Print

ထည့်မတွက်မိကြတဲ့ Emotional Costs

  28-Nov-2020
Preview Image

ထည့်မတွက်မိကြတဲ့ Emotional Costs

          Emotional cost အကြောင်း စာရေးကတည်းက နောက်ဆက်တွဲစာတစ်ပုဒ် ဆက်ရေးဖို့ တစ်ခါတည်းစဉ်းစားခဲ့ပါတယ်။    

ပထမအချက်က အဲဒီ emotional cost ဆိုတာ ကျွန်တော် ခံစားရတဲ့ concept အယူအဆတစ်ခုကို အနီးစပ်ဆုံး နာမည်ပေးထားတာပါ။

ကျွန်တော် emotional cost ကို ယူသုံးထားတဲ့ ဆိုလိုရင်းကတော့ ဘယ်အရာမှာမဆို ကိုယ့်အနေနဲ့ အသုံးပြုလိုက်ရတဲ့ ငွေနဲ့အတူ၊ တစ်ဖက်မှာ ငွေနဲ့ တခြားရုပ်ဝတ္ထုတန်ဖိုးတွေ သက်သာဖို့ ကြိုးစားကြရင်း အသုံးပြုပေးဆပ်လိုက်ရတဲ့ စိတ်ခံစားမှု (တန်ဖိုး) တွေလည်း ရှိနေတာကို ပြောလိုခြင်းဖြစ်ပါတယ်။

စည်းကမ်းဆိုတာ အသက်ရှင်သန်ရခြင်းကို ပိုချောမွေ့စေဖို့ပါ။ ငွေချမ်းသာတာဟာ စိတ်ချမ်းသာဖို့ပါ။ ငွေချမ်းသာလာပြီး စိတ်ဆင်းရဲသွားတာမျိုး မဖြစ်စေချင်တာပါ။

နောက်ထပ် သတိထားမိတာတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ နားလည်မှု လွဲနေတဲ့အရာကိုပါ။ ဒီမှာက စိတ်မကျန်းမာဘူးဆိုရင် ရူးနေတယ်၊ စိတ်ချို့ယွင်းနေတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် တကယ်က ကိုယ်ခန္ဓာမကျန်းမာခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း၊ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြင်းတွေ ရှိသလို စိတ်ပိုင်းဆိုင်ရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။

ကျွန်တော် အခု အခြေအနေလိုအပ်ချက်တွေအရ စိတ်ပိုင်းဆိုင်ရာ သဘောသဘာဝတွေနဲ့ အမူအကျင့်တွေကို လေ့လာကြည့်ရင်းနဲ့ ပိုသိလာတာက တချို့အရာတွေဆို ရောဂါဆိုတာထက် မတူညီတဲ့အမူအကျင့်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ထားပုံတွေ ဖြစ်ပါတယ်။ ဥပမာ OCD ဆိုရင်လည်း အနု၊ အရင့်ရှိပါတယ် (အရပ်သားအသိနဲ့ အရပ်သားနားလည်အောင်ပြောတာမို့ အမှားပါရင်လည်း ပညာရှင်များ ထောက်ပြပေးပါ) လူတော်တော်များများမှာ သာမန်အတိုင်းအတာနဲ့ OCD ပုံစံတွေက ရှိနိုင်ပါတယ်(အရမ်းအနုစိတ်ချင်တာတွေ၊ အစေ့စပ်လွန်တာတွေ စသဖြင့်)။ ဒါက သူ့စိတ်ရဲ့ ဖွဲ့စည်းပုံပါ။ ဝတဲ့သူ၊ ပိန်တဲ့သူစသဖြင့် မတူသလိုပေါ့။ အဓိကက ကိုယ့်ပုံစံက သူများကို သွားမထိခိုက်စေဖို့ပါ။

