီထဲထည့်ပြီး ကလေးရဲ့ နားနှစ်ဘက်ပေါ်ကို လုံအောင်အုပ်ပေးထားလိုက်ပါ။ ခွက်ထဲမှာ ရေနွေးငွေ့က ဖြစ်စေတဲ့ လေဖိအားက နားထဲက လေဖိအားကို တန်ပြန်ဆွဲယူပေးတဲ့အတွက် နားအူတာ ပျောက်သွားပါလိမ့်မယ်။ စာနဲ့ရေးထားတော့ နည်းနည်းရှုပ်နေသလိုဖြစ်ပေမယ့် လုပ်နေကျဖြစ်သွားရင် မြန်သွားပါလိမ့်မယ်။

ကလေးတွေ ဘယ်အရွယ်ကစပြီး လေယာဉ်စီးလို့ ရသလဲဆိုတော့ အသက်က အဲဒီလောက်အရေးမပါပါဘူး။  ဒါပေမယ့် မလိုအပ်ရင် မွေးပြီးပြီးချင်း တစ်ပတ်လောက်တော့ ရှောင်စေချင်ပါတယ်။ အဓိကအချက်က သိပ်ငယ်လွန်းရင် သူတို့ရဲ့ ကိုယ်ခံအားမကောင်းသေးတော့ လေယာဉ်ခရီးက သူတို့အတွက် ကျန်းမာရေးဆိုင်ရာမှာ ကူးစက်ရောဂါတွေ ကူးစက်တတ်ပြီး ထိခိုက်နိုင်ပါတယ်။ လမစေ့ဘဲ မွေးတဲ့ကလေးလေးတွေအတွက်ကျတော့ လေဖိအားအပြောင်းအလဲကြောင့် အောက်ဆီဂျင်ရှူရာမှာ ခက်ခဲတတ်ပါတယ်။ အသက်ရှူလမ်းကြောင်းရာဂါရှိတဲ့ ကလေးတွေအတွက် တစ်နှစ်ကျော်မှ သွားသင့်ပါတယ်။ ၂ နှစ်အောက်ကလေးတွေကို လေယာဉ်ပေါ်မှာ ငြိမ်အောင်ဆိုပြီး ဘာမီတွန်၊ ဘန်နဒရိုင်းစတဲ့ဆေးတွေ မတိုက်သင့်ပါ.။ ၄ နှစ်အောက်အထိ လုံးဝမတိုက်ရင် အကောင်းဆုံးပါ။  အဲဒီဆေးတွေက အသက်ရှူတာကို တဖြည်းဖြည်း နှေးသွားစေပြီး နောက်ဆုံးဆေးလွန်ရင် အသက်ရှူရပ်သွားတတ်ပါတယ်။

Credit : Wellness Mommy

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18