Print

ဆစ်ဖလစ် ကာလသားရောဂါ

  26-Mar-2019
Preview Image

ဆစ်ဖလစ်ရောဂါဟာ Treponema pallidum ဘက်တီးရီးယားပိုး တစ်မျိုးကြောင့် ဖြစ်ရတယ်။ ကာလသားရောဂါလို့လည်း ခေါ်ပါတယ်။ယောကျာ်းမိန်းမအရွယ်မရွေးဖြစ်နိုငိတယ်။ အဓိကအားဖြင့် လိင်လမ်းကတဆင့် ကူးစက်စေတယ်။ ကူးစက်ခံရသူဟာ ကူးစက်ခံရပြီး လက္ခဏာတွေပေါ်မှ သိပါတယ်။ လက္ခဏာအများစုဟာ ကူးစက်ခံရပြီး တလအတွင်း စတင်ပေါ်ပေါက်လာတယ်။ ရောဂါပိုးရှိတဲ့ အနာနဲ့ တိုက်ရိုက်ထိတွေ့တဲ့ဆက်ဆံအခါ ရောဂါကူးစက်ခံရတယ်။ မွေးရာပါ ဆစ်ဖလစ်ဆိုတာ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကို ကူးစက်စေတာမျိုးကို ခေါ်ပါတယ်။ မွေးလာတဲ့ကလေးမှာ ချို့ယွင်းချက်တွေပါလာတယ်။ 

ဆစ်ဖလစ်ရှိတဲ့မိခင်က မွေးလာတဲ့ကလေးဟာ ကိုယ်အင်္ဂါချို့ယွင်းတာရှိနိုင်သလို ကလေးအသေမွေးတာလဲဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တိုင်း ရောဂါစစ်ဆေးဖို့လိုသလို ရောဂါပိုးရှိတဲ့အမျိုးသမီးဟာ သေချာကုသပြီးမှ ကလေးယူသင့်ပါတယ်။ ရောဂါပိုးရှိတဲ့ကလေးငယ်ဟာ အချိန်မှီမကုသနိုင်ရင် အသက်သေဆုံးတဲ့ထိ ဖြစိနိုင်ပါတယ်။ 

ကမ္ဘာမှာ ဆစ်ဖလစ်ဖြစ်သူပေါင်း (၁၅) သန်းကျော်ရှိပါတယ်။ ဒီထဲက(၉၀)ရာခိုင်နှုန်းကျော်က ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖြစ်သတဲ့။ တစ်ခါတစ်ရံ HIVလို ခုခံအားကျဆင်းတဲ့ရောဂါနဲ့ တွဲဖြစ်တတ်တယ်။ ဆစ်ဖလစ်ရှိတဲ့လူနာတယောက်တွေ့ရင် သေချာအောင်လို ရောဂါမျိုးပါတစ်ခါတည်းစစ်ရတယ်။ တစ်ခါက ဆရာဝန်ကြီးတစ်ယောက်က ဆစ်ဖလစ်ရှိတဲ့လူနာကို မင်း အေကိုက်နေပြီထင်တယ်လို့ စနောက်ပြီးပြောသတဲ့။ ဆရာကတော့ ပျော်ပျော်နေတတ်သူမို့ စနောက်ပြီး ပြောပေမယ့် အဲဒီလူနာခမျာ သုံးညလောက် အိပ်မပျော်ဘဲ ဖြစ်သွားဖူးတယ်။ 

ဆစ်ဖလစ်ရောဂါရဲ့ သမိုင်းကြောင်းက မသေးပါ။ ၁၅ ရာစုတုန်းက ဥရောပမှာ ဒီရောဂါအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေကြေပျက်ဆီးခဲ့ဖူးတယ်။ ဒါပေမယ့် ၁၉၄၀ နောက်ပိုင်း ပင်နယ်စလင်ပေါ်ပြီးကတည်းက ဖြစ်ပွားနှုန်း တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ဖြစ်ပွားမှုအနည်းဆုံးထိ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၅ နောက်ပိုင်းမှာ ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာပြီး ၂၀၁၃ အရောက်မှာ လေ့လာမှုစာရင်းဇယားတွေအရ ဖြစ်ပွားမှု နှစ်ဆနီးပါးထိ တက်လာသတဲ့။ ပြဿနာကို အဖြေရှာကြည့်တော့ လူဦးရေမြင့်မားလာမှု၊ စာရိတ္တချို့ယွင်းလာမှု၊ အတူနေဖော်တွေ များလာတာကြောင့် ဖြစ်တယ်လို့ အဖြေထွက်တယ်။ နောက်တစ်ချက်က စီးပွားရေးအခြေအနေအရ လိင်လုပ်သားများလာတာလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ 

