Print

Tachycardia (နှလုံးခုန်မြန်ခြင်း)

  23-Jan-2019
Preview Image


  နှလုံးတွင်းရှိ Sinoatrial node(SA node)မှ ထုတ်လွှတ်သော လျှပ်စစ်ဓာတ်သည် နှလုံးခုန်ခြင်းကိုဖြစ်စေသည်။ လူကြီးတဦး၏နှလုံးခုန်နှုန်းသည် ပုံမှန်အားဖြင့် တမိနစ်လျှင် ၆၀မှ ၁၀၀ကြားရှိသည်။လေ့ကျင့်ခန်းလုပ်ချိန်၊ ဖျားနာနေချိန်၊ စိုးရိမ်စရာကိစ္စတခုခုနှင့်ကြုံတွေ့ချိန်များတွင် နှလုံးခုန်မြန်တတ်သည်။သို့သော် လှုပ်ရှားမှုမရှိဘဲ နားနေချိန်တွင် နှလုံးခုန်သည် သာမန်ထက်မြန်နေပါက နှလုံး၏လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းတခုခုရှိနေပါသည်။ နှလုံးခုန်မြန်ခြင်းကို သွေးပြန်ခန်းတွင်း နှလုံးခုန်မြန်ခြင်း (Atrial fibrillation, Atrial flutter, Supraventricular tachycardia) ၊ သွေးလွှတ်ခန်းတွင်း နှလုံးခုန်မြန်ခြင်း (Ventricular tachycardia, Ventricular fibrallation) ဟူ၍ အမျိုးအစားခွဲခြားနိုင်ပါသည်။

 

လက္ခဏာများ

- လှုပ်ရှားမှုမရှိဘဲ မောနေခြင်း၊

- ခေါင်းမူးခြင်း၊

- သွေးခုန်နှုန်း မြန်နေခြင်း၊

- ရင်တုန်ခြင်း၊ ရင်ဘတ်ထဲတွင် ဟာခနဲ ခံစားရခြင်း၊

- ရင်ဘတ်အလယ်ဗဟိုတည့်တည့်တွင် အောင့်ခြင်း၊

- သတိလစ်ခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊

 

ဖြစ်ပွားရသော အကြောင်းရင်းများ

- နှလုံးကြွက်သား ဒဏ်ရာရခြင်း၊

- နှလုံးတွင်း မွေးရာပါလျှပ်စစ်ပတ်လမ်းအပိုပါနေခြင်း (ဥပမာ - Long QT   Syndrome)၊

- သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်း၊

- သွေးအားနည်းခြင်း၊

- ဖျားခြင်း၊

- ခန္ဓာကိုယ်၏ သက်စောင့်ဓာတ်များ များလွန်းခြင်း၊ နည်းလွန်းခြင်း၊

- သိုင်းရွိုက်ဓာတ်များခြင်း၊

- ဆေးလိပ်သောက်ခြင်း၊

- အရက်အလွန်အကျွံသောက်ခြင်း၊

- ကဖင်းဓာတ်ပါသော အရည်များ အလွန်အကျွံသောက်ခြင်း၊

- စိတ်ကြွဆေး သုံးစွဲခြင်း၊

        လေ့ကျင့်ခန်းလုပ်ချိန်၊ စိတ်ဖိစီးမှုများချိန်၊ စိုးရိမ်စရာကိစ္စတခုခုနှင့် ကြုံတွေ့ရချိန်တွင်လည်း နှလုံးခုန်မြန်နိုင်ပါသည်။

 

ဖြစ်နိုင်ချေများသူများ

- နှလုံးရောဂါရှိသူများ၊

- သွေးတိုး၊ ဆီးချိုရောဂါ ရှိသူများ၊

- သွေးအားနည်းရောဂါ ရှိသူများ၊

- အဝလွန်သူများ၊

- သိုင်းရွိုက်ရောဂါရှိသူများ၊

- ဆေးလိပ်သောက်သူများ၊

- အရက်အလွန်အကျွံသောက်သူများ၊

- ကဖင်းဓာတ်စွဲနေသူများ၊

- စိတ်ကြွဆေး သုံးစွဲသူများ၊

- စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်များသူများ၊

- မိသားစုတွင်း နှလုံးခုန်မြန်ရောဂါရှိသူများ၊

 

