Print

Childhood Obesity (ကလေးများ အဝလွန်ခြင်း)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက် 

ကလေးအဝလွန်ခြင်းသည် ယခုခေတ်တွင် အဖြစ်များလာသော ကျန်းမာရေးအခြေအနေ တစ်ခုဖြစ်ပြီး သာမန်ရှိသင့်သော ကိုယ်အလေးချိန်ထက်ပိုများနေခြင်းမျိုးဖြစ်သည်။ကလေးအဝလွန်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုများဖြစ်တတ်ပြီး အသက်ကြီးလာပါက ဆီးချို၊ သွေးတိုး နှင့် သွေးအတွင်း အဆီဓာတ်များခြင်း စသည့် ရောဂါများ ဖြစ်နိုင်ချေများပါသည်။ ကလေးများ အဝလွန်ခြင်းသည် မျိုးရိုးလိုက်လေ့ရှိပြီး ကလေးများ အဝလွန်ခြင်းကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကျခြင်း နှင့် စိတ်ဓာတ်ကျခြင်းများ ဖြစ်လေ့ရှိပါသည်။ကလေးအဝလွန်ခြင်းအား ကုသရန် အထိရောက်ဆုံး နည်းလမ်းမှာ မိသားစုတစ်စုလုံး၏  အစားအသောက်ပုံစံပြောင်းခြင်းနှင့် မိသားစုလိုက် လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်ပါသည်။ ကလေးအဝလွန်ခြင်းကို ငယ်ရွယ်စဉ်အချိန်တည်းက ကုသမှုပြုမှသာ ကလေး၏ အနာဂတ်ကျန်းမာရေးကို စောင့်ရှောက်ရာ ရောက်မည်ဖြစ်ပါသည်။


လက္ခဏာများ

ကိုယ်အလေးချိန်များသော ကလေးတိုင်း အဝလွန်နေခြင်းမဟုတ်ပါ။ အချို့သောကလေးများတွင် ကိုယ်အလေးချိန်များသော်လည်း ဝခြင်းမဟုတ်ပဲ ခန္ဓာကိုယ် အချိုးအဆစ်ကြီးမားသောကြောင့် ကိုယ်အလေးချိန်များနေခြင်းမျိုးလည်း ဖြစ်တတ်သည်။ ထို့ကြောင့် ကလေးတစ်ဦးအဝလွန်ခြင်းရှိမရှိကို အပြင်ပန်းကြည့်ရုံမျှဖြင့် မသိနိုင်ပါ။ကလေး၏ ကိုယ်အလေးချိန်များ မများကို BMI(Body Mass Index) ကိုယ်အလေးချိန်နှင့် အရပ်အချိုး ဖြင့် တွက်ချက်နိုင်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

လူနေမှု ပုံစံမမှန်ခြင်း - ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ ကယ်လိုရီများသော အစားအသောက်များ စားသောက်ခြင်းတို့သည် ကလေးများ အဝလွန်ခြင်းဖြစ်ရသော အဓိက အကြောင်းအရင်း တစ်ခုပင်ဖြစ်သည်။ ထို့အပြင် ကလေးများ အဝလွန်ခြင်းသည် မျိုးရိုးလိုက်ခြင်းကြောင့်လည်းဖြစ်တတ်သည်။


ဖြစ်နိုင်ချေများသူများ

ကလေးများ အဝလွန်ခြင်းဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ-

• အစားအသောက်ပုံစံမမှန်ခြင်း- ကယ်လိုရီများသော အစားအသောက်များ၊ အမြန်စာများ၊ သကြားလုံးနှင့် အချိုကဲသော အစားအစာများ၊ အသင့်သောက် အချိုရည်များ အစားများလာခြင်းကြောင့် ကလေးများ အဝလွန်လာခြင်းကြောင့်ဖြစ်သည်။

• ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အထိုင်များခြင်း (ဥပမာ- တယ်လီဗေးရှင်း အကြည့်များခြင်း၊ ဂိမ်းအဆော့များခြင်း၊) တို့ကြောင့်လည်း အဝလွန်ခြင်းဖြစ်နိုင်သည်။

• မျိုးရိုးလိုက်ခြင်း - မိသားစုအတွင်းတွင် မိခင်ရော ဖခင်ပါ အဝလွန်နေပါကလည်း ကလေးများတွင် အဝလွန်ခြင်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ မိသားစုအတွင်း စားသောက်မှုပုံစံမမှန်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့ကြောင့် ဖြစ်လေ့ရှိသည်။

• ကလေးများတွင် စိတ်ဖိစီးမှုများခြင်း၊ ကစားဖော်မရှိခြင်း နှင့် မိသားစု ပြဿနာများကြောင့်လည်း အစားများလာတတ်သောကြောင့် ကလေးများ အဝလွန်လာတတ်ခြင်းရှိသည်။


နောက်ဆက်တွဲ ပြဿနာများ

ကလေးများအဝလွန်ခြင်းကြောင့် ကလေး၏ ရုပ်ပိုင်းဆိုင်ရာ မိမိကိုယ်ကိုယ် ယုံကြည်မှုကျခြင်းသာမက စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းနှင့် ပေါင်းသင်းဆက်ဆံရေးတွင် လူရာမဝင်ဆံ့ခြင်းများ ဖြစ်တတ်ပါသည်။

ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ

• အဝလွန်ခြင်း နှင့် အထိုင်များခြင်းကြောင့် အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်ချေများခြင်း။

• နှလုံးရောဂါ၊ဆီးချို၊ သွေးတိုး နှင့် ခန္ဓာကိုယ်အတွင်း အဆီဓာတ်(ကိုလက်စထရော)များခြင်း။

• အသက်ကြီးလာသောအခါ နှလုံးသွေးကြောကျဉ်းရောဂါ၊လေဖြတ်ခြင်း နှင့် သွေးတိုးရောဂါဖြစ်နိုင်ချေများခြင်း။

• ပန်းနာရင်ကြပ်ဖြစ်နိုင်ချေပိုများခြင်း။

• အိပ်ချိန်တွင် အသက်ရှုကြပ်ခြင်း သို့မဟုတ် အသက်ရှု ခေတ္တရပ်သွားခြင်း သို့မဟုတ် အဟောက်လွန်ခြင်း။

• အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း။


စိတ်ပိုင်းဆိုင်ရာ နှင့် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ

• မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်း။

• သူငယ်ချင်းများကြားတွင် အနိုင်ကျင့်ခံရခြင်း။

• စိတ်ဓာတ်ကျခြင်း။

• စာသင်ကြားရာတွင် အခက်အခဲရှိခြင်း။(အဝလွန်သော ကလေးများသည် စိတ်ပူပန်မှုများခြင်း နှင့် ပေါင်းသင်းဆက်ဆံရေး ခက်ခဲခြင်းများရှိတတ်သောကြောင့် စာသင်ကြားရာတွင် သာမန်ကလေးများကဲ့သို့ မဟုတ်ဘဲ အခက်အခဲရှိတတ်ပါသည်။)


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

သင့်ကလေးသည် ပုံမှန်ရှိသင့်သော အသက်အရွယ်တွင် ပုံမှန်ထက် အလွန်အကျွံပိုဝနေပါက BMI ကျော်မကျော် သိရှိစေရန် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

ကလေးတစ်ယောက် ပုံမှန်အားဖြင့် ဖွံဖြိုးမှုရှိမရှိ သိစေရန် BMI (အရပ်နှင့် ကိုယ်အလေးချိန် အချိုး) ဖြင့် ကလေး၏ အသက်တွင် ရှိသင့်ရှိထိုက်သော ကိုယ်အလေးချိန်ရှိမရှိသိနိုင်ပါသည်။

