Print

အဆုတ်ကင်ဆာ ရောဂါက ကုသ ပျောက်ကင်းနိုင်သလား

  15-Oct-2018
Preview Image


အဆုတ်ကင်ဆာဖြစ်တာကို စောစောစီးစီးသိရှိပြီး ခွဲစိတ်ဖယ်ရှားလိုက်နိုင်ရင် ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုလို့ ပြောနိုင်ပါတယ်။ အဓိကကုသမှုမှာ ကင်ဆာဖြစ်တဲ့နေရာကို ခွဲစိတ်ဖယ်ရှားလိုက်နိုင်ရင် ပျောက်ကင်းပါတယ်။ သိပ်ပြီး နောက်ကျမှ ဆိုရင်တော့ Chemotherapy လို့ ခေါ်တဲ့ ကင်ဆာဆေးပဲ သွင်းသွင်း၊ ဓာတ်ရောင်ခြည်ပဲ ပေး ကုသလို့ မပျောက်ကင်းနိုင်တော့ပါဘူး။ ဆရာဝန်ဆီကို ရောက်လာတဲ့အချိန်မှာ ဘယ်ကိုမှ မပျံ့ခင် အစိုင်အခဲအကြီး မဖြစ်ခင် ခွဲစိတ် ဖယ်ရှားလိုက်နိုင်ရင် ပျောက်ကင်းနိုင်ပါတယ်။ အဆုတ်ကင်ဆာ ကုသမှုရဲ့ အဓိကက ခွဲစိတ်ကုသမှုပါ။ ခွဲစိတ်ဖယ်ရှားလိုက်မှ ပျောက်ကင်းမယ့် ရောဂါဆိုရင် ခွဲစိတ်ဖယ်ရှားပစ်ရပါမယ်။ မခွဲဘဲနေရင် ကင်ဆာဆဲလ်တွေက အချိန်တိုင်း၊ မိနစ်တိုင်းမှာ အရမ်းကို ပြန့်ပွားနှုန်းမြန်ပါတယ်။ အချိန်ကြာလေလေ ကင်ဆာဆဲလ်တွေရဲ့ ပြန့်ပွားနှုန်း များလေလေဖြစ်ပြီး ကုသရခက်ခဲလေလေ ပျောက်ကင်းမှုကလည်း နည်းလေလေပါပဲ။


ကုသမှုအပိုင်းမှာ အပိုင်းသုံးပိုင်းရှိပါတယ်။ ပထမအဆင့်ကတော့ ခွဲစိတ်ဖယ်ရှားလိုက်နိုင်ရပါမယ်။ ခွဲစိတ်ပြီးနောက်မှာ လိုအပ်တဲ့နေရာကို ကင်ဆာဆေးသွင်းတာနဲ့ ဓာတ်ရောင်ခြည် ပေးကုသတာတွေပါ။ တချို့ကင်ဆာ အမျိုးအစားတွေက ကင်ဆာဆေးသွင်းတာနဲ့ပဲ ကောင်းလာတာတွေ ရှိပါတယ်။ လူနာရဲ့ နောင်ငါးနှစ် အသက်ရှင်မှုက အတော်လေးကောင်းတာတွေ့ရပါတယ်။ ဓာတ်ရောင်ခြည်နဲ့ကုသတဲ့ အပိုင်းမှာ ဓာတ်ရောင်ခြည်ပေးပြီး ကင်ဆာအလုံးအကျိတ်ကို ပျောက်သွားအောင် ကုသတဲ့နည်းရှိသလို မပျောက်ကင်း နိုင်တော့တဲ့ အနေအထားမှာ လူနာကို သက်သာအောင် ကုသပေးရတာတွေလည်း ရှိပါတယ်။ ဆရာမတို့ဆီလာတဲ့ လူနာတွေက အများအားဖြင့် နောက်ကျမှ ရောက်လာတတ်တာ တွေ့ရများပါတယ်။ စောစောသိလို့ ခွဲစိတ်ကုသနိုင်တဲ့ လူနာလည်း ရှိတယ်ဆိုပေမယ့် အများစုကတော့ ခွဲမရတော့တဲ့ အဆင့်တွေ ရောက်လာတာ များပါတယ်။