ဒီအပေါ် နိုင်ငံခြားသားတွေရဲ့ အမြင်က ကိုယ်တွေနဲ့ မတူဘူး။ ကျွန်တော်နဲ့ အတူတွဲလုပ်တဲ့ နိုင်ငံခြားသားတစ်ယောက်ဆို အတူတူအလုပ်လုပ်ရင်း ကျွန်တော်လုပ်ထားတဲ့အလုပ်ကို အသေးစိတ်တွေကို သူပြန်ညှိနေတိုင်း Sorry, I am a bit OCD ဆိုပြီး သူ့ကိုယ်သူအမြဲပြောတယ်။ ဒါကြီးကို ရောဂါကြီးလို့ ပြောနေတာမဟုတ်ဘူး။ သူ့မှာအကျင့်ရှိလို့ ကျွန်တော်တို့ အတူတူအလုပ်လုပ်ရတဲ့နေရာမှာ သူ့ရဲ့ အသေးစိတ်စိစစ်နေခြင်းကြောင့် အနှောင့်အယှက်ဖြစ်ရင် ဆောရီးပါလို့ ယဉ်ယဉ်ကျေးကျေးပြောတဲ့သဘော။

ADHD, Autism စတဲ့ disorder တွေကို လေ့လာကြည့်တော့လည်း ဒီထဲက လက္ခဏာတချို့တွေကို ကိုယ့်မှာရော ဘေးပတ်ဝန်းကျင်မှာပါ (ကုသဖို့လိုတဲ့ အနေအထား ဟုတ်မဟုတ် မသေချာပေမယ့်) အနည်းနဲ့ အများတွေ့နေရတာ သတိထားမိတယ်။ အရင်ခေတ်ကဆို ဒီလိုရှာဖွေဖော်ထုတ်သတ်မှတ်ပေးတာမျိုး မရှိသေးတော့ ဒီရောဂါတွေ ခံစားနေရသူတွေကို ပြင်းပြင်းထန်ထန်ဆိုရင် ကျပ်မပြည့်ဘူးလို့ သတ်မှတ်ပြီး မသိမသာ (အပျော့စား) ဆိုရင် ဘုကန့်လန့်၊ လူ့ခွစာ၊ ဆိုးတယ်၊ စကားနားမထောင်ဘူးစသဖြင့် သတ်မှတ်ခံခဲ့ကြရမယ်လို့ တွေးမိပါတယ် (တချို့ကလေးတွေ ကျောင်းမှာ အရမ်းဆိုးတယ်လို့ သတ်မှတ်ခံခဲ့ကြရတာဟာ ဒီဟာတွေနဲ့ ပတ်သက်နေမယ်လို့ ပြန်တွေးမိတာပါ)။

လက်ငါးချောင်းဟာ အရှည်အတို၊ ပုံသဏ္ဍာန်မတူပါဘူး။ လက်မချည်းပဲ ငါးချောင်းဖြစ်နေရင် အလုပ်မဖြစ်သလို၊ ကျန်တဲ့လက်ချောင်းတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ အဲလိုပဲ ကျွန်တော်တို့အားလုံးဟာ အလုပ်ထဲမှာ၊ မိသားစုထဲမှာ။ Team တွေထဲမှာ အမြဲစိတ်ပိုင်းဆိုင်ရာ၊ အမူအကျင့် personality ပုံစံတွေ မတူကြပါဘူး။ ဒါကို ကိုယ့်ပုံစံအတိုင်း သူများတွေကို လိုက်လုပ်မှ စိတ်တိုင်းကျတာမျိုးမဟုတ်ဘဲ၊ သူတိုပုံစံနဲ့ သူတို့၊ ကိုယ့်ပုံစံနဲ့ကိုယ် ပူးပေါင်းပြီး တူညီတဲ့ ဦးတည်ချက်ပန်းတိုင်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြဖို့၊ မတူတာဟာ ကောင်းတယ်၊ လိုအပ်တယ် (ဖွဲ့စည်းတည်ဆောက်ပုံမတူတာက အလုပ်တွေကို ပိုထိရောက်အောင်မြင်အောင် လုပ်စေနိုင်တယ်) ဒီမတူညီမှုတွေကို ပိုနားလည်အောင် အချင်းချင်းကြိုးစားပြီး အားလုံးစိတ်ချမ်းသာအောင်နေနိုင်ဖို့နဲ့ လုပ်စရာရှိတာတွေကို အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်ဖို့ အဓိကပဲ။ တစ်ယောက်က OCD အသေးစိတ်တဲ့သူ ဖြစ်မယ်၊ တစ်ယောက်က bigger picture ကို ပိုမြင်တဲ့သူဖြစ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်ကို စိတ်ဒုက္ခမပေးဘဲ သူ့ဘက်ကိုယ့်ဘက်နားလည်ပေးပြီး အတူတူအလုပ်လုပ်ကြဖို့ပါပဲ။

Credit : သစ်တော်

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18