ဆစ်ဖလစ်ကို လေ့လာကြည့်ရင် အဆင့်သုံးဆင့်ရှိတယ်။ 


(၁) primary syphilis
ပိုးဝင်ပြီးစ တစ်လအတွင်း chancre အနာဖြစ်ပါတယ်။ ဖြစ်တဲ့အနာဟာ နာကျင်မှုမရှိ၊ယားယံမှုမရှိတတ်ဘူး။ တစ်ခု (သို့) နှစ်ခုဖြစ်နိုင်တယ်။ ပြည်ထွက်၊ ပြည်ယိုတာ မရှိဘူး။ ဖြစ်စက အဖုလေးတွေကနေ အနာထိ ဖြစ်လာတယ်။ ရောဂါပိုးစတင်ဝင်ရောက် ကူးစက်ခံရတဲ့နေရာ (လိင်အင်္ဂါ၊ ပါးစပ်) တွေမှာ ဖြစ်လေ့ရှိတယ်။ ဖြစ်တဲ့နေရာတဝိုက်မှာ တက်စေ့တွေ ရောင်လာ၊ကြီးလာတယ်။ ဒီလိုအနာမျိုးဟာ ဖြစ်ပြီး ၁ လခွဲအတွင်း ပြန်ပျောက်သွားတယ်။

(၂) secondary syphilis
ဒုတိယအဆင့်ဟာ ရောဂါပိုးဝင်ရောက်ပြီး တစ်လခွဲမှ ၆ လအတွင်း ဖြစ်ပွားတယ်။ လက်ဖဝါး၊ခြေဖဝါးနဲ့ ခန္ဓာကိုယ်အထက်ပိုင်း စတဲ့နေရာတွေမှာ အနီစက်၊ အမဲကွက်အနာတွေ ဖြစ်ပါတယ်။ အနာရဲ့ ဘေးပတ်လည်က ပန်းရောင် ရဲနေတတ်တယ်။ ဒီအဆင့်မှာ အဖျားတက်တာ၊ တက်စေ့ရောင်တာ၊ ပါးစပ်အနာပေါက်တာတွေ တွဲရှိတတ်တယ်။ တချို့က ကိုယ်အလေးချိန် ကျဆင်းလာတယ်။ ဒီအဆင့်ကလည်း မကုပဲထားရင် သူ့ဘာသာ ပြန်ပျောက်နိုင်တယ်။ ဒါပေမယ့် ရောဂါကတော့ တတိယအဆင့် (နောက်ဆုံးအဆင့်)က ို ရောက်လာပါတယ်။ 

(၃) tertiary syphilis
ရှေ့အဆင့်တွေမှာ မကုပဲထားရင် နောက်ဆုံးအဆင့်ကို ရောက်လာပါတယ်။ တချို့က ၅-၁၅ နှစ်လောက်ကြာတတ်တယ်။ ဒီနောက်ဆုံးအဆင့်ရောက်ရင် အပေါ်ယံလွှာ အရေပြားနာ မဟုတ်တော့ဘဲ ခန္ဓာကိုယ်တွင်းအင်္ဂါတွေကို စတင်ထိခိုက်လာပါတယ်။ နှလုံး၊ ဦးနှောက်နဲ့ အာရုံကြောတွေကို စတင်ထိခိုက်လာတယ်။ အဆစ်ရောင်တာ၊ ဦးနှောက်အမြှေးရောင်တာ၊ အကြောသေတာ၊ မျက်စိမမြင်တာ၊ နားမကြားတာ၊ ပန်းသေပန်းညှိုးရုံမက ပိုးကတကိုယ်လုံးပျံ့ရင် သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။ 

တချို့က ဒုတိယအဆင့်အပြီး တတိယအဆင့်မရောက်ခင် တနှစ်အတွင်း latent syphilis ဆိုတာ မြုံနေတဲ့အဆင့်လည်း ထည့်သွင်းသတ်မှတ်ထားတယ်။ ဒီအဆင့်မှာ ရောဂါပိုးရှိပေမယ့် ဘာလက္ခဏာမပြဘဲ ရှိနေတတ်တယ်။ ဒါ့ကြောင့် လူနာအများစုက သတိမထားမိတတ်ကြဘူး။ 

ဆစ်ဖလစ်က တခြားရောဂါတွေနဲ့ ဆင်တူတတ်တယ်။ တချို့က ဂနို (gonorrhoea) နဲ့ ကာလသား (syphilis)က ို မကွဲဖူးဖြစ်နေတယ်။ ဂနိုဆိုတာ ဆီးပူညောင်းကျရောဂါဖြစ်ပါတယ်။ လိင်လမ်းကနေ ပြည်လိုလို အရည်မျိုးထွက်တာ ဂနိုပါ။ ဆစ်ဖလစ်ကတော့ လိင်အင်္ဂါအနာဖြစ်တာ။ နှစ်မျိုးလုံးကတော့ လိင်လမ်းကြောင်းက ကူးစက်တဲ့ရောဂါတွေချည်းပဲ။ ဆစ်ဖလစ် ရောဂါပိုးရှိ၊မရှိကို သွေးစစ်ပြီး သိနိုင်တယ်။ သွေးစစ်တဲ့အခါ dark field microscope ကို သုံးပြီး စစ်ဆေးရတယ်။

