Print

ဒေါသကို ဘယ်လို ဖြေဖျောက်မလဲ

  28-Jan-2022
Preview Image

     ကားပိတ်ခြင်း၊ တန်းစီစောင့်ဆိုင်းရခြင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေခြင်း စသဖြင့် နေ့စဉ် စိတ် အနှောက်အယှက်ဖြစ်စရာတွေ များလှပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တာဟာ သဘာဝပါပဲ။ ဒါပေမယ့် အနှောင့်အယှက်တွေအပေါ်မှာ ဒေါသထွက်ပြီး အချိန်ကုန်ဆုံးနေရင်တော့ နေ့စဉ်ဘဝကို ထိခိုက်လာနိုင်ပါတယ်။

          ဒေါသကို ထိန်းချုပ်ထားရင်လဲ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်မှု ရှိလာနိုင်ပါတယ်။ ဒေါသထွက်လာတဲ့ အခါမှာ ကျန်းမာရေးထိခိုက်မှု မရှိအောင် ဖြေဖျောက်ပေးနိုင်ဖို့လိုပါတယ်။


အသက်ဝဝ ရှူပါ

          ဒေါသထွက်လာတဲ့အခါမှာ အသက်ရှူမှုပုံစံကို အသိမမူမိကြပါဘူး။ ဒီလို အချိန်မှ ဖြစ်တတ်တဲ့ အသက်မြန်မြန်ရှူခြင်းက ဒေါသထွက်တဲ့ အချိန်ကို ပိုကြာစေပါတယ်။ ဒါကို ဖြေဖျောက်ဖို့အတွက် ဒေါသဖြစ်တဲ့ အချိန်မှာ အသက်ကို နှေးနှေးရှူပါ။ ရှူတဲ့ အခါမှာလဲ ရင်ဘတ်နဲ့တင်  မဟုတ်ပဲ ဗိုက်ပိန်လိုက် ဖောင်းလိုက်ဖြစ်တဲ့အထိ ရှူရပါမယ်။

စိတ်ငြိမ်စေမယ့် စကားစုတွေပြောပါ

          စိတ်ငြိမ်စေမယ့် စကားတွေပြောပေးတာက ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို ရှင်းလင်းစေပြီး ကိုယ်ပြောချင်တဲ့ အရာကို ကောင်းကောင်းပြောနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် ဒေါသထွက်လာတဲ့ အခါမျိုးမှာ “အေးဆေးပါ” “အဆင်ပြေသွားမှာပါ” စတဲ့ စိတ်ငြိမ်စေနိုင်တဲ့ စကားတွေပြောကြည့်ပါ။ အသံထွက်ပြောလို့ရသလို စိတ်ထဲမှာ ဒါမှမဟုတ် လေသံလေးနဲ့ တိုးတိုး ရွတ်နေလို့လဲ ရပါတယ်။


စိတ်ထဲပုံဖော်ကြည့်ပါ။          

          စိတ်ဆိုးဒေါသထွက်တဲ့အခါမှာ စိတ်တည်ငြိမ်အောင်လုပ်ပေးနိုင်တဲ့ အေးချမ်းတဲ့ နေရာတွေကို စိတ်ကူးပုံဖော်ကြည့်ပါ ကမ်းခြေပဲ ဖြစ်ဖြစ်၊ တောင်ပေါ် အပန်းဖြေစခန်းပဲဖြစ်ဖြစ် ကိုယ်ရောက်ဖူးတဲ့ နေရာ ရောက်ခြင်တဲ့နေရာမျိုးကို ရောက်သွားသလို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒီပုံရိပ်တွေကို ဒေါသတွေ သောကတွေ ပျောက်သွားတဲ့ အထိ မြင်ယောင်နေရပါမယ်။

ကိုယ့်အမြင်ကို ပြန်ဆန်းစစ်ပါ။

          စိတ်ဆိုးဒေါသထွက်တဲ့အချိန်မျိုးမှာ အရှိအတိုင်းမမြင်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ကိုယ့်အမြင်ကို ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။ ဘဝမှာ ဆိုးတဲ့ နေတွေပဲ ကြုံရမှာမဟုတ်ပါဘူး။ ကောင်းတဲ့နေ့တွေလည်း ရှိပါသေးတယ်။


