Print

စာဖတ်ခြင်းနှင့် ကျန်းမာရေး

  19-Sep-2020
Preview Image

          စာကို လူတန်းစားမရွေးအကြောင်းအမျိုးမျိုးနဲ့ ဖတ်ရှု့ကြပါတယ်။ စိတ်ကိုပျော်ရွှင်ဖို့၊ စိတ်ခွန်အား ရှိစေဖို့၊ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကနေ လွတ်မြောက်နိုင်ဖို့၊ ကျွန်မတို့ဆီကို မရောက်လာသေးတဲ့ အတွေ့အကြုံသစ်တွေကို လေ့လာနိုင်ဖို့၊ စာဖတ်တာနဲ့ ဆက်စပ်နေရတဲ့ အသက်မွေးမှုမျိုးတွေလုပ်နေရလို့၊ ဆက်လက်သင်ယူမှုတွေလုပ်ဖို့ဆိုပြီး စာတွေကို ဖတ်နေရပါတယ်။ စာဖတ်ခြင်းဟာ ကျွန်မတို့ကို နားလည်မှုနှင့် အမြင်ကျယ်စေဖို့ အများကြီးအထောက်အကူပြုနိုင်ပါတယ်။ မက်ဆာချူးဆက်ပြည်နယ် Tufts University တက္ကသိုလ်က လေ့လာသူ ဒါရိုက်တာတစ်ယောက်ကဆိုလျှင် စာဖတ်ခြင်းဟာ လူတစ်ယောက်ကို သိနားလည်မှုတွေ အမြင်သစ်တွေကို ပေးနိုင်တဲ့အရာတွေဖြစ်တယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုလုပ်ခဲ့ပါသေးတယ်။

 

         မိမိအနှစ်သက်ဆုံး စာအုပ်တစ်အုပ်၊ မဂ္ဂဇင်းစာအုပ်ကို ဖတ်နေချိန်မှာ ကျွန်မတို့ရဲ့ စိတ်ဟာ သက်သောင့်သက်သာဖြစ်နေပါတယ်။ ကျွန်မတို့ ဖတ်နေတဲ့ စာပေအမျိုးအစားအပေါ် မူတည်ပြီးတော့ သဘောကျနှစ်သက်တဲ့ ဇာတ်ဆောင်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားဟာ ကျွန်မတို့ရဲ့ အပြုအမူကိုပါ ပြောင်းလဲသွားစေနိုင်ပါတယ်။ ဇာတ်လိုက်ရဲ့ခံစားမှု၊ အတွေးအခေါ်၊ ယုံကြည်မှုတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေဟာ များသောအားဖြင့်တော့ ပုံနှိပ်ထားတဲ့ စကားလုံးတွေကနေ ရလာနိုင်တာ ဖြစ်တယ်လို့လည်း သုတေသနရှင်က ညွှန်ပြထားပါသေးတယ်။ တစ်နည်းအားဖြင့်တော့ စာပေဟာ ကျွန်မတို့ရဲ့ နေထိုင်မှုကို ကောင်းတဲ့ဘက်ကနေ သက်ရောက်မှုပေးပါတယ်။


          ကျွန်မတို့ နေထိုင်မှုကို ကောင်းတဲ့ဘက်ကနေ သက်ရောက်မှုပေးပါတယ်။ ကျွန်မတို့ ရုပ်ရှင်တစ်ကားကို ကြည့်တဲ့အခါမှာ ကျွန်မတို့က ပရိသတ်နေရာကနေပဲ ပါဝင်ကြပါတယ်။ ကျွန်မတို့ကိုယ်ကျွန်မတို့ ရုပ်ရှင်ဇာတ်လိုက်လို့ စိတ်ကူးမယဉ်မိတတ်ကြပါဘူး။ စာဖတ်တဲ့အချိန်မှာ ပိုပြီးတော့ အာရုံစိုက်ထားရန် လိုအပ်ပြီး အသိဉာဏ်တွေ၊ လုပ်ဆောင်မှုတွေကို ပြန်ပြီးတော့ ခေါ်ရပါတယ်။ စာအုပ်တွေကတော့ စာဖတ်တဲ့သူကို ပုံဝတ္ထုထဲက ဇာတ်လိုက်နောက်ကို လိုက်ပါနိုင်အောင် ဆွဲဆောင်တဲ့အတွက်ကြောင့် ကျွန်မတို့ရဲ့ စိတ်ကူးတွေကိုပါ လှုံ့ဆော်ပေးလိုက်ပါတယ်။ အဲ့ဒါကြောင့်ပဲ လူတစ်ချို့ကတော့ စာဖတ်ခြင်းကနေရလာတဲ့ အတွေ့အကြုံတွေကို စွဲလမ်းနေတတ်ပါတယ်။


