Print

Zika Virus (ဇီကာ ဗိုင်းရပ်စ်)

  22-Feb-2019
Preview Image

Zika ဗိုင်းရပ်စ်သည် သွေးလွန်တုပ်ကွေး၊ Chikungunya နှင့် Yellow Fever တို့သကဲ့သို့ပင် ခြင်မှတဆင့် ရောဂါကူးစက်ခြင်း ဖြစ်ပြီး Aedes (အေးဒီးစ်) ခြင်မှ တဆင့် ရောဂါကူးစက်သည်။

ဇီကာဗိုင်းရပ်စ်ကို ၁၉၄၇ ခုနှစ် Uganda နိုင်ငံတွင် Rhesus မျောက်များ၌ စတင်တွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် အဆိုပါနိုင်ငံရှိ လူများတွင် ရောဂါစတင် တွေ့ရှိခဲ့ရသည်။ ရောဂါ အလျင်အမြန်ပျံ့နှံ့မှုကို အာဖရိက၊ အမေရိက၊ အာရှနှင့် ပစိဖိတ် ဒေသများတွင် တွေ့ရှိခဲ့ရသည်။

ရောဂါပိုးကူးစက်ခြင်း ခံရသောသူ ၅ ဦးတွင် ၁ ဦးမှာ ရောဂါ လက္ခဏာများ ဖြစ်ပေါ် ခံစားရတတ်သည်။

 

ရောဂါ လက္ခဏာများ

အဖြစ်များသော လက္ခဏာများမှာ

- ဖျားခြင်း

- အနီစက်များ ဖြစ်ပေါ်ခြင်း

- အဆစ်များ နာကျင်ခြင်း

- မျက်လုံးနီရဲခြင်း

- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

- ခေါင်းကိုက်ခြင်း စသည်တို့ ဖြစ်ကြသည်။

အများအားဖြင့် လက္ခဏာများမှာ ဆေးရုံတင်ရလောက်အောင် ပြင်းထန်လေ့ မရှိကြဘဲ ရက်အနည်းမှ ရက်သတ္တပတ်ခန့်အထိ ဖြစ်ပေါ်ခံစားရနိုင်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

အဓိက အားဖြင့် ရောဂါရှိသော အေးဒီးစ်ခြင် အကိုက်ခံရခြင်းမှ တဆင့် ပိုးကူးစက်ခံရပြီး ရောဂါ ဖြစ်ပွားသည်။ ဗိုင်းရပ်စ်အမျိုးအစားမှာ Flavivirus အမျိုးအစားဖြစ်သည်။

ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊ ပိုးရှိသူ၏ သွေးသွင်းမိခြင်းမှ တဆင့်လည်း ကူးစက်ကြသည့် လူအနည်းငယ်ရှိသည်ဟု သိရသည်။

 

နောက်ဆက်တွဲ ပြဿနာများ

ကိုယ်ဝန်ဆောင် မိခင်များ ရောဂါဖြစ်ပွားလျှင် ကလေးတွင် microcephaly ခေါ် ဦးခေါင်း သေးငယ်သည့် ပြဿနာ ဖြစ်ပေါ်ရန် ပိုမို အခွင့်အရေးများသည်ဟု ယူဆနိုင်ဖွယ် ရှိသည်။ သို့ရာတွင် တိကျသေချာသော ဆက်စပ်မှုကိုမူ လေ့လာနေကြဆဲပင် ဖြစ်သည်။

 

စစ်ဆေးမှုများ

ဇီကာ ဗိုင်းရပ်စ်ကို PCR (polymerase chain reaction) နည်းဖြင့် စမ်းသပ်စစ်ဆေးနိုင်သည်။

 

ကုသခြင်း

များသောအားဖြင့် ရောဂါ မပြင်းထန်ကြသည့်အတွက် ကုသမှု မလိုအပ်ကြပေ။ ရောဂါ ခံစားရသူများသည်

- ကောင်းစွာ အနားယူခြင်း

- ရေများများသောက်သုံးပေးခြင်း

- ဖျားနာ ကိုက်ခဲခြင်းများအတွက် သာမာန် တုပ်ကွေးအတွက် ဆေးဝါးများ (ဥပမာ- ပါရာစီတမော) သောက်သုံးပေးခြင်း စသည်တို့ဖြင့် ရောဂါသက်သာစေနိုင်သည်။

ရှားရှားပါးပါး ရောဂါ ပြင်းထန်မှု ရှိပါက ဆေးရုံဆေးခန်းတို့တွင် သွားရောက် ကုသရမည် ဖြစ်သည်။

 

ကာကွယ်ခြင်း

လက်ရှိအချိန်ထိ ဇီကာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး မရှိသေးပါ။ အဓိကအားဖြင့် ခြင်ကိုက်ခြင်း မခံရအောင် ကာကွယ်ခြင်းဖြင့် ရောဂါပိုး ကူးစက်ခြင်း မခံရအောင် ကာကွယ်နိုင်ကြသည်။ ခြင်ကိုက်မခံရစေရန်

- နေ့ခင်းဖြစ်စေ၊ ညဖြစ်စေ အိပ်သည့်အခါ ခြင်ထောင်ထောင် အိပ်ခြင်း

- အကျႌလက်ရှည်များ၊ ဘောင်းဘီရှည်များ စသဖြင့် ကိုယ်လက်အင်္ဂါများ လုံခြုံအောင်ဝတ်ဆင်ခြင်း

- ခြင်မကိုက် လိမ်းဆေးများ လိမ်းကျံခြင်း

- ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ကို ခြင်ကိုက်မခံရစေရန် ဂရုပြုပေးခြင်း စသည်တို့ကို ပြုလုပ်သင့်သည်။

 

Ref:    WHO

          CDC

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18