Print

စိတ်ကလေးနေကောင်းပါစေ

  10-Oct-2020
Preview Image


          စိတ်သွားတိုင်း ကိုယ်ပါပါစေ။ စိတ်ထောင်းလို့ ကိုယ်ကြေ။ စိတ်ရှိပေမယ့် ကိုယ်ကမလိုက်နိုင်။ စိတ္တသုခ၊ ကာယသုခနှင့် ပြည့်စုံပါစေ စသည့် အသုံးအနှုန်းများသည် စိတ်ကျန်းမာရေး၏ အလွန်အရေးပါပုံကို ဖော်ညွှန်းနေခြင်းဖြစ်သည်။

ဘာကြောင့် စိတ်လေးကျန်းမာဖို့ လိုတာလဲ . . .

          စိတ်လေးမကျန်းမာရင် စိတ်ကြီးတယ်ဆိုပြီး ဖြစ်လာမှာပါ။ စိတ်ကြီးတယ်ဆိုရာတွင် ဒေါသထွက်စိတ်တိုတာအပြင် ဝမ်းနည်းလွယ်ခြင်း၊ အစိုးရိမ်လွန်ခြင်းလည်း ပါဝင်ပါတယ်။ ပုံမှန်အတိုင်း ကြည်လင်နေတဲ့ စိတ်မျိုးမဟုတ်တာနှင့် တစ်ပြိုင်နက် ကိုယ်ခန္ဓာရှိ ဇီဝရုပ်ဖြစ်စဉ်များမှာ ပြောင်းလဲလာပြီး မလိုလားအပ်သော ဟော်မုန်းများ ထွက်လာနိုင်ပါသည်။ ထို့ပြင် စိတ်မချမ်းသာ၊ မကျန်းမာလျှင် အစားအသောက် မမှန်ခြင်း၊ အလုပ်အကိုင်ပျက်ခြင်း၊ လူမှုရေးပျက်ကွက်ခြင်းစသည့် ဆိုးကျိုးများလည်း ရလာနိုင်ပါသည်။ ထို့ကြောင့် စိတ်မကျန်းမာပါက ကိုယ်မကျန်းမာ၊ ကိုယ်မချမ်းသာဖြစ်၍ တစ်ဖန် ထို့ကြောင့်ပင် စိတ်မကျန်းမာထပ်ဖြစ်ကာ သံသရာစက်ဝိုင်းလည်နေပေလိမ့်မည်။

ဘာကြောင့် စိတ်လေးမကျန်းမာရတာလဲ

          ရောင့်ရဲတင်းတိမ်မှု မရှိနိုင်ခြင်း၊ ကိုင်တွယ်ရခက်သော စိတ်အားထိန်းချုပ်နိုင်စွမ်း နည်းပါးခြင်းတို့ကြောင့်ဟုပင် အပိုင်းနှစ်ပိုင်းခွဲဆိုရမည်။ ဆန္ဒနှင့် လက်ရှိဖြစ်တည်မှု ပစ္စုပ္ပန်တစ်ထပ်တည်းမကျသည့် အချိန်တွင် ပစ္စုပ္ပန်အား လက်မခံနိုင်ကာ စိတ်ဆင်းရဲမှု ဖြစ်လာတတ်သည်။ ထိုအချိန်တွင် စိတ်ထောင်းလို့ ကိုယ်ကြေ ဟူသည့် စကားအတိုင်း ကိုယ်ခန္ဓာကျန်းမာရေးပါ ထိခိုက်လာနိုင်သည်။

          စိတ်ဆိုသည့်အရာမှာ နဂိုကပင် ကိုင်တွယ်ရခက်သည်။ ထိန်းချုပ်ရန် ခက်သည်။ မတွေးနှင့်ဆို တွေးချင်သည်။ မလုပ်သင့်ဟုဆိုလျှင် အနည်းငယ်လေးတော့ လုပ်ကြည့်ချင်သည်။ စူးစမ်းလိုသော စိတ်လည်း အနည်းငယ်ပါကောင်းပါမည်။ အခြေအနေအဖြစ်အပျက် တစ်ခုခုနှင့် ကြုံတွေ့ရပါက ခံစားချက် အထိန်းအကွပ်မဲ့ကာ အစွန်းရောက်သွားတတ်သည်။ ဒေါသဆိုလျှင်လည်း မထိန်းနိုင်ဘဲ လူသတ်မှုအထိ ကျူးလွန်မိခြင်းမျိုး၊ စိတ်ထိခိုက်စရာ ကြုံလျှင်လည်း မထိန်းနိုင်ဘဲ အိပ်ရာထဲ လဲခြင်းမျိုးများသည့် အကြီးစားစိတ်ရောဂါအဖြစ်သို့ ခြေဦးလှည့်လာမည်။

စိတ်လေး ကျန်းမာနေစေရန် မည်သို့ထားသင့်သနည်း .