ကလေးငယ်၏ ဖွံဖြိုးမှု ဖြစ်စဉ်ပြဇယားကို ကြည့်၍ သင့်ကလေးငယ်၏ ဖွံဖြိုးမှု အခြေအနေကို သုံးသပ်နိုင်ပါသည်။

BMI(အရပ်နှင့် ကိုယ်အလေးချိန် အချိုး) အပြင် ကလေး အဝလွန်ခြင်းတွင် ထည့်သွင်းစဉ်းစားရမည့် အခြားအကြောင်းအရင်းများလည်း ရှိပါသည်။

• မိသားစု မျိုးရိုးထဲတွင် အဝလွန်သူများရှိခြင်း။

• မိသားစု မျိုးရိုးထဲတွင် အဝလွန်ခြင်းနှင့် စပ်ဆက်သောရောဂါ(ဥပမာ-ဆီးချိုရှိခြင်း)

• ကလေး ၏ စားသောက်မှု ပုံစံမမှန်ခြင်း

• ကလေး ၏ နေထိုင်မှု ပုံစံမမှန်ခြင်း

• စိတ်ဓာတ်ကျခြင်း သို့မဟုတ် ကျောင်းရှိ သူငယ်ချင်းများကြားတွင် အနိုင်ကျင့်ခံရခြင်းကြောင့် စိတ်အားငယ်ပြီး အစားပိုစားလာခြင်း


သွေးစစ်ခြင်း

သင့်ကလေး အဝလွန်နေဟုထင်ပါက အောက်ဖောပြပါ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။

• သွေးတွင်းရှိ ကိုလက်စထရောဓာတ် စစ်ဆေးခြင်း

• သွေးတွင်းရှိ သကြားဓာတ် စစ်ဆေးခြင်း

• သွေးတွင်းရှိ အဝလွန်ခြင်းနှင့် ဆိုင်သော ဟော်မုန်းများနှင့် ဗီတာမင် ဒီဓာတ် စစ်ဆေးခြင်း


ကုသခြင်း

ကလေးအဝလွန်ခြင်းအား ကုသခြင်းပုံစံသည် ကလေး၏ အသက်အရွယ်နှင့် ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီး ကွဲပြားလေ့ရှိသည်။ ကလေးအဝလွန်ခြင်း၏ အထိရောက်ဆုံး ကုထုံးမှာ ကလေး၏ စားသောက်မှုပုံစံနှင့် နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းပင် ဖြစ်သည်။ အချို့သောသူများတွင်မူ လိုအပ်သော ဆေးဝါးများ သောက်သုံးရခြင်းနှင့် ကိုယ်အလေးကျစေရန် ခွဲစိတ်ရခြင်းများ ပြုလုပ်ရလေ့ရှိသည်။

အမေရိကန်နိုင်ငံ ကလေးဆေးပညာဆိုင်ရာ အဖွဲ့အစည်းကြီး၏ အကြံပြုချက်များအရ အသက် ၂နှစ်ထက်ကြီးသော အဝလွန်သော ကလေးများ အားလုံး ကုသမှု ခံယူသင့်သည်ဟု အကြံပြုထားပါသည်။


အဝလွန်သော ကလေးများအတွက် ကုသရန် နည်းလမ်းများ

အသက် ၆နှစ်မှ ၁၁နှစ်ကြားရှိ အဝလွန်သော ကလေးများသည် ကိုယ်အလေးချိန် တစ်လလျှင် ၁ပေါင်ခန့် ကျရန်ကြိုးစားသင့်ပြီး အသက် ၁၁နှစ်ထက်ကြီးပြီး အဝလွန်နေသော ကလေးများတွင်မူ ၁ပတ်လျှင် ၂ပေါင်ခန့် ကျအောင်ကြိုးစားသင့်ပါသည်။


ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ခြင်း

• အစားအသောက်ဝယ်သောအခါ အသီးအရွက်များများဝယ်ပါ။ ကွတ်ကီး၊ကိတ်ခြောက်၊အသင့်စား အစားအစာများ နှင့် အချိုများသော၊အဆီများသော၊ ကယ်လိုရီများသော အစားအသောက်များကို ရှောင်ပါ။

• အသင့်သောက် အချိုရည်များသောက်ခြင်းကို ရှောင်ပါ။( အသင့်သောက် အချိုရည်များတွင် အာဟာရဓာတ်နည်းပြီး ကယ်လိုရီဓာတ်များသောကြောင့်ဖြစ်သည်။)

• အမြန်စာများ စားခြင်းကိုရှောင်ပါ။

• မိသားစုနှင့် အတူတကွ စားသောက်ပါ။ မိသားစုနှင့် အချိန်ပေးပါ။

• တီဗီကြည့်ရင်း အစားစာခြင်း၊ ဂိမ်းဆော့ရင်း အစားစာခြင်း ကို တားမြစ်ပါ။

• ကလေးများအား လိုအပ်သလောက်သာကျွေးပါ။ 


ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း

ကလေးများအား ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ခိုင်းပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းကြောင့် အရိုးနှင့် ကြွက်သားများ သန်မာစေခြင်း၊လန်းဆန်းတက်ကြွစေခြင်း နှင့် ညတွင်ကောင်းမွန်စွာ အိပ်ပျော်စေခြင်းစသည့် အကျိုးကျေးဇူးမျာ းရရှိစေပါသည်။ ကလေးအရွယ်တွင် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်မှသာ ကျန်းမာသန်စွမ်းသော လူငယ်လေးများ ဖြစ်လာနိုင်မည် ဖြစ်ပါသည်။

ကလေးငယ် ကိုယ်လက်လှုပ်ရှာမှု များများပြုလုပ်ဖြစ်စေရန်

• တီဗီ နှင့် ကွန်ပျူတာအသုံးပြုခြင်း၊ လက်ကိုင်ဖုန်းများ နှင့် တက်ဘလက်များသုံးခြင်းတို့ကို အချိန်သတ်သတ်မှတ်မှတ်ထားပါ။ 

• အသက် ၁၈လ ( ၁နှစ်ခွဲ)အောက် ကလေးများအား ကွန်ပျူတာနှင့် ဖုန်း screen များအား ကြည့်ခိုင်းခြင်းတို့ကို လုံးဝရှောင်ပါ။

• အသက်၅နှစ်အောက်ကလေးများအား ကွန်ပျူတာနှင့် ဖုန်း screen များအား တစ်နေ့လျှင် အများဆုံး ၁နာရီခန့်သာ ကြည့်ခိုင်းပါ။

• ကလေးကို ကျောင်းတွင်း လှုပ်ရှားမှုများတွင် ပါဝင်ခိုင်းပါ။

• ကလေးတစ်ယောက်သည် တစ်နေ့လျှင် အနည်းဆုံး ၁နာရီခန့် လှုပ်လှုပ်ရှားရှားလုပ်ရန် လိုအပ်ပါသည်။ ထို့ကြောင့် သင့်ကလေး လှုပ်လှုပ်ရှားရှားဖြစ်စေရန် အားကစား လေ့ကျင့်ခန်းများ လုပ်ခိုင်းသင့်သည့်အပြင် ကလေးအချင်းချင်း တူတူပုန်းတမ်း ကစားခြင်း၊ ကြိုးခုန်ခြင်းစသည့် ကစားနည်းများနှင့်လည်း ကစားခွင့်ပြုပေးပါ။

• ကလေးဝါသနာပါသော အလုပ်များကို ပေးလုပ်ပါ။ (ဥပမာ- စာဖတ်ဝါသနာပါသော ကလေးကို အိမ်အနီးနားရှိ စာကြည့်တိုက်သို့ စက်ဘီးစီး၍ သို့မဟုတ် လမ်းလျှောက်၍ သွားခိုင်းခြင်းများ ပြုလုပ်ခိုင်းပါ။)