          ကျွန်မတို့ဟာ စာဖတ်တဲ့အချိန်မှာ တွေးနိုင်ဖို့ အချိန်ပိုပြီးတော့ လိုအပ်ပါတယ်။ စာပေကို ပုံမှန်မဖတ်တဲ့သူတွေကတော့ ရုပ်မြင်သံကြား၊ အွန်လိုင်းကနေ ဗီဒီယိုဖိုင်တွေကို ကြည့်တာထက်စာရင် စာဖတ်ရတာကို အချိန်ကုန်တယ်လို့ ယူဆကြမှာပါပဲ။ နှစ်ရှည်သင်တန်းတစ်ခုကို တက်တုန်းက ကျွန်မကိုယ်တိုင်လည်း ဒီလိုမျိုးစဉ်းစားခဲ့ဖူးပါတယ်။ အလုပ်တစ်ဘက်နှင့် တက်ရသည့်ကျောင်းမို့ အလုပ်သွား၊ အလုပ်ပြန်၊ ကားပေါ်မှာ အသံဖိုင်များကို နားထောင်ကြည့်ပါတယ်။ ဒါက စာအုပ်ကို ဖတ်ကြည့်တာထက် ပိုပြီးတော့ အကျိုးရှိတယ်လို့လည်း ကျွန်မက ယူဆသည်ကိုး။ ဒါပေမယ့် တကယ်တမ်းကျတော့ ကျွန်မအတွက် သိပ်ပြီးတော့ အဆင်မပြေခဲ့ပါဘူး။ အသံဖိုင်တွေကို နားထောင်တာဟာ ကျွန်မလိုအပ်နေတဲ့ အချက်အလက်ကို ပြည့်ပြည့်စုံစုံ မရနိုင်သလို ပြန်ပြီးတော့ စဉ်းစားတဲ့နေရာမှာလည်း အခက်အခဲတွေရှိလာပါတယ်။


          စာဖတ်ခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ အသံကို နားထောင်ခြင်းထက် စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ ကျွန်မတို့နှစ်သက်တဲ့ စာအုပ်တစ်အုပ်ကို ထပ်တလဲလဲ ဖတ်တဲ့အခါမှာ ကျွန်မတို့ရဲ့ အတွေ့အကြုံဟောင်းတွေက ပြန်လည်ပေါ်လာသလို အမြင်သစ်တွေလည်း ဖြစ်ပေါ်လာပြီး လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အများကြီး တိုးတက်ပြောင်းလဲစေပါသေးတယ်။ ဒီလိုမျိုးသက်ရောက်မှုတွေအပြင် စာဖတ်ခြင်းဟာ ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ သက်ရောက်မှုရှိပါသေးတယ်။


မှတ်ဉာဏ်ကောင်းစေခြင်း

          စာအုပ်ကောင်းတစ်အုပ်ကို စေ့စေ့စပ်စပ်ဖတ်ခြင်းကြောင့် လူတစ်ယောက်ရဲ့စိတ်ဟာ နှစ်ပေါင်းများစွာ ငယ်သွားစေတယ်လို့ Rush University Medical Center ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေကနေ အတိအလင်းကို ထုတ်ဖော်ထားပါတယ်။ ကျွန်မတို့ရဲ့ ဦးနှောက်အာရုံကြောတွေဟာ ပုံရိပ်တွေ၊ အသံတွေထက် စာပေဖတ်ရှု့ရတဲ့ ဖြစ်စဉ်ကို ပိုပြီးတော့ နှစ်ခြိုက်ကြပါတယ်။ အားလပ်ချိန်မှာ ဖန်တီးမှုတွေ၊ တွေးခေါ်ဆင်ခြင်မှုတွေ ရလာစေတဲ့စာတွေကို ဖတ်တဲ့သူတွေဟာ ဘာတစ်ခုမှ မလုပ်တဲ့သူတွေထက်စာရင် အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်တတ်တဲ့ အသိဉာဏ်လျော့ပါးတဲ့ပြဿနာတွေ ခံစားရတာ နည်းတယ်လို့ ဆိုထားပါတယ်။ စာဖတ်နေရင်းနဲ့ဉာဏ်ရည်ကို သုံးစွဲပေးတာကြောင့် အသက်အရွယ်ကြောင့် ဆက်စပ်ပြီး ဖြစ်ပေါ်လာတတ်တဲ့ အာရုံကြောဆိုင်ရာဝေဒနာတွေကို တွန်းလှန်နိုင်စွမ်းရှိလာပါတယ်။ စာဖတ်တာ၊ ချက်စ်၊ ဉာဏ်စမ်းကစားတာမျိုးကို ပြုလုပ်လေ့ရှိတဲ့ သက်ကြီးရွယ်အိုတွေမှာ တခြားသူတွေထက်စာရင် သက်ကြီးအတိတ်မေ့ရောဂါ ဖြစ်နိုင်စွမ်း နှစ်ဆခွဲလောက် လျော့နည်းနေတတ်ပါတယ်။