တစ်ခုသတိထားမိတာကတော့ လူနာခပ်များများက ခွဲစိတ်ကုသဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ရောဂါသိရပြီး ပြန်ကြရတဲ့ လူနာတွေများပါတယ်။ နောင်ဆိုရင် လူနာတွေ ဘက်ကလည်း ဒီထက်ပိုပြီး ကျန်းမာရေး အသိပညာတွေရှိလာပြီး ဆရာဝန်တွေဘက်ကလည်း ဒီထက်ပိုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ထိထိရောက်ရောက် လုပ်ပေးနိုင်ခဲ့ရင် ရောဂါကိုစောစောစီးစီးသိရှိပြီး ပျောက်ကင်းအောင် ကုသပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ များသောအားဖြင့် နောက်ကျနေတဲ့အဆင့်မှာ တတ်နိုင်သလောက်ပဲ ကုသပေးပြီး ပြန်လွှတ်လိုက်ရတာတွေ များပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အလွယ်ဆုံးစမ်းသပ်နိုင်တာကတော့ အဆုတ်ဓာတ်မှန်ရိုက်တာပါ။ ကင်ဆာမှာဖြစ်တတ်တဲ့ အဆုတ်ရဲ့ ပြောင်းလဲမှုတွေကို ဓာတ်မှန်မှာ တွေ့ရပါတယ်။ အလုံးအခဲပေါ်တာ၊ အမြှေးမှာ ရေဝင်တာ၊ နံရိုးတွေစားနေတာ၊ အလုံးကြီးတစ်လုံးပေါ်နေတာ၊ ကင်ဆာက ပိတ်ဆို့လို့ နမိုးနီးယားဖြစ်နေတာ စတဲ့ပုံစံမျိုးစုံ တွေ့ရပါတယ်။



အဆုတ်ဓာတ်မှန်အပြင် ပိုပြီးခေတ်မီတဲ့ ကွန်ပျူတာဓာတ်မှန် ရိုက်လို့ရတယ်။ နိုင်ငံခြားမှာတော့ ဒီထက် ပိုအဆင့်မြင့်ပြီး ရောဂါအတော်များများကို ဖော်ထုတ်နိုင်တဲ့ PEP Scan ရိုက်လို့ရတယ်။ ဆရာမတို့ကတော့ ကင်ဆာလို့ ထင်ရင် သလိပ်စစ်ခိုင်းပြီး သလိပ်ထဲမှာ ကင်ဆာဆဲလ် ရှိ၊ မရှိ စစ်ခိုင်းပါတယ်။ ကင်ဆာက အရိုးရောက်နေပြီဆိုရင် Bone Scan ရိုက်ခိုင်းပါတယ်။ အဆုတ်ကင်ဆာလို့ အသေချာဆုံး ရောဂါရှာဖွေနိုင်တာကတော့ အသားစ အဖြေပါပဲ။ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ကို မှန်ပြောင်းကြည့်တာ (Bronchoscope) လုပ်ပြီး အသားစယူလို့ရရင် ယူပါတယ်။ အဆုတ်မှာ ကင်ဆာဖြစ်ပြီး လည်ပင်းအကျိတ်က ကြီးနေတယ်ဆိုရင် အဲဒီအကျိတ်က အသားစယူပြီး စစ်ဆေးကြည့်တာနဲ့တင် တချို့လူနာတွေမှာ ကင်ဆာဆိုတာ သိနိုင်ပါတယ်။



အဆုတ်အမြှေးမှာ ရေဝင်နေတယ် ဆိုရင်လည်း အဆုတ်အမြှေးကနေ အသားစယူပြီးလည်း စစ်ဆေးလို့ရပါတယ်။ အဆုတ်ထဲကရေကို စုပ်ထုတ်ပြီး ကင်ဆာဆဲလ်ရှိ၊ မရှိလည်း စစ်ဆေးလို့ရပါတယ်။ အရေပြားမှာ အကျိတ်ပေါ်တယ်ဆိုရင်လည်း အကျိတ်ကို ထုတ်ပြီးစစ် ဆေးလို့ရတယ်။ အသားစယူပြီး ကုသမှုအတွက် လိုအပ်တာတွေ ဆက်လုပ်မယ်ဆိုရင် Immunohistochemistry လို့ ခေါ်တဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ စမ်းသပ်လိုက်ရင် အဆုတ်ကင်ဆာရဲ့ အသေးစိတ် အချက်အလက်ကို အတိအကျ သိတာကြောင့် ကုသမှုအပိုင်းကို အများကြီး အထောက်အကူပြုတာတွေ ရှိလာပါတယ်။ ရောဂါရှာဖွေမှု အပိုင်းမှာ ဓာတ်မှန်၊ ကွန်ပျူတာ ဓာတ်မှန်နဲ့ PEP Scan တွေက စပြီး အသားစယူပြီး စစ်ဆေးတာတွေပါ လုပ်နိုင်ပါတယ်။

 

ပါမောက္ခ ဒေါက်တာရတနာကျော်
(အဆုတ်နှင့် ရင်ခေါင်းအထူးကု ဆရာဝန်ကြီး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18