Print

သံသယ စိတ်ရောဂါ

  29-Mar-2019
Preview Image

ဒီလူးရှင်း (Delusion) ခေါ် မှားမှားယွင်းယွင်း ယုံကြည်နေသောစိတ်သည် အရေးကြီးသော စိတ်ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ ဒီလူးရှင်းကိုစိတ်ဖောက်ပြန်ရောဂါများ (Psychoses) တွင် တွေ့ရသည်။ ဒီလူးရှင်းသည် တွေးတောသည့် အကြောင်းအရာ (Thought Content) ပေါ် မူတည်၍ ပုံစံအမျိုးမျိုးရှိသည်။ဥပမာ - မိမိကိုယ်ကို သူများထက်ပိုပြီး တော်သည်၊ တတ်သည်၊ ဘာမဆိုစွမ်းဆောင်နိုင် သည်ဟုတွေးတောနေလျှင် ဘဝင်မြင့် ဒီလူးရှင်း (Grandiose Delusion) ဟု ခေါ်သည်။ မိမိ ဇနီးမယားက မိမိအပေါ်သစ္စမဲ့ကာ တခြားယောကျ်ားနှင့် ဖောက်ပြန်နေသည်ဟု တွေးတောနေသော် သစ္စမဲ့ ဒီလူးရှင်း (Delusion of Infidelity) ဟုခေါ်သည်။ ဤသို့ အကြောင်းအရာ အမျိုးမျိုးအလိုက် ဒီလူးရှင်းပုံစံ အမျိုးမျိုးရှိပေရာ ယခုတင်ပြလိုသည့် အကြောင်းအရာမှာ သံသယစိတ်၊ တနည်းဆိုသော် တစ်ပါးသူအပေါ် မယုံသင်္ကာဖြစ်သည့် စိတ်ကြောင့်ဖြစ်သော သံသယ ဒီလူးရှင်း (Delusion of Persecution) သို့မဟုတ် (Paranoid Delusion) အကြောင်း ဖြစ်ပေသည်။ ဤရောဂါကို သံသယစိတ်ရောဂါ (Delusional Disorder persecutory Type) ဟု ခေါ်ပါသည်။

ပြဿနာများ

ဤရောဂါ၏ ပြဿနာများတွင် ရောဂါလက္ခဏာကို စောစောစီးစီး ပေါ်ပေါ်ထင်ထင်သိရန် ခက်ခြင်းက စပါသည်။ အနီးစပ်ဆုံး အတူနေသူများအနေဖြင့် သတိထား အကဲခတ်ကြည်လျှင်မူ လူနာ၏ မျက်လုံး၊ မျက်နှာပေး အမူအရာနှင့် လှုပ်ရှားသွားလာပုံများသည် တစ်ခုခု အလိုမကျသည့် မကျေနပ်သည့်ပုံမျိုးကို အကြောင်းမရှိဘဲမကြာခဏ တွေ့ရတတ်ပါသည်။ လူနာသည် သူတစ်ပါးအပေါ် အကြောင်းမဲ့ ရန်လိုခြင်းကဲ့သို့သော သိသာသည့် ပြောင်းလဲမှုများ ပေါ်ပေါက်လာသည့်တိုင် သူဘာမှ မဖြစ်ဘူး၊ ကောင်းတယ်ဟု ငြင်းဆိုနေတတ်သည်။ ဆေးကုမခံသောအခါ အထက်တွင် ဖော်ပြခဲ့သည့် လူနာ
ဥပမာများကဲ့သို့ လူမူရေးပြဿနာများ နောက်ဆက်တွဲ ပေါ်ပေါက်တတ်ပါသည်။ လူမူဆက်ဆံရေး၊ ပျက်ပြားခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်း၊ တရားတပေါင် ရင်ဆိုင်ရခြင်း၊ မိသားစု စိတ်မချမ်းမသာဖြစ်ရခြင်းနှင့် အချိန်ကုန် ငွေကုန်ဖြစ်ရခြင်း စသည့်
ပြဿနာမျိုးစုံကို ကြုံတွေ့ကြရပါသည်။

နည်းမျိုးစုံဖြင့်ကု

ဤရောဂါသည် ရောဂါဖြစ်စေအချိန်၌ စနစ်တကျ ထိထိမိမိကုသလျှင် ပကတိပျောက်ကင်းနိုင်သော ရောဂါဖြစ်ပါသည်။ စိတ်ဖောက်ပြန်ကုသဆေးများ (Anti-Psychotics) ကို တိုက်ကျွေးခြင်း၊ လိုအပ်လျှင် ဆေးထိုးခြင်းနှင့် ဓာတ်နှိပ်ကုသခြင်းတို့ကို အသုံးပြုနိုင်ပါသည်။

ဆက်လက်စောင့်ရှောက်ရန်

ဤရောဂါသည် ဆေးပတ်လည်အောင် လအနည်းငယ် တစ်ဆက်တည်း ကုသပေးခြင်းအားဖြင့် ဒလူးရှင်းလက္ခဏာ လုံးဝပျောက်သွားတတ်ပါသည်။ သို့ရာတွင်ရောဂါပြန်မဖြစ်အောင် ဆက်လက်စောင့်ရှောက်ရန် လိုပါသည်။ ကောင်းပြီဆိုပြီး ဆရာဝန် ရက်ချိန်းမပြဖြစ်ဘဲ ဆေး ဆက်လက်မသောက်သဖြင့် ရောဂါပြန်ဖြစ်ခဲ့သော် ဝမ်းနည်းစရာ ဖြစ်တတ်ပါသည်။ အခြားစိတ်ရောဂါများနည်းတူ ဤရောဂါသည် အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ကိုယ်ရော စိတ်ပါ ဆင်းရဲပင်ပန်းခြင်း၊ ဆိုးရွားသော လောကဓံများနှင့် တွေ့ကြုံရခြင်း စသည့် အကြောင်းအမျိုးမျိုး ဖြစ်ခဲ့သော် ပြန်ဖြစ်တတ်ပါသေးသည်။သို့ဖြစ်၍ လူနာနှင့် လူနာအိမ်ရှင်များသည် ဆောင်သင့်သည်များကို ဆောင်၍ ရှောင်သင့်သည်များကို ရှောင်ရန်လိုအပ်ပါသည်။ သို့ဆိုလျှင် ဤစိတ်ရောဂွဘေးမှ ကင်းဝေးနိုင်ကြမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရသည်။

Credit : ဒေါက်တာဟန်စိန်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18