          ကျွန်မတို့ဟာ စာအုပ်တစ်အုပ်ကို ဖတ်လိုက်တဲ့အခါမှာ ဇာတ်ကောင်တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ နောက်ခံပံ့ပိုးမှု၊ ရည်ရွယ်ချက်၊ သမိုင်း၊ အဓိပ္ပာယ်ကွဲပြားမှုတွေ၊ ဘဝရှင်သန်နေထိုင်မှုအမျိုးမျိုးတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေကိုပါ အမှတ်ရနေတတ်ပါတယ်။ အဲဒီအကြောင်းအရာတွေဟာ များပြားပေမယ့် ဦးနှောက်ကတော့ အံ့သြဖွယ်ကောင်းလောက်အောင် အားလုံးကို မှတ်သားထားမိနေပြီး ဆက်စပ်မှုရှိတာနဲ့ ပြန်ပြီးတော့ မှတ်မိနေတတ်ပါတယ်။ သိပ်အံ့သြဖို့ကောင်းတာက စာဖတ်နေရင်းနဲ့ မှတ်သားစရာအသစ်တွေရှိလာတဲ့အခါမှာ ဦးနှောက်မှာရှိတဲ့ new synapses (brain pathways) တွေ ထပ်ဖြစ်လာပြီး ရှိပြီးသား အာရုံကြောတွေကိုလည်း အားကောင်းစေတာပါပဲ။


စိတ်ဖိစီးမှုများကို လျော့ကျစေခြင်း

          ကျွန်မတို့မှာ အလုပ်တွေ၊ လူမှုရေးကိစ္စတွေ အပါအဝင် နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စအထွေထွေကြောင့် စိတ်ဖိစီးမှုတွေဟာ အနည်းနဲ့အများဆိုသလို ရှိနေတတ်ပါတယ်။ အဲဒီလိုမသိမသာနဲ့ လာခိုအောင်းနေတတ်တဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျသွားအောင် စာဖတ်ခြင်းက စွမ်းဆောင်နိုင်ပါတယ်။ နှစ်သက်ဖွယ်ကောင်းတဲ့ ဇာတ်ကြောင်းတစ်ခုဟာ ကျွန်မတို့စိတ်ကို သက်သာရာရစေဖို့ အများကြီး ကူညီပေးပါတယ်။ သက်သောင့်သက်သာရှိရှိနဲ့ စာဖတ်နေတဲ့အခါမှာ ကျွန်မတို့ကို အန္တရာယ်ပြုပေးနိုင်တဲ့ Unhealthy Stress Hormones တစ်မျိုးဖြစ်တဲ့ Cortisol တွေဟာ လျော့ကျသွားတယ်လို့ လေ့လာသူ ပညာရှင်တွေက အတည်ပြုထားပြီးဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက ပညာရှင်တွေဟာ စာဖတ်တဲ့သူ၊ သီချင်းနားထောင်တဲ့သူ၊ ဂိမ်းကစားတဲ့သူတွေကို အုပ်စုဖွဲ့ပြီး စိတ်ဖိစီးမှုအခြေအနေနဲ့ ပတ်သက်တဲ့ စမ်းသပ်မှုကို ပြုလုပ်လေ့လာခဲ့ပါတယ်။ အဲဒီမှာ စာဖတ်တဲ့သူတွေမှာ တခြားသူတွေထက် စိတ်ဖိစီးမှုဟာ ၆၇ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားတာကို တွေ့ရှိခဲ့ကြပါတယ်။


