Print

Acanthosis nigricans (အရေပြားမဲရောဂါ)

  26-Feb-2019
Preview Image

အကျဉ်းရှင်းလင်းချက်

Acanthosis nigricans ဆိုသည်မှာ အရေပြားပြဿနာတစ်ခုဖြစ်ပြီး အရေပြားတွန့်ရာ ခေါက်ရာနေရာများတွင် ကတ္တီပါကဲ့သို့ မဲတူးနေသောနေရာများအဖြစ် တွေ့ရတတ်သည်။ မဲနေသောနေရာသည် ထူလာတတ်သည်။ အများအားဖြင့် ချိုင်းကြား၊ ပေါင်ခြံကြားနှင့် ဂုတ်တွင် တွေ့ရတတ်သည်။ ရှားရှားပါးပါးအနေဖြင့် ကိုယ်တွင်းအင်္ဂါကင်ဆာများဖြစ်သော အစာအိမ်နှင့် အသည်းကင်ဆာများ၏အချက်ပြလက္ခဏာအနေဖြင့်လည်း တွေ့ရတတ်သည်။

လက္ခဏာများ

          အရေပြားပြောင်းလဲမှုတစ်ခုတည်းကသာ Acanthosis nigricans ၏ရောဂါလက္ခဏာဖြစ်သည်။ ခန္ဓာကိုယ်၏တွန့်ရာ၊ ခေါက်ရာနေရာများ ပုံမှန်အားဖြင့် ချိုင်း၊ ပေါင်ခြံနှင့် လည်ပင်းနောက်ဘက် ဂုတ်နေရာများတွင် မဲမဲ၊ထူထူ၊ ကတ္တီပါအရေပြားအဖြစ် သတိထားမိနိုင်သည်။ ဤအရေပြားပြောင်းလဲမှုများက တစ်ဖြည်းဖြည်းဖြစ်လာလေ့ရှိသည်။ ဖြစ်သည့်နေရာတွင် အနံ့နံခြင်း သို့မဟုတ် ယားယံခြင်းရှိတတ်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

Acanthosis nigricans သည် အောက်ပါအခြေအနေများနှင့် ဆက်စပ်မှုရှိသည်။

၁။ အင်ဆူလင် ခုခံအား

          Acanthosis nigricans ရောဂါရှိသူများသည် အင်ဆူလင်ဟောမုန်းအပေါ် ခုခံလာသည်။ အင်ဆူလင်ဟော်မုန်းသည် မုန့်ချိုအိတ်မှ ထုတ်လွှတ်သော ဟော်မုန်းဖြစ်ပြီး သကြားဓါတ်ကို ဖြိုခွဲပေးသည်။ အင်ဆူလင်အပေါ်ခုခံလာခြင်းသည် နောက်ဆုံးတွင် အမျိုးအစား ၂ ဆီးချိုရောဂါကို ဖြစ်စေနိုင်သည်။

၂။ ဟော်မုန်းပြဿနာများ

Acanthosis nigricans သည် ဟော်မုန်းပြဿနာများဖြစ်သော သားဥအိမ်ရေအိတ်တည်ခြင်း၊ သိုင်းရွိုက်ရောဂါနှင့် အဒရီနယ်ဂလင်း ပြဿနာရှိသောသူများတွင် ဖြစ်ပွားလေ့ရှိသည်။

၃။ တစ်ချို့သော ဆေးဝါးများနှင့် ဖြည့်စွက်ဆေးဝါးများ

          နိုင်ယာစင် Niacin ဆေးဝါးပမာဏအများအပြား၊ ကိုယ်ဝန်တား သောက်ဆေး၊ စတီးရွိုက်ဆေးဝါးများက Acanthosis nigricans ကိုဖြစ်စေနိုင်သည်။

၄။ ကင်ဆာ

          ကိုယ်တွင်းအင်္ဂါကင်ဆာများဖြစ်သော အစာအိမ်၊ အူမကြီးနှင့် အသည်း၊ ပြန်ရည်ကြောအကြိတ်ကင်ဆာ Lymphoma တို့တွင်လည်း Acanthosis nigricans ကိုတွေ့ရတတ်သည်။

