Print

လူတစ်ယောက်ကို ပျော်အောင်ဘယ်လိုလုပ်ရမလဲ

  07-Nov-2020
Preview Image

လူတစ်ယောက်ကို ပျော်အောင်ဘယ်လိုလုပ်ရမလဲ

          မနက်ဖြန် မသေချာတော့တဲ့အခါ ဒီနေ့ နောက်ဆုံးနေ့ဖြစ်ရင် ဘာလုပ်မလဲ သူငယ်ချင်း?

          ပျော်ရွှင်စရာအမှတ်တရလေးတွေလုပ်ပြီး တစ်သက်လုံးသတိရနေစေမှာပါ။ ဒီတော့ လူတစ်ယောက်ကို ပျော်အောင်ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ သိဖို့လိုလာပါပြီ။

၁။ လူတစ်ယောက်က သူ့ပတ်ဝန်းကျင်ကလူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ သာတယ်လို့ ခံစားရတဲ့အခါ ပျော်ပါတယ်။

          ကိုယ့်ရဲ့ဘေးမှာ ကိုယ့်ထက် ပညာ၊ ငွေ၊ အဆင့်အတန်း၊ အသိုင်းအဝိုင်း စသည်တို့နိမ့်ပါးတဲ့သူတွေဖြစ်နေရင် အဲ့ဒီလူတွေထက် သာလွန်နေတယ်လို့ ခံစားရမှာပါ။ အဲဒီအခါ ပျော်တယ်လို့ ခံစားရမှာပါ။

၂။ ပိုက်ဆံပေးပြီး ဈေးဝယ်ရတဲ့အခါ ပျော်ပါတယ်။

          ပိုက်ဆံပေးပြီး ဈေးဝယ်တဲ့အခါ ရောင်းတဲ့သူက ကောင်းကောင်းမွန်မွန်ဆက်ဆံကြပါတယ်။ အဲဒီအခါ လူတွေက ပျော်ကြပါတယ်။ အသက်အရွယ်ကြီးတဲ့သူတစ်ယောက်ကို သူတို့စားချင်တာ၊ သုံးချင်တာ၊ လိုချင်တာကို ဝယ်ပြီးပေးတာနဲ့ သူတို့ကိုယ်တိုင် ငွေပေးဝယ်ရတာ မတူပါဘူး။

          ပိုက်ဆံပေးပြီး ကိုယ်တိုင်ဝယ်ခွင့်ရရင် ပိုပျော်တတ်ပါတယ်။

၃။ ချီးကျူးခံရတဲ့အခါ ပျော်ပါတယ်။

          ချီးကျူးတာတော့ လူအတော်ကြိုက်ကြပါတယ်။ ရိုးရိုးသားသားရင်ထဲရှိတဲ့အတိုင်း ချီးကျူးတတ်ဖို့တော့လိုပါတယ်။ ကြံဖန်လိမ်ပြီး ချီးကျူးတာမျိုးတော့ အသက်ကြီးတဲ့သူတွေက ချက်ချင်းသတိထားမိသွားတတ်ပါတယ်။

၄။ ကိုယ့်ဘာသာကိုယ် နေချင်သလို နေရတဲ့အခါ ပျော်တတ်ပါတယ်။

          ကိုယ့်ဘာသာကိုယ်နေချင်သလို နေလို့မရတဲ့အခါမှာ မပျော်တာတော့ သေချာပါတယ်။ ကိုယ့်ဘာသာကိုယ်နေချင်သလို နေရတဲ့အခါ ပျော်ဖို့ကတော့ တခြားအချက်တွေ လိုတတ်ပါတယ်။ ဒါပေမယ့် ပျော်ဖို့ အလားအလာပိုများပါတတ်ပါတယ်။

၅။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ ပျော်ပါတယ်။

          လူတွေက ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရတဲ့အခါ ပျော်ကြပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ endorphin ထွက်ပါတယ်။ အဲဒါက သဘာဝအကိုက်အခဲ ပျောက်ဆေးပါ။ ဒါ့အပြင် လူကို ပျော်ရွှင်စေပါတယ်။

၆။ အများသူငှာကို ဝေမျှရတဲ့အခါ ပျော်ပါတယ်။

          ရယူလို့ရရင် ပျော်တာတော့ လူတိုင်းသိကြပါတယ်။ လိုအပ်နေတဲ့သူတွေကို မျှဝေခွင့်ရရင်တော့ ကျေနပ်ပီတိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် လူတချို့က အလှူလုပ်ဖို့ မျှဝေဖို့ ချေးငှားပြီးတောင်လုပ်ကြတာပါ။ ဘာသာရေးရှုထောင့်အရ မှန်တယ်လို့ပြောပေမယ့် ဘာသာတရားမရှိတဲ့သူတွေလည်း ပျော်ကြပါတယ်။

၇။ တခြားလူတွေကို ဂရုစိုက်တဲ့အခါ ပျော်ပါတယ်။

          ကိုယ်ချစ်တဲ့လူ၊ ကိုယ်ဂရုစိုက်တဲ့သူအကြောင်း တွေးတဲ့အခါ သူတို့အကြောင်းတွေးတဲ့အခါ သူတို့အကြောင်း မြင်တွေ့ကြားသိတဲ့အခါ အောက်ဆီတိုစင် oxytocin level မြင့်တက်တယ်လို့ ဆိုပါတယ်။ အဲ့လို မြင့်တက်လာတာဟာ လူတွေကို ပျော်စေလို့ လေ့လာမှုတွေက ဆိုပါတယ်။

