COELIAC DISEASE
15-Aug-2018
Coeliac disease သည် ဂျုံ၊ Rye စပါးနှင့် မုယောစပါး၊ ဘာလီပင်တို့တွင် ပါသော Glutenနှင့် ဓာတ်မတည့်ဖြစ်ကာ အူသိမ်ရောင်လာပြီး အာဟာရဓာတ် လုံလောက်စွာ မစုပ်ယူနိုင်တော့သည့် ရောဂါ ဖြစ်ပါသည်။
လက္ခဏာများ
Coeliac disease ၏ အဓိက ရောဂါလက္ခဏာများ အနေဖြင့် ဝမ်းလျှောခြင်းနှင့် ကိုယ်အလေးချိန် ကျဆင်းလာခြင်းတို့ဖြစ်စေပြီး အခြားလက္ခဏာများ ဖြစ်သော
. သွေးအားနည်းခြင်း
. အရိုးပွရောဂါ (Osteoporosis) နှင့်
အရိုးပျော့ရောဂါ (Osteomalacia)
. ယားယံခြင်း၊ အရေပြားတွင် အနီပြင်များ
ထလာခြင်း
. ခေါင်းကိုက်ခြင်း၊ ပင်ပန်းလွယ်ခြင်း
. ခြေလက်များ ထုံကျဉ်ကိုက်ခဲခြင်း
. အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း
. ဘေလုံး၏ လုပ်ဆောင်မှုစွမ်းရည်
ကျဆင်းလာခြင်း
. အက်ဆစ်များ လျှံတက်လာကာ ရင်ပူခြင်း
အစရှိသည်တို့ကို ဖြစ်စေနိုင်ပါသည်။
Coeliac disease သည် ကလေးများတွင်လည်း ဖြစ်ပွားနိုင်ပြီး အဝလွန်သော ကလေးများတွင် ပိုအဖြစ်များပါသည်။ လက္ခဏာများ အနေဖြင့် နာတာရှည် ဝမ်းလျှောခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ နာကျင်ခြင်းနှင့် ကိုယ်အလေးချိန်နှင့် ကြီးထွားမှုနှုန်း ကျဆင်းလာခြင်း တို့ဖြစ်စေနိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်း
Coeliac disease ဖြစ်ပွားရသော အကြောင်းရင်းကို အတိအကျ မသိရှိသေးသော်လည်း
အစားအသောက်တွင် ပါသော Gluten ကို ခုခံအားမှ အလွန်အကျွံ တုန့်ပြန်သောကြောင့်
အူသိမ်ထဲတွင် ရှိသော Villi ခေါ် အမွှေးလေးများကို ပျက်စီးသွားစေသောကြောင့်ဟု
ယူဆထားကြပါသည်။ ထိုသို့ပျက်စီးသွားသောကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော
အာဟာရဓာတ်များ လုံလောက်အောင် မစုပ်ယူနိုင်တော့ပဲ ရောဂါ ဖြစ်လာခြင်း ဖြစ်သည်။
နောက်ဆက်တွဲ ပြဿနာများ
Coeliac disease ကို မကုသဘဲ ထားပါက
- အာဟာရ ချို့တဲ့လာခြင်း
- ကယ်လ်ဆီယမ်နှင့် အရိုး သိပ်သည်းဆ
လျော့နည်းလာကာ အရိုးပျော့ရောဂါနှင့် အရိုးပွရောဂါများ ဖြစ်လာခြင်း
- ကလေးမရခြင်းနှင့်
ကိုယ်ဝန်ပျက်ကျလွယ်ခြင်း
- Lactose ဓာတ်ကို မခံနိုင်ဖြစ်ခြင်း
- ကင်ဆာရောဂါများ ဝင်ရောက်လာခြင်းများပင် ဖြစ်နိုင်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော
အချက်များ
Coeliac disease ရောဂါသည် မကုသဘဲ ထားပါက ပို၍ ဆိုးလာနိုင်သည့်အတွက် လက္ခဏာများ စတင်ခံစားရသည်နှင့် တပြိုင်နက် နီးစပ်ရာ ဆေးရုံဆေးခန်းသို့သွားရောက်ပြသသင့်ပါသည်။
ရောဂါ ရှာဖွေခြင်း
ရောဂါဇစ်ဖြစ်အား မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ အပြင် တိကျသောရောဂါ အဖြေ ရရှိနိုင်ရန် သွေးထဲတွင် Antibody ပေါ်မပေါ် စစ်ကြည့်ခြင်း၊ မှန်ပြောင်းကြည့်ခြင်းနှင့် Capsule Endoscope ခေါ် ကင်မရာပါသော ဆေးတောင့်အား မျိုချ၍ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
Coeliac disease ကိုကုသရန်မှာ Gluten မပါသော အစာ (Gluten-free diet) များ စားပေးခြင်းဖြင့်သာ ကုသရမည်ဖြစ်သည်။ ထိုသိုု့Gluten မပါသောအစာများ စားပေးသည်နှင့် အူရောင်ခြင်းလည်း ရက်သတ္တပတ်များ အတွင်းမှာပင် သက်သာလာနိုင်ပါသည်။ အူရောင်ခြင်း လုံးဝပြန်ကောင်းရန်နှင့် Villi များ ပြန်ပေါက်လာရန် ရက်သတ္တပတ်မှသည် နှစ်ပေါင်းများစွာထိ ကြာနိုင်ပါသည်။
ကာကွယ်ခြင်း
Coeliac disease ကို မဖြစ်စေရန် ကာကွယ်ခြင်းငှာ မစွမ်းနိုင်ပါ။ သို့သော် Coeliac
disease ဖြစ်ဖူးသူများ အနေဖြင့် Gluten-free diet ကို စားပေးခြင်းဖြင့်
နောက်တစ်ကြိမ် ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
Paing
Ref: Mayo clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
