Print

အလုပ်လက်မဲ့ဖြစ်ခြင်းရဲ့စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

  23-Nov-2021
Preview Image

အလုပ်လက်မဲ့ဖြစ်ခြင်းရဲ ့စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

=====

အလုပ်လက်မဲ့ဖြစ်ခြင်းဟာ ဘဝမှာ စိတ်ဖိစီးမှုအဖြစ်ရဆုံးအတွေ့အကြုံတွေထဲက တစ်ခုဖြစ်ပါတယ်။ အလုပ်ကိုဆုံးရှုံးရခြင်းကြောင့် ဝင်ငွေတစ်ခုတည်းသာမကပဲ စိတ်ခံစားမှုအခြေအနေ၊ လူမှုဆက်ဆံရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအားလုံးကိုထိခိုက်စေပါတယ်။ မရေရာတဲ့ အနာဂတ်အတွက် စဉ်းစားနေရခြင်းက စိတ်ဖိစီးမှုတွေ၊စိတ်အလိုမကျမှုတွေ၊စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် သင်သိထားရမှာက ခုလိုခံစားနေရတာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုပါ။ ဒီလိုအလုပ်လက်မဲ့ဖြစ်ခြင်းကနေရလာတဲ့ စိတ်ဖိစီးမှုတွေ၊ မထိန်းချုပ်နိုင်တဲ့အခြေအနေတွေနဲ ့မရေရာတဲ့အနာဂတ်တွေကို ဘယ်လိုမျိုး ကောင်းကောင်းရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို အောက်မှာပြောပြထားပါတယ်။


(၁) ဆုံးရှုံးခြင်းအတွက် သင့်ကိုယ်သင် ဝမ်းနည်းခွင့်ပေးပါ

ဝမ်းနည်းခြင်းဟာ ဆုံးရှုံးခြင်းအတွက် သဘာဝကျတဲ့တုံ့ပြန်မှုပါ။ အလုပ်လက်မဲ့ဖြစ်ခြင်းကြောင့် ဝင်ငွေဆုံးရှုံးတာအပြင် ကိုယ့်ရဲ့သက်မွေးဝမ်းကျောင်းဆိုင်ရာအထူးပြုဂုဏ်ပုဒ်၊ ကိုယ်တန်ဖိုးထားရတဲ့စံချိန်စံနှုန်းနဲ ့ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ ရည်မှန်းချက်အပြည့်နဲ့လုပ်ဆောင်မှုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆက်ဆံရေးတွေ၊ မိသားစုလုံခြုံမှုတွေပါ ပါဝင်နေပါတယ်။ ဒီဆုံးရှုံးမှုကို ရင်ဆိုင်ရာမှာ ကိုယ့်ကိုယ်ကိုထိခိုက်နာကျင်စေတဲ့နည်းလမ်းနဲ့ဖြေရှင်းမလား။ မထိခိုက်စေတဲ့နည်းလမ်းနဲ ့ဖြေရှင်းမလားရွေးချယ်လို့ရပါတယ်။ အရက်အများကြီးသောက်လိုက်တာတို့၊ အသင့်စားအစားအသောက်တွေ အများကြီးစားလိုက်တာတို့က တခဏတော့ စိတ်သက်သာရာရပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးကို ဆိုးရွားစေနိုင်ပါတယ်။ သင်ခံစားရတာကို လက်ခံအသိအမှတ်ပြုပြီး အောက်ပါအချက်တွေကိုလုပ်ဆောင်ကြည့်ခြင်းဖြင့် ဆုံးရှုံးရတဲ့အခြေအနေကို ကောင်းကောင်းကျော်လွှားနိုင်ဖို့အထောက်အကူဖြစ်မှာပါ။