ဖြစ်နိုင်ချေများသူများ

၁။ အဝလွန်သူများ

၂။ လူမျိုးမျိုးရိုး

၃။ မိသားစုမျိုးရိုးရှိသူများတွင် ဖြစ်နိုင်ချေများသည်။

 

နောက်ဆက်တွဲပြဿနာများ

Acanthosis nigricans ရောဂါရှိသူများသည် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ချေ ပို၍များသည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

        သင့်အရေပြားတွင် ပြောင်းလဲမှုများဖြစ်လာလျှင်၊ အထူးသဖြင့် ရုတ်တရက်မြန်မြန် ပြောင်းလဲမှုဖြစ်လာလျှင် ဆရာဝန်နှင့် သွားရောက်ပြသသင့်သည်။ နောက်ခံအကြောင်းရင်းသည် ကုသမှုလိုအပ်သော ရောဂါများ ဖြစ်နေနိုင်သည်။

စစ်ဆေးမှုများ

          အရေပြားစမ်းသပ်ချက်ဖြင့် Acanthosis nigricans ကို သိရှိနိုင်သည်။ ရှားပါးသောအခြေအနေများတွင် သေးငယ်သောအရေပြားနမူနာယူကာ ဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးနိုင်သည်။ ဖြစ်ရသော အကြောင်းအရင်း မရှင်းလင်းပါက သွေးစစ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းနှင့် တစ်ခြားစစ်ဆေးမှုများပြုလုပ်ပြီး ဖြစ်နိုင်သော နောက်ခံအကြောင်းရင်းကို ရှာဖွေနိုင်သည်။

 

ကုသခြင်း

          ဖြစ်ရပ်အများစုတွင် နောက်ခံအကြောင်းရင်းကို ကုသခြင်းသည် အရေပြားအရောင်ပြောင်းလဲခြင်းကို မှေးမှိန်သွားစေနိုင်သည်။

ဥပမာ

၁။ ကိုယ်အလေးချိန်လျှော့ချခြင်း 

၂။ ရောဂါဖြစ်စေနိုင်သော ဆေးဝါးများသုံးစွဲခြင်းကို ရပ်တန့်ခြင်း

၃။ ကင်ဆာကြောင့်ဖြစ်ပါက ကင်ဆာကို ခွဲစိတ်ကုသခြင်းဖြင့် အရေပြားအရောင်ပြောင်းလဲခြင်းကို ပျောက်ကင်းစေနိုင်ပါသည်။

သင့်အနေနဲ့ အရေပြားသွင်ပြင် သို့မဟုတ် ရောဂါနှင့်ပတ်သက်၍ အဆင်မပြေဖြစ်ပါက၊ အနံ့နံလာပါက ဆရာဝန်မှ

၁။ မဲနေသောနေရာကို ဖျော့စေရန်၊ ပျော့ပြောင်းစေရန် လိမ်းဆေးများ

၂။ ပိုးသတ်ဆေးပါသော ဆပ်ပြာများ

၃။ ပဋိဇီဝလိမ်းဆေးများ

၄။ ဝက်ခြံသောက်ဆေးဝါးများ

၅။ လေဆာဖြင့် အရေပြားထူခြင်းကို ကုသနည်းများဖြင့် ကုသပေးနိုင်ပါသည်။

ကာကွယ်ခြင်း

ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချ၊ ထိန်းသိမ်းခြင်းဖြင့် ရောဂါမဖြစ်အောင် ကာကွယ်နိုင်သည်။ အစားအသောက်ပြောင်းလဲခြင်း၊ ရောဂါဖြစ်စေသော ဆေးဝါးများအား ထိန်းသိမ်းသုံးစွဲခြင်း၊ ရှောင်ကြဉ်ခြင်းကလည်း အရေးကြီးသည်။

Dr. Kaung

Ref: mayoclinic.or

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18