ဆေးသောက်ခြင်း

အဆီကျဆေးများ သောက်၍ ကိုယ်အလေးချိန်ကျစေရန် ကြိုးစားခြင်းသည် ကိုယ်အလေးချိန်ကျစေနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ခြင်းကြောင့် မိမိသဘောဖြင့် သောက်သုံးခြင်းမျိုးကို မပြုလုပ်သင့်ပါ။


ကိုယ်အလေးချိန်ကျစေရန် ခွဲစိတ်ကုသခြင်း

ကိုယ်အလေးချိန်ကျစေရန် ခွဲစိတ်ကုသခြင်းသည် အလွန်အဝလွန်နေသော၊ ကိုယ်လက်လှုပ်ရှားခြင်း နှင့် အစားအသောက်ပုံစံပြောင်းသော်လည်း ကိုယ်အလေးချိန်မကျနိုင်သော ကလေးများတွင်သာ မဖြစ်မနေအခြေအနေမျိုးတွင် လုပ်ပေးလေ့ရှိသော်လည်း ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများကိုမှု ယခုအချိန်ထိ  အသေးစိတ်မသိရှိကျသေးပေ။ ခွဲစိတ်မှုပြုလုပ်ရုံတစ်ခုတည်းဖြင့် အဝလွန်ခြင်းကိုမကုသနိုင်ပဲ ခွဲစိတ်မှုပြုလုပ်ပြီးချိန်တွင်လည်း ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် လူနေမှုပုံစံပြောင်းလဲခြင်းတို့ဖြင့် အဝမလွန်အောင် ဆက်လက်ထိန်းသိမ်းရမည်ဖြစ်သည်။


ကာကွယ်ခြင်း

ကလေးငယ်များ အဝလွန်ခြင်းကို ကာကွယ်ရန်အတွက်

• အချိုရည်နှင့် သကြားများများပါသေား အစားအစာများကို လျော့စားခိုင်းပါ။

• သရေစာအဖြစ် အသီးအနှံများကို ကျွေးပါ။ 

• နံနက်စာ၊နေ့လည်စာ၊ ညစာများကို တတ်နိုင်သမျှ မိသားစုနှင့် အတူတူစားသည့် အကျင့်လုပ်ပါ။

• အမြန်စာများစားခြင်း၊ အပြင်စာ စားခြင်းများကို လျော့ပါ။

• ကလေးငယ်၏ အသက်အရွယ်နှင့်လိုက်၍ သင့်တင့်မျှတအောင်ကျွေးပါ။

• တီဗီကြည့်ခြင်း၊ ကွန်ပျူတာဂိမ်းဆော့ခြင်း၊ ဖုန်းသုံးခြင်းများကို အချိန်သတ်မှတ်ပြီးသုံးခိုင်းပါ။

• ကလေးငယ်အား အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ် ဆရာဝန်နှင့့်ပြသ၍ ကျန်းမာရေး စစ်ဆေးမှုခံယူပါ။ BMI (ကလေးငယ်၏ ကိုယ်အလေးချိန်နှင့် အရပ်အချိုး) ပုံမှန်အတွင်း ရှိမရှိ စစ်ဆေးပါ။ BMI ပုံမှန်ထက် ကျော်နေပါက ကိုယ်လက်လှုပ်ရှားမှု ပိုမိုပြုလုပ်ခိုင်းခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံပြောင်းခြင်းများ လုပ်ခိုင်းပါ။