နောက်ဆက်တွဲ ပြဿနာများ

- လေဖြန်းခြင်း၊ လေဖြတ်ခြင်း၊

- နှလုံးရုတ်တရပ် ရပ်သွားခြင်း၊

- နှလုံး၏ သွေးညှစ်နိုင်အား ကျဆင်းလာခြင်း၊

- မကြာခဏ သတိလစ်ခြင်း၊

- ရုတ်တရတ် သေဆုံးနိုင်ခြင်း၊

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

        လှုပ်ရှားမှုမရှိဘဲ နှလုံးခုန်မြန်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သတိလစ်ခြင်းကို မကြာခဏခံစားရပါက နီးစပ်ရာ ဆေးကုသခွင့်လိုင်စင်ရှိသော ဆရာဝန်နှင့် အမြန်ဆုံးပြသရန်လိုအပ်ပါသည်။

 

စစ်ဆေးမှုများ

- Electrocardiography (နှလုံးစက်ဆွဲခြင်း)

- Electrophysiological test (သွေးကြောတွင်းမှ ပိုက်ထည့်ပြီး နှလုံးတွင်းရှိ လျှပ်စစ်ထုတ်လွှတ်မှုကို စစ်ဆေးခြင်း)

- Echocardiogram (နှလုံးပုံရိပ်ဖမ်း၍ စစ်ဆေးခြင်း)

- Magnetic Resonance Imaging (သံလိုက်ဓာတ်ဖြင့် နှလုံးပုံရိပ်ဖမ်းခြင်း)

- Computerized Tomography (ကွန်ပျူတာဓာတ်မှန်ဖြင့် နှလုံးကို စစ်ဆေးခြင်း)

- Coronary Angiogram (dye ထည့်၍ နှလုံးသွေးကြောကို ဓာတ်မှန်ရိုက်ခြင်း)

- Chest X-ray (ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း)

 

ကုသခြင်း

        နီးစပ်ရာ ဆေးကုသခွင့်လိုင်စင်ရှိသော ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။

        ကုသနည်းများမှာ -

- Vagus အာရုံကြောကို ဖိခြင်း

- နှလုံးခုန်နှုန်းထိန်းသည့် သောက်ဆေး၊ ထိုးဆေးများ

- နှလုံးကို shock ရိုက်ခြင်း (Cardioversion)

- နှလုံးခုန်နှုန်းကို ထိန်းပေးသည့်စက် (Pacemaker) တတ်ခြင်း

- နှလုံးကို အလိုအလျောက် shock ရိုက်ပေးသည့်စက်ကို နှလုံးအတွင်းသို့ ထည့်ခြင်း (Implantable cardioverter)

- နှလုံးခွဲစိတ်မှု ပြုလုပ်ခြင်း

 

ကာကွယ်ခြင်း

အောက်ပါတို့ကို ပုံမှန်ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါဖြစ်စေသည့် အခြေအနေကို လျော့နည်းစေပါသည်။

- လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း - တပတ်လျှင် အနည်းဆုံး ၃ ရက်ခန့် ပြေးခြင်း၊ လမ်းမြန်မြန်လျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတို့ကို ပြုလုပ်ရပါမည်။

- ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို ပိုမိုစားသုံးခြင်း

- အဆီများသော အစာများကို လုံးဝရှောင်ကြဉ်ခြင်း

- အငန်ဓာတ် (ဆား၊ ငပိ၊ ငါးခြောက်)ကို လျော့စားခြင်း

- သွေးဖိအားကို ပုံမှန်ပမာဏအတွင်း ထိန်းထားခြင်း (၁၂၀/၈၀ အောက်)

- ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ခြင်း

- အရက် အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ခြင်း

- ကဖင်းဓာတ်ပါသော အရည်များ လျော့သောက်ခြင်း

- စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့ချခြင်း (ဥပမာ - တရားထိုင်ခြင်း)

- တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူခြင်း

 

Ref: Mayo Clinic

Post by Dr.Khine Wut Yee San

 

  သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18