ဆစ်ဖလစ်ရောဂါဟာ သေချာကုသနိုင်ရင် ပျောက်ကင်းပါတယ်။ အချိန်မှီကုသဖို့တော့ လိုပါတယ်။ လိင်အင်္ဂါမှာ အနာရောဂါတွေ့တဲ့အခါ အချိန်မဆိုင်းပဲ ကုသနိုင်မှ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာဖြစ်တယ်။ ဆစ်ဖလစ်ရောဂါကုသတဲ့အခါ ရောဂါပိုးဝင်ပြီး တစ်နှစ်အတွင်း ကုသသင့်ပါတယ်။ အရင်ခေတ်ကတည်းက ပေါ်ခဲ့တဲ့ပင်နယ်စလင် ထိုးဆေးတွေက ဒီရောဂါမှာ အလွန်အသုံးဝင်တယ်။ ရောဂါဖြစ်စမှာ benzathine pencillin 2.4 million units ကို အသားဆေး တစ်ကြိမ်ထိုးရုံနဲ့ ပျောက်ကင်းစေတယ်။ ပြန်ဖြစ်သူတွေမှာ ပင်နယ်စလင် တစ်ပတ်တစ်ကြိမ် အသားဆေး သုံးပတ်ထိုးပေးရတယ်။ ကလေးတွေမှာ ကိုယ်အလေးချိန်နဲ့တွက်ပြီး 50000 units/kg ထိုးရတယ်။ ပင်နယ်စလင်မတဲ့သူတွေမှာ tetracycline, doxycycline, azithromycin ဆေးတွေက အသုံးဝင်တယ်။ ပိုဆိုးသူတွေမှာ ceftriazone ထိုးဆေးကို ထိုးပေးဖို့လိုပါတယ်။ rifampicin, clindamycin စတဲ့ဆေးတွေကလည်း အကျိုးရှိတယ်။ ဆေးတွေအားလုံး ဆရာဝန်ညွှန်ကြားချက်နဲ့အတိုင်း လိုက်နာကုသသင့်တယ်။

ရောဂါပိုးရှိနေသူဟာ တခြားသူနဲ့အတူနေတာ ရှောင်သင့်တယ်။ ဖြစ်နိုင်ရင် အတူနေဖော်ကိုပါစစ်ဆေးပြိး တစ်ခါတည်း ကုသသင့်တယ်။ ဆေးကုသနေစဉ် အတူနေတာရှောင်ပါ။ မရှောင်နိုင်ရင် ကွန်ဒုံး (condom) ကို သုံးပါ။ ကွန်ဒုံးက ဒီနေရာမှာ အလွန်အသုံးဝင်တယ်။ ရောဂါကူးစက်စေတဲ့ တိုက်ရိုက်ထိတွေ့မှုမှန်သမျှကို barrier အနေနဲ့ တားဆီးပေးတယ်။ ကွန်ဒုံးရဲ့ အဓိကတာဝန်က ကိုယ်ဝန်မရှိအောင် တားဆီးဖိုနဲ့ လိင်လမ်းကတဆင့် ရောဂါကူးစက်မှုကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ နောက်ပိုင်း သုတ်ရည် (semen) စုဆောင်းဖို့လည်း အသုံးပြုလာတယ်။ ကွန်ဒုံးဆိုရင် အများစုမြင်လိုက်တာက အဖော်ဖြစ်ပါတယ်။ ကွန်ဒုံးတွေကို latex, polyurethane, polyisoprene စတာတွေနဲ့ ပြုလုပ်ထားတယ်။ အမျိုးသမီးကွန်ဒုံးဆိုတာလည်း ရှိပါသေးတယ်။ လူသိတော့ နည်းတယ်။ တပ်ရဖြုတ်ရတာ အမျိုးသားကွန်ဒုံးထက် ပိုအလုပ်ရှုပ်တယ်။ အမျိုးသမီးကွန်ဒုံးအများစုကို polyurethane နဲ့လုပ်ပြီး နောက်ပိုင်းမှာ nitrile ကနေထုတ်လာကြတယ်။ တကယ်တော့ ကွန်ဒုံးတွေကို အသုံးပြုလာတာ နှစ်ပေါင်း (၄၀၀) မကတော့ပါ။ ပထမဆုံးကွန်ဒုံးကို အင်္ဂလန်နိုင်ငံ west midlands မှာ ရှိတဲ့ Dudley ရဲတိုက်ကနေ တူးဖော်ရရှိခဲ့တယ်။ ပေါ်ကာစက ဘာသာရေးရှုထောင့်က ပြစ်တင်ဝေဖန်မှုတွေရှိခဲ့ပေမယ့် ၁၉ ရာစုကတည်းက အခုချိန်ထိ အတွင်ကျယ်ဆုံးသုံးတဲ့ ကိုယ်ဝန်တားနည်း ဖြစ်လာခဲ့တယ်။ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေ မဖြစ်ပွားအောင် ကွန်ဒုံးအဖော်အစွပ် ဆောင်ထားဖို့ သတိပေးပါရစေ။

Ref:ဒေါက်တာ အေးမင်းထူး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18