လူနေမှုပုံစံနှင့် အိမ်တွင်းကုထုံးများ

ကလေးငယ်များ အဝလွန်ခြင်းမှ ကာကွယ်နိုင်ရန်မိခင်၏ ကိုယ်အလေးချိန်ကို ကိုယ်ဝန်မဆောင်မှီကပင် ထိန်းညှိပေးပါ။ မိခင်အဝလွန်နေပါက ကလေးပါ အဝလွန်နိုင်သောကြောင့်ဖြစ်ပါသည်။

ကလေးအား ကျန်းမာသန်စွမ်းစေရန် မွေးစမှ ကလေးအသက် ၆လ အထိ မိခင်နို့်တစ်မျိုးတည်းကိုသာ တိုက်ပါ။

အကယ်၍ သင့်ကလေးသည် အဝလွန်သော ကလေးစာရင်းတွင် ပါနေပြီဆိုပါက ကလေး ကိုယ်အလေးချိန်ကျအောင် ကြိုးစားရာတွင် အောက်ပါနည်းလမ်းများဖြင့် ပါဝင်ကူညီပေးပါ။

• မိဘများကိုယ်တိုင်မှ စံပြဖြစ်အောင်နေပါ။ မိဘများကိုယ်တိုင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံးပြပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပြပါ။ မိဘများကိုယ်တိုင် အဝလွန်နေပါကလည်း ကလေးများနှင့်အတူ လိုက်၍ ကိုယ်အလေးချိန်ချရန် ကြိုးစားပါ။

• ကလေးငယ် တစ်ယောက်တည်း၏ စားသောက်မှု ပုံစံကိုပြောင်းခြင်းမျိုးမလုပ်ပဲ မိသားစုဝင်အားလုံး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ အတူတကွ စားသောက်ခြင်းကို ပြုလုပ်ပေးပါ။

• ကလေးငယ်များ ကိုယ်အလေးချိန် ကျအောင် ကြိုးစားသောအခါ မိဘများမှ ကူညီပေးပါ။ ကလေးငယ်အား အားပေးပါ။ ကလေးငယ်အား မိမိကိုယ်ကို ယုံကြည်မှု ရရှိအောင် သင်ကြားပေးပါ။ ကျန်းမားရေးဆိုင်ရာ ဗဟုသုတများအား ကလေးငယ်အား ပြောပြပေးပါ။ ကလေးငယ်၏ ကိုယ်အလေးချိန်အပေါ် ဝေဖန်ခြင်း ရှုံ့ချခြင်းမပြုဘဲ အပြုသဘောဆောင်ပြီး ကိုယ်အလေးချိန် ကျအောင် ကြိုးစားရာတွင် ကူညီပေးပါ။

ထို့အပြင်

• ကလေးငယ်အား အခြားကလေးများနှင့် နှိုင်းယှဉ်၍ ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။ 

• ကိုယ်အလေးချိန် အမြန်ကျစေရန် မနက်စာ၊နေ့လည်စာ၊ညစာများ မစားခိုင်းခြင်းမျိုးမပြုလုပ်ရပါ။

• ကျန်းမာရေးနှင့် ညီညွတ်အောင် အိမ်တွင်ချက်ပြုတ်ကျွေးမွေးပါ။ ကိုယ်လက်လှုပ်ရှားမှုများများ ပြုလုပ်ပေးပါ။

• ကလေးငယ်၏ ကိုယ်အလေးချိန်ကျအောင် ကြိုးစားမှုကို အသိအမှတ်ပြု၍ ချီးကျူးပေးပါ။ အသိအမှတ်ပြုသည့်အနေဖြင့် ကလေးငယ်အား ပန်းခြံပို့ပေးခြင်း စသည်တို့ ပြုလုပ်ပေးပါ။

• ကလေးငယ် ပြောသည့်စကားများကို အချိန်ပေး၍ နားထောင်ပေးပါ။

• ကလေးငယ်အား စိတ်ရှည်ရှည်ထား၍ ကိုယ်အလေးချိန်ချခြင်းကိစ္စကို အားပေးပေးပါ။

Dr.Genius 

Ref: 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18