          ရုပ်သဘောဆောင်သည့် ခန္ဓာကိုယ်ကျန်းမာရေးနှင့် ညီညွတ်စေရန် မည်သို့ နေထိုင်သည်ကို အရင်ဆုံး စဉ်းစားကြရမည်။ ကိုယ်ကျန်းမာရေး ထိခိုက်မည့် အပြုအမူ၊ အစားအသောက်၊ အနေအထိုင်း စသည်တို့ကို ရှောင်ကြဉ်ကြမည်မဟုတ်လား။ ထို့အပြင် ကိုယ်ကာယလေ့ကျင့်ခန်းများလည်း လုပ်သေးသည်မဟုတ်လား။ စိတ်ကျန်းမာရေးအတွက် ထိုနည်းတူပင်ဖြစ်သည်။ မတွေးသင့်သည့်အတွေးများ၊ တော်သင့်ရုံပဲ ခံစားသင့်သည့် ခံစားချက်များ စသည်တို့ကို မှန်မှန်ကန်ကန် ထိန်းချုပ်တတ်ရမည်။

          လူ့ဘဝတွင် အကောင်း၊ အဆိုး၊ အနိမ့်၊ အမြင့်၊ အချစ်၊ အမုန်း၊ ဒေါသ ဟူ၍ မည်သည့်အချိန်တွင်မဆို တစ်ခုခုနှင့်ရင်ဆိုင်တွေ့ရမြဲဖြစ်သည်။ ပုထုဇဉ်လူသားများဖြစ်သည့်အတွက် ထိုခံစားချက်များ လုံးဝမဖြစ်စေရဟု မဆိုလိုပါ။ ခံစားချက်များကို ကြိုးကိုင်တတ်ရန်ဆိုလိုခြင်းသာဖြစ်သည်။ စိတ်ထိခိုက်သည့်အချိန်ကို ခဏဖြစ်စေရန် ကြိုးမကိုင်တတ်ပါက ဇာတ်မနိုင်ဘဲ အရုပ်ကြိုးပြတ်ဖြစ်ပေမည်။

          ကိုယ်ခန္ဓာကျန်းမာစေရန် လေ့ကျင့်ခန်းလုပ်သကဲ့သို့ စိတ်ကျန်းမာစေရန်လည်း လေ့ကျင့်ခန်း ရှိပါသည်။ ကိုယ့်စိတ်ကို မြင်အောင်ကြည့်ခြင်း၊ သတိကပ်ခြင်းကို ဆိုလိုပါသည်။ လူတိုင်းအမှုမဲ့အမှတ်မဲ့ ထားနေကြသည့် စိတ်ကို သတိလေးကပ်ပြီး မည်သို့မည်ပုံ ဖြစ်နေသည်ကို မြင်အောင်ကြည့်ရမည်ဖြစ်သည်။

          တွေးနေသလား၊ ဒေါသထွက်နေသလား၊ ပျော်နေသလား . . . စသည်ဖြင့် ဖြစ်နေသည်ကို သတိကပ်ခြင်းကို ဆိုလိုသည်။ သို့မှသာ မည်သည့်ခံစားချက်ကို ထိန်းချုပ်ရမည်ကို နားလည်မည်ဖြစ်သည်။ သို့သော် လက်တွေ့လုပ်ဆောင်ရာ၌ ထင်သလောက်မလွယ်ကူနိုင်ပေ။ ပထမဦးစွာ မနက်အိပ်ရာနိုးချိန်နှင့် ညအိပ်ရာဝင်ချိန်တို့တွင် ဝင်လေထွက်လေ အသက်ရှူခြင်းကို သတိကပ်ကြည့်ခြင်းဖြင့် စတင်ရပေမည်။ သတိကပ်နိုင်မှု များလေလေ စိတ်တည်ငြိမ်မှု များလေလေဖြစ်ကာ အေးချမ်းသော စိတ်ကျန်းမာသော စိတ်ကလေး ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

Credit : ဒေါက်တာ ငြိမ်းမိုး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18