စိတ်ကို နားလည်လာခြင်း

          ကျွန်မတို့ မတွေ့ကြုံဖူးသေးတဲ့ အခြေအနေတစ်ရပ်ကို လက်သင့်ခံနားလည်ပေးနိုင်ဖို့ အကောင်းဆုံးသင်ကြားနိုင်တဲ့အရာကလည်း စာဖတ်ခြင်းပါပဲ။ စာဖတ်ခြင်းကြောင့် တခြားသူတွေရဲ့ စိတ်ခံစားမှုကို နားလည်လာပါတယ်။ ကျွန်မတို့ အသက်ထက်ငယ်တဲ့ သို့မဟုတ် ကြီးတဲ့ဇာတ်ကောင်တွေဟာ ဘယ်လိုစဉ်းစားသလဲ၊ ဘယ်လို ထင်မြင်ယူဆသလဲဆိုတာကို ကျွန်မတို့ လေ့လာဆန်းစစ်နိုင်ပါတယ်။ ကိစ္စတစ်ခုကို ဘယ်လိုရှု့မြင်သုံးသပ်ထားလဲဆိုတာတွေကို ကျွန်မတို့ သိလာပြီး ခွဲခြမ်းစိတ်ဖြာနိုင်သည့်စွမ်းရည် မြင့်တက်လာပါတယ်။

          ဇာတ်လမ်းတစ်ခုဟာ အပျော်နဲ့ ဇာတ်သိမ်းသွားတာဟာ ကျွန်မတို့အတွက် နှစ်သက်ဖွယ်ကောင်းပေမယ့် ပုံပြင်၊ ဝတ္ထုကောင်းတစ်ပုဒ်ကတော့ ကျွန်မတို့ကို အထောက်အကူပြုမယ့် အတွေးအခေါ်ကောင်းတွေကို မွေးဖွားပေးနိုင်ပါတယ်။ အခက်အခဲတွေကို ဖြတ်သန်းလာတဲ့ တစ်ယောက်အကြောင်းကို ဖတ်ရတဲ့အခါ ကျွန်မတို့တတွေ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဘဝကို ဖြတ်သန်းမလဲဆိုတဲ့ လှုံ့ဆော်မှုတွေ ရလာပါတယ်။ ဇာတ်ကောင်ရဲ့ ကာရိုက်တာတွေ၊ အတွေ့အကြုံတွေကို ကျွန်မတို့တတွေရဲ့ အဖြစ်အပျက်တွေမှာ အထောက်အကူရဖို့ သုံးကြပါတယ်။

          ကျွန်မတို့ ခန္ဓာကိုယ်မှာရှိတဲ့ တခြားအင်္ဂါများလိုပဲ ဦးနှောက်ကလည်း ကျန်းမာသန်စွမ်းဖို့ လေ့ကျင့်ခန်းတွေယူဖို့ လိုအပ်ပါတယ်။ စာဖတ်ခြင်းဟာ ကျွန်မတို့ရဲ့ ဦးနှောက်ဆဲလ်တွေကို အလုပ်ပေးတာနဲ့တူပြီး ဆဲလ်တွေကို တက်ကြွစေကာ စွမ်းအင်တွေ ဆုံးရှုံးမှုကနေ ကာကွယ်ပေးပါတယ်။ ဒီတော့ စာဖတ်ခြင်းဟာ ဦးနှောက်ကို အသုံးပြုပေးခြင်းနဲ့တူသလို လေ့ကျင့်ပေးခြင်းလို့လည်း ပြောလို့ရပါတယ်။ စာဖတ်ခြင်းမှာ ပျော်မွေ့တဲ့သူအတွက် သက်ကြီးအတိတ်မေ့ရောဂါတွေ ဖြစ်ပွားနိုင်မှုနည်းသွားနိုင်သလို စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။ မှတ်ဉာဏ်ဆုံးရှုံးမှုပြဿနာတွေ လျော့ပါးသွားတာမျိုးတွေရှိလာပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တက်စေတာကြောင့် စိတ်တည်ငြိမ်လာခြင်း၊ အကောင်းမြင်စိတ်များ တိုးလာခြင်း၊ မိတ်ဆွေများနဲ့ ပိုမိုရင်းနှီး ကျွမ်းဝင်မှုလာပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ကောင်းသောလှုံ့ဆော်မှုမျိုးနဲ့ ပြောင်းလဲပေးနိုင်တဲ့ စာဖတ်တဲ့ အလေ့အထကို အမြဲတမ်းစွဲမြဲထားသင့်ပါတယ်။


Credit : နှင်းနုလွင် (ဆေးဝါး)

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18