Print

Tetanus (မေးခိုင်ရောဂါ)

  25-Jan-2019
Preview Image


မေးခိုင်ရောဂါဆိုသည်မှာ Clostridium tetani ဟုခေါ်သည့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားနိုင်ပြီး ခန္ဓာကိုယ်၏ အာရုံကြောစနစ်ကို ထိခိုက်ကာ ကြွက်သားများ နာကျင်တောင့်တင်းခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် မေးရိုးနှင့် လည်ပင်းကြွက်သားများ ထိနိုင်သည်။

 

လက္ခဏာများ

ခန္ဓာကိုယ် အတွင်းသို့ ပိုးဝင်ရောက်ပြီး တစ်ပတ်အတွင်းတွင် ရောဂါလက္ခဏာများ ပေါ်နိုင်ပါသည်။ သို့သော် အချို့သူများတွင် ပိုးဝင်ရောက်ပြီး အပတ်ပေါင်းများစွာကြာမှ ပေါ်နိုင်ပါသည်။

- မေးရိုးနှင့်လည်ပင်းကြွက်သားများ တောင့်ခြင်း

- မျိုချရခက်ခြင်း

- ဗိုက်ကြွက်သားများ တောင့်ခြင်း

- ခန္ဓာကိုယ်အနှံ့ ကြွက်သားများ နာကျင်တောင့်တင်းခြင်း၊ အထူးသဖြင့် ဆူညံသံ၊ အလင်းရောင် ထိတွေ့မှုတို့ကြောင့် ခံစားရမှု ပို၍ဆိုးနိုင်ပါသည်။

- ဖျားခြင်း

- ချွေးထွက်ခြင်း

- သွေးပေါင်ချိန်တက်ခြင်း၊ ကျခြင်း၊

- နှလုံးခုန်မြန်လာခြင်း စသည်တို့ကိုလည်း ခံစားရနိုင်ပါသည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ

ဘက်တီးရီးယားရောဂါပိုးသည် မြေကြီး၊ နွားချေး၊ သစ်သား၊ သံစသည်တို့တွင် ရှိနေတတ်သည်။ ထိုအရာများနှင့် ထိခိုက်မိလျှင်၊ သို့မဟုတ် အနာထဲသို့ မသန့်ရှင်းသော ဖုန်မှုန့်များ ဝင်သောအခါ ထိုအနာမှတဆင့် ဘက်တီးရီးယားပိုးမှ ထုတ်သောအဆိပ်ကြောင့် အာရုံကြောစနစ်ကို ထိခိုက်နိုင်သည့်ရောဂါ ဖြစ်သည်။

 

ဖြစ်နိုင်ချေများသူများ

-မေးခိုင်ကာကွယ်ဆေး မထိုးထားသူများ၊ သို့မဟုတ် ကာကွယ်ဆေးထိုးချိန်ပြည့်အောင် မထိုးသူများ။

-အတွင်းထဲထိနက်သော အနာများ။

-အခြား ဘက်တီးရီးယားရောဂါပိုးများ ရှိခြင်း။

-အနာပတ်ဝန်းကျင်တွင် နီရဲရောင်ရမ်းနေခြင်း။

 

နောက်ဆက်တွဲပြဿနာများ

-ကြွက်သားများ အလွန်အမင်း တောင့်တင်းနေသည့်အတွက် အတွင်းရှိ အရိုးများကျိုးခြင်း။

-ရောဂါသက်သာစေရန် သုံးစွဲသောဆေးများ၊ ရောဂါကြောင့် အချိန်ကြာမြင့်စွာ နေရခြင်းကြောင့် ကိုယ်ခန္ဓာ လှုပ်ရှားမှုများ ချောမွေ့စွာ မပြုလုပ်နိုင်တော့ခြင်း။

-အသက်သေဆုံးခြင်းတို့အထိ ဖြစ်နိုင်ပါသည်။

 

စစ်ဆေးမှုများ

ဆရာဝန်မှ ရောဂါနှင့် ပတ်သက်သည့် ရာဇဝင်များ မေးမြန်းခြင်း၊ စမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် သိရှိနိုင်ပါသည်။

 

ကုသခြင်း

ရှေးဦးစွာ အနာကို သန့်ရှင်းအောင် ပြုလုပ်ရမည်။

ဆေးဝါးများအနေဖြင့်  ဘက်တီးရီးယားပိုးသတ်ဆေးများ ပေးခြင်း

မေးခိုင်အဆိပ်ဖြေဆေးပေးခြင်း

မေးခိုင် ကာကွယ်ဆေးထိုးခြင်း

အိပ်ဆေးများ ပေးခြင်းနှင့်

အခြားလိုအပ်သည့် ဆေးဝါးကုသနည်းများကို ပြုလုပ်ရပါမည်။

မေးခိုင်ရောဂါဖြစ်လျှင် ဆိုးရွားပါက အထူးကြပ်မတ်ကုသဆောင်တွင် အရေးပေါ်ကုသရန်အပြင် လိုအပ်ပါက အသက်ရှူစက်ဖြင့် ကုသရန်ပါ လိုအပ်ပါသည်။

 

ကာကွယ်ခြင်း

မေးခိုင်ရောဂါသည် အလွယ်တကူ ကာကွယ်၍ရသော ရောဂါဖြစ်သည်။ ငါးမျိုးစပ်ကာကွယ်ဆေး( Pantavalent vaccine) - အသက် ၂ လ၊ ၄လ၊ ၆လ တို့တွင် မပျက်မကွက် ထိုးသင့်သည်။ အချို့သူများတွင် ခုခံအားဓာတ် တစ်သက်တာလုံး ရရှိသွားသော်လည်းအချို့သူများတွင် booster ထပ်ဆောင်းထိုးရန် လိုအပ်ပါသည်။ ထို့အပြင် အနာဖြစ်သွားပါကသန့်ရှင်းအောင်ထားပါ။ လိုအပ်ပါက ပိုးသတ်ဆေးသောက်သင့်သည်။ အနာမသန့်ပါက ပတ်တီးစည်းခြင်း၊ စည်းလျှင်လည်း  ရက်ပေါင်းကြာမြင့်စွာ ထားခြင်းကို ရှောင်ကြဉ်ရမည်။

 

Dr.hp

Ref: Mayo clinic

Checked by PTA

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18