စိတ်ရှုပ်နေတာကို ဖွင့်ပြောတိုင်ပင်ပါ။

          ဒေါသထွက်ပေါက်ကွဲတာမျိုးက မကောင်းပေမယ့် စိတ်ရှုပ်တဲ့ အခါမျိုးမှာ ဖွင့်ပြောတိုင်ပင်တာ မျိုးကိုတော့ လုပ်သင့်ပါတယ်။ တစ်နေ့တာ အဆင်မပြေမှုတွေ ကြုံလာရပြီးနောက် မိသားစု မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စိတ်ထဲမကျေမနပ်တာတွေကို ဖွင့်ဟ ပြောဆိုတာမျိုးက ဒေါသကို မျိုသိပ်ထားပြီး ဖြစ်လာတဲ့ ဆိုးကျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။


ဟာသနဲ့ဖြေဖျောက်ပါ

          စိတ်ရှုပ်စရာတွေ ကြုံလာရတဲ့ အခါမျိုးမှာ အခြေအနေကို ဟာသအမြင်နဲ့ကြည့်နိုင်ခြင်းက ဒေါသကို ဖြေဖျောက်နိုင်ဖို့ အထောက်အကူပြုပါတယ်။  ပြဿနာကို ပေါ့ပေါ့တန်တန် ယူဆရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးမြင်ကြည့်တာက စိတ်ပိုင်းဆိုင်ရာ အထောက်အကူပေးနိုင်ပါတယ်။


ပတ်ဝန်းကျင် အပြောင်းအလဲလုပ်ပေးပါ။

          အလုပ်မှာ အိမ်မှာ စိတ်ရှုပ်လာတဲ့အခါမှာ ပတ်ဝန်းကျင်အပြောင်းအလဲအနေနဲ့ လမ်းလျှောက်ထွက်တာမျိုးလုပ်ကြည့်ပါ။ ဒီလိုလုပ်ပေးခြင်းက ပြဿနာတွေကို စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။


အကြောင်းအရင်းကိုရှာပါ။

          အကယ်၍ အလုပ်သွားရာမှာ လမ်းပိတ်လို့ စိတ်ရှုပ်နေရတယ်ဆို ရှင်းမယ့် လမ်းကြောင်းကို ရှာသွားပါ။ အလုပ်ခွင် ဆူညံသံတွေကြောင့် ဒေါသထွက်နေရတယ်ဆိုရင် ဆူညံသံကာကွယ်ပေးနိုင်တဲ့ နားကျပ်ကိုသုံးတာမျိုးကို ပြုလုပ်ပေးပါ။ တခါတလေမှာ ဘာကြောင့် ဒေါသထွက်နေမှန်း မသိတာမျိုးကြုံရနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စိတ်အေးအေးထားပြီး အခြေအနေကို ပြန်လည်စန်းဆစ်ကြည့်ခြင်းဖြင့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မြင်ရလာနိုင်ပါတယ်။


လက်ရှိအခြေအနေကို အကောင်းမြင်ပါ။

          မကောင်းတဲ့ နေ့တွေကြုံလာရတဲ့အခါမျိုးမှာ ဒီအပေါ်ကို စိတ်ရောက်နေတာက ရေတိုရော ရေရှည်မှာပါ ကောင်းကျိုးမပေးပါဘူး။ အဲ့ဒီအစား ကိုယ်ကောင်းကောင်းလုပ်နိုင်ခဲ့တာတွေ အဆင်ပြေတဲ့အရာတွေကို တွေးကြည့်သင့်ပါတယ်။ အကောင်းရှာလို့မရနိုင်ဘူးဆိုရင်တောင် ပိုဆိုးသွားနိုင်တဲ့ အခြေအနေကို တွေးကြည့်ခြင်းက စိတ်သက်သာရာရစေပါလိမ့်မယ်။

အကူအညီယူပါ

          ဒေါသထွက်တာ စိတ်ဆိုးတာမျိုးကို ကြုံတွေ့ရတာက ပုံမှန်ပါ။ ဒါပေမယ့် ထိန်းချုပ်လို့မရတဲ့ ဒေါသကို နေ့စဉ်လိုလို ခံစားနေရတယ်ဆိုရင် အကူအညီလိုလာပါပြီ။ ဒေါသကြောင့် နေ့စဉ်ဘဝကို ထိခိုက်တဲ့အထိ  ခံစားနေရပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ ဆရာဝန်တွေနဲ့ ပြသပြီး ဆွေးနွေးတိုင်ပင် အဖြေရှာသင့်ပါတယ်။

Dr.Aung   



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18