၈။ အသက်အရွယ်

          အသက်အရွယ်ကလည်း ပျော်ရွှင်မှုမှာ အရေးကြီး ပါတယ်။ လေ့လာမှုတွေအရ အသက် ၇၀ ကျော်နဲ့ ၁၈၊ ၁၉ တို့ နှိုးယှဉ်တဲ့အခါ ဘဝအတွေ့အကြုံပိုများပြီး ကိုယ့်အကြောင်းကို ပိုသိတဲ့ အသက်ကြီးတဲ့သူတွေက ထူူးထူးခြားခြား အဖြစ်အပျက်တွေ့တဲ့အခါ ပိုပျော်တာကို တွေ့ရပါတယ်။ ဘဝမှာ အပျော်ဆုံးအသက်အရွယ်ကို လေ့လာတဲ့အခါ အသက် ၆၉ နှစ်ထက်ပိုကြီးတဲ့အရွယ်နဲ့ အသက် ၂၃ နှစ်အရွယ်တို့ကို တွေ့ရှိရပါတယ်။

၉။ အကောင်းမြင်တတ်ခြင်း

          အကောင်းမြင်တဲ့သူတွေက ပိုပျော်တတ်ပါတယ်။ အကောင်းမြင်တယ်ဆိုတာ သူတစ်ပါးကို ကြင်နာတရားနဲ့ ဆက်ဆံတတ်တာ ကျေးဇူးတင်တတ်တာ၊ ကိုယ့်ဘာသာကိုယ် ကံကောင်းတယ်လို့ သဘောထားတာ ကိုယ်အားသာချက်ကို အသုံးပြုနိုင်တာတို့ ပါပါတယ်။

          အဲဒီအချက်တွေကပဲ လူကို ပျော်ရွှင်စေတာပါ။ ဘာသာရေး လိုက်စားတဲ့သူတွေ ပျော်ကြရတာက အကောင်းမြင်တတ်လို့ပါ။

၁၀။ အဖော်ရှိရင် ပျော်ပါတယ်။

          အဖော်ဆိုတာ လူဖြစ်နိုင်သလို အိမ်မွေးတိရစ္ဆာန်ခွေးတို့ ကြောင်တို့အပါအဝင်ပါ။ ခွေးတို့ ကြောင်တို့မွေးတာ အလုပ်ရှုပ်ပေမယ့် စိတ်ဖိစီးမှု ကျစေတယ်လို့ ပြောကြပါတယ်။ လူအဖော်ကတော့ အိမ်ထောင်ဘက် မိဘ၊ ညီအစ်ကို၊ မောင်နှမသားသမီး၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေ ပါပါတယ်။ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများများရှိရင် ပျော်ကြပေမယ့် လူတိုင်းက ပြဿနာကိုယ်စီနဲ့မို့ များများပေါင်းပြီး လူရွေးပြီး နည်းနည်းလောက်နဲ့ပဲ ရင်းရင်းနှီးနှီးနေတာ ပိုကောင်းမယ်ထင်ပါတယ်။

၁၁။ ပျော်ဖို့ အလေးအနက် မထားတဲ့သူတွေက ပိုပျော်ကြပါတယ်။

          ၂၀၁၁ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုက ပျော်ရွှင်အောင် အတင်းလုပ်တဲ့လူတွေက ဘဝကို အဆင်ပြေအောင်နေပြီး ပျော်အောင်သိပ်မကြိုးစားတဲ့လူတွေလောက် မပျော်ကြဘူးလို့ ဆိုပါတယ်။ ပျော်တာက ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့် အလိုဆန္ဒလျော့နိုင်ဖို့လိုတော့ ပျော်ဖို့ အတင်းလိုချင်နေတဲ့လူတွေက ထင်သလို မပျော်ကြဘူးဆိုတာ သဘာဝကျပါတယ်။

လူရာဝင်ရင် ပျော်ပါတယ်။

          လူရာမဝင်ရင် မပျော်ပါဘူး။ အထူးသဖြင့် ကိုယ်အနီးအနားကလူက လူရာဝင်ပြီး ကိုယ်က လူရာမဝင်ရင် မပျော်ပါဘူး။

          ချမ်းသာအောင်မြင်နေပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ပြန်ပြီးမျှဝေမှုမရှိရင်တော့ သေချာပေါက် လူရာမဝင်ပါဘူး။ လူရာဝင်ရင်တော့ ပျော်ဝတ်ပါတယ်။ လူရာဝင်ဖို့ လူတွေက မျိုးစုံကြိုးပမ်းတတ်ပါတယ်။ အလှူလုပ်တာ၊ လုပ်အားပေးတာ၊ မိတ်ဆွေတွေကို ကျွေးမွေးပြုစုတာ မျိုးစုံလုပ်တတ်ပါတယ်။ အသက်ကြီးသွားတဲ့သူတွေက သူတို့ထက်အငယ်တွေကို မုန့်ဖိုးပေးတာမျိုး အငယ်တွေလုပ်ချင်တာ အားပေးတာမျိုး လုပ်တတ်ပါတယ်။

Credit : တင်စိန် (ဆေး - ၁)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18