Print

အသားအရေအတွက် မန်ကျည်းသီးကို အသုံးချနည်း အသွယ်သွယ်

  08-Sep-2018
Preview Image

အက်ဒ်မင်ဆယ်ကျော်သက်တုန်းက မျက်နှာအရမ်းအဆီပြန်လို့ အက်ဒ်မင့်အဒေါ်က မန်ကျည်းသီးမှည့်ကို ရေနဲ့ အနှစ်ပျစ်ပျစ်ရအောင် လုပ်ပေးပြီး အဲဒီ အနှစ်နဲ့ မျက်နှာသစ်ခိုင်းလို့ အဆီပြန်တာ သက်သာသွားတာ အခုထိ မှတ်မိနေပါတယ်။ နောက်ပြီး အိမ်မှာဆိုလည်း လူကြီးတွေက ကြေးဆင်းတု၊ ကြေးဖလားတွေကို မန်ကျည်းသီးအနှစ်နဲ့ ပွတ်ဆေးရင် တောက်ပြောင်တယ်ဆိုပြီးသုံးကြတာ