-       ဆုံးရှုံးခြင်းကို လက်ခံဖို့သင့်ကိုယ်သင်အချိန်ပေးပါ

-       သင့်ရဲ ့ခံစားချက်တွေကို ချရေးပါ

-       အရှိကိုအရှိအတိုင်းလက်ခံပါ

-       ကိုယ့်ကိုယ်ကို အပြစ်တင်တာကိုရပ်လိုက်ပါ

-       အလုပ်လက်မဲ့ဖြစ်ခြင်းဟာ ခဏပဲလို့တွေးပါ

-       ဆုံးရှုံးခြင်းထဲကနေ ကောင်းတဲ့သင်ခန်းစာတွေရယူပါ


(၂) သင့်ကို ဆက်လက်သန်မာစေနိုင်မယ့် သူတွေဆီသွားပါ

အလုပ်လက်မဲ့ဖြစ်နေချိန်မှာ မိသားစု၊မိတ်ဆွေတွေနဲ့ပြောဆိုဆက်ဆံဖို့ရှက်ရွံ့တတ်ကြပါတယ်။ လူမှုဆက်ဆံရေးဟာ စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တဲ့ သဘာဝဆေးနည်းဖြစ်ပါတယ်။ စိတ်ခံစားချက်ကို တည်ငြိမ်စေဖို့ သင့်ကိုကောင်းကောင်းနားထောင်ပေးမယ့်သူနဲ ့ တွေ့ဆုံရတာလောက်ကောင်းတဲ့အရာမရှိပါဘူး။ သင်ယုံကြည်ရတဲ့သူ၊သင့်ကို ကောင်းကောင်းနားထောင်ပေးတဲ့သူတွေဆီမှာ ရင်ဖွင့်ပြောဆိုတဲ့အခါ လက်ရှိအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုတွေကို ပိုမိုထိန်းချုပ်လာနိုင်တဲ့အပြင် နောက်ထပ်ပိုကောင်းတဲ့အခွင့်အရေးတွေလည်း ပေါ်လာနိုင်မလားဆိုတာ မပြောနိုင်ပါဘူး။ အလုပ်လက်မဲ့ဖြစ်သွားလို ့လုပ်ငန်းခွင်ထဲက ပေါင်းသင်းဆက်ဆံရေးတွေဆုံးရှုံးရပေမယ့်လည်း အသစ်သောပေါင်းသင်းဆက်ဆံရေးတွေကို တည်ဆောက်လို့ရပါတယ်။ သင်နဲ့ဝါသနာတူတဲ့မိတ်ဆွေသစ်တွေနဲ့သင်တန်းအတူတူတက်တာ၊ အားကစားအတူတူလုပ်တာ၊အသင်းအဖွဲ ့တွေမှာပါဝင်တာနဲ့လူမှုရေးလုပ်ငန်းတွေလုပ်တာတွေ လုပ်ကြည့်ပါ။ လူမှုဆက်ဆံရေးနယ်ပယ်ချဲ ့ထွင်ခြင်းက စိတ်ဖိစီးမှုကိုလျှော့ချပေးတာသာမက အလုပ်အကိုင်အသစ်ရှာဖွေဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။


(၃) မိသားစုရဲ့ကူညီထောက်ပံ့မှုကိုရယူပါ

အလုပ်လက်မဲ့ဖြစ်ခြင်းဟာ မိသားစုတစ်စုလုံးအပေါ်မှာ သက်ရောက်မှုရှိတာကြောင့် ဒီပြဿနာကို တစ်ယောက်တည်းတာဝန်မခံသင့်ပါဘူး။ အလုပ်လက်မဲ့ဖြစ်တာကို လျှို့ဝှက်ထားမယ်ဆိုရင် အခြေအနေကို ပိုဆိုးစေပါလိမ့်မယ်။ မိသားစုဝင်တွေရဲ့အားပေးမှုက ခက်ခဲနေချိန်မှာ သင့်ကို ဆက်လက်ရှင်သန်စေဖို့အထောက်အကူဖြစ်ပါတယ်။ သင့်ကိုချစ်ခင်ဂရုစိုက်သူတွေကို ခံစားချက်တွေရင်ဖွင့်တိုင်ပင်ပါ။ သူတို့ဖက်ကခံစားချက်တွေကိုလည်းနားထောင်ပါ။ မိသားစုအပန်းဖြေတဲ့အချိန်ထားရှိပြီး အလုပ်လက်မဲ့ဖြစ်တဲ့ဒုက္ခတွေကို မေ့ထားပေးပါ။ ဒီလိုလုပ်ခြင်းက မိသားစုတစ်ခုလုံးကို အကောင်းမြင်စိတ်နဲ ့ရှေ့ဆက်ဖို့အထောက်အကူပြုပါတယ်။


(၄) သင့်ရဲ့ဖြစ်တည်မှုကို အခြားနည်းလမ်းတွေနဲ ့သတ်မှတ်ပါ

အလုပ်ရှိနေစဉ်တုန်းမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကို ရာထူးတွေနဲ့သတ်မှတ်ခဲ့ကြပါတယ်။ အလုပ်မရှိတော့ရင်တော့ ဒါတွေမရှိတော့ဘူးလို့ခံစားရမှာပါ။ အရေးကြီးတာက အလုပ်လက်မဲ့ဖြစ်ခြင်းက သင့်ရဲ့ဖြစ်တည်မှုကိုသတ်မှတ်နိုင်တာမဟုတ်ဘူးဆိုတာကိုပါ။ သင့်ရဲ့ဖြစ်တည်မှုကို သတ်မှတ်တာဟာ သင့်အပေါ်မှာပဲမူတည်ပါတယ်။ အဓိပ္ပါယ်ရှိတဲ့ ဝါသနာတွေလုပ်ဆောင်ပါ။ စိတ်တူကိုယ်တူမိတ်ဆွေတွေနဲ့မိတ်ဆွေဖွဲ့ပြီး သင်တန်းတက်တာ၊ပရဟိတလုပ်တာတွေလုပ်ဆောင်ပါ။ သဘာဝတရားကို အချိန်ပေးကြည့်ရှုရင်း အပင်စိုက်တာ၊ တောင်တက်တာ၊ခရီးသွားတာ၊လေ့ကျင့်ခန်းလုပ်တာတွေလည်း လုပ်ဆောင်ပါ။ စေတနာ့ဝန်ထမ်းလုပ်ရင်း သူတပါးကို ကူညီပေးခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုရှာတွေ ့စေပြီး လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေးပိုင်းဆိုင်ရာ ထောက်ပံ့အားပေးမှုတွေနဲ့အဆက်အသွယ်တွေ၊အခွင့်အလမ်းတွေရရှိစေမှာပါ။


(၅) ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

အလုပ်လက်မဲ့ဖြစ်ခြင်းရဲ့စိတ်ဖိစီးမှုက ကိုယ်နဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့အရေးကြီးပါတယ်။ တနေကုန် အလုပ်အသစ်ရှာနေတာနဲ့ပဲ အချိန်မကုန်ဆုံးပဲနဲ့ ကိုယ့်အတွက် စိတ်အပန်းဖြေဖို ့အချိန်၊အနားယူဖို့အချိန်တွေထားရှိပေးပါ။ စိတ်ရောကိုယ်ပါလန်းဆန်းနေတဲ့အချိန်မှာ အလုပ်သစ်ရှာတာက ပိုပြီး အကျိုးရှိပါလိမ့်မယ်။ တညကို ၇-၈နာရီကြားအိပ်စက်ခြင်းက စိတ်ဖိစီးမှုကို ကောင်းစွာထိန်းချုပ်နိုင်စေပြီး အလုပ်သစ်ရှာဖွေရာမှာ အာရုံစူးစိုက်နိုင်မှုကို ထိန်းသိမ်းဖို့အထောက်အကူဖြစ်ပါလိမ့်မယ်။ ကိုယ်နဲ့စိတ်ကိုဖြေလျှော့ပေးတဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့ အသက်ရှူလေ့ကျင့်ခန်းတွေ၊တရားထိုင်တာနဲ ့ယောဂလေ့ကျင့်ခန်းတွေဟာလည်း စိတ်ဖိစီးမှုအတွက် အစွမ်းရှိတဲ့ဖြေဆေးကောင်းတွေဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်အင်တာဗျူးဖြေတာလိုမျိုး ဘဝရဲ့စိန်ခေါ်မှုဆိုင်ရာ အခြေအနေတွေကိုလည်း တည်တည်ငြိမ်ငြိမ်နဲ ့ကျော်ဖြတ်နိုင်ဖို့အထောက်အကူဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့နေရာမှာ အစားအသောက်ပိုင်းဆိုင်ရာကလည်း အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ သကြားနဲ့ပြုပြင်ဖန်တီးထားတဲ့အသင့်စား အစားအသောက်တွေတတ်နိုင်သမျှ လျှော့စားပါ။ ကာဗိုဟိုက်ဒရိတ်များတဲ့အစားအသောက်တွေက စိတ်ခံစားမှုနဲ့စွမ်းအင်တွေကို ကျဆင်းစေနိုင်ပါတယ်။ ကဖင်းနဲ့ဓာတုဗေဒထိန်းသိမ်းမှုပစ္စည်းတွေပါဝင်တဲ့ အစားအစာတွေဟာလည်း စိတ်ခံစားမှုအပေါ် ဆိုးဝါးတဲ့သက်ရောက်မှုရှိပါတယ်။ အဲဒီအစား သဘာဝအစားအစာတွေကို ဦးစားပေးစားသုံးပါ။ အိုမီဂါ သရီးဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ ဆယ်လမွန်ငါး၊မက်ကရယ်ငါး၊ငါးသေတ္တာငါး၊ငါးအမျိုးမျိုးနဲ ့အစေ့အဆံတွေကို ပိုစားသုံးပေးပါ။ နီကိုတင်းဓာတ်ဟာ စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်စိတ်ကို ပိုကြီးထွားစေတာကြောင့် ဆေးလိပ်သောက်တာကို ရှောင်ကြဉ်သင့်ပါတယ်။ အရက်သောက်တာဟာလည်း စိတ်ပူပန်မှုကို ယာယီလျှော့ချပေးနိုင်ပေမယ့် အလွန်အကျွံသောက်ရင်တော့ စိုးရိမ်ပူပန်မှုတွေကို ပိုဆိုးစေမှာဖြစ်ပါတယ်။


(၆) သင့်ရဲ့စွမ်းအင်တွေကို ထိန်းသိမ်းပေးဖို ့အကောင်းမြင်စိတ်ကို ဆက်လက်ထားရှိပါ

နေ့စဉ်ပုံမှန်လုပ်နေကျလုပ်ငန်းဆောင်တာတွေကို ဆက်လုပ်ပါ

အလုပ်မရှိတော့တဲ့အခါ အလွယ်တကူပဲ တက်ကြွမှုတွေပျောက်ဆုံးသွားတတ်ပါတယ်။ အလုပ်သစ်ရှာဖွေတာကို အလုပ်လုပ်စဉ်ကလိုပဲ စတဲ့အချိန်နဲ့ဆုံးတဲ့အချိန်သတ်မှတ်ထားပါ။ လေ့ကျင့်ခန်းလုပ်တာတွေ၊ အင်တာနက်အသုံးပြုတာတွေကိုလည်း ဒီလိုပဲ အချိန်ဇယားဆွဲပါ။ အချိန်ဇယားသတ်မှတ်ပြီးလုပ်ဆောင်ခြင်းက ပိုပြီးအကျိုးရှိစေပြီး ရလဒ်တွေလည်းထွက်ပေါ်စေပါတယ်။

အလုပ်ရှာဖို ့အစီအစဉ်ဆွဲပါ

ရည်မှန်းချက်အကြီးကြီးတွေကို စီမံလို ့ရတဲ့ သေးငယ်တဲ့အဆင့်လေးတွေအဖြစ်ခွဲခြမ်းစိတ်ဖြာပြီး လုပ်ဆောင်ကြည့်ပါ။ အရာအားလုံးကို တခါတည်းပြီးအောင်လုပ်တာထက် ဦးစားပေးအဆင့်တွေ သတ်မှတ်ပြီးလုပ်ဆောင်ပါ။ အလုပ်ရှာတာအဆင်မပြေခဲ့ရင်လည်း ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ထပ်ပြီး အချိန်ယူစဉ်းစားပါ။

သင်ထိန်းချုပ်လို ့ရနိုင်တဲ့အရာတွေအပေါ်မှာပဲ အာရုံစိုက်ပါ

အလုပ်ရှင်က ပြန်ခေါ်မှာတို့၊အလုပ်သစ်ခန် ့မှာတို့ဆိုတာက သင်ထိန်းချုပ်လို့ရတဲ့အရာတွေ မဟုတ်ပါဘူး။ အဲဒီအရာတွေအပေါ်မှာ သင့်ရဲ ့တန်ဖိုးရှိတဲ့စွမ်းအင်တွေကို ဖြုန်းတီးပစ်မယ့်အစား အလုပ်လက်မဲ့ဖြစ်နေတဲ့ကာလမှာ အသစ်သော skillတွေသင်ယူတာ၊ အလုပ်လျှောက်ရာမှာ အသုံးဝင်တဲ့ cover letterနဲ့resumeရေးနည်းတွေလေ့လာတာ၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်တိုးချဲ့တာတွေဖက်ကို အာရုံစိုက်လုပ်ဆောင်သင့်ပါတယ်။

Dr. MMO

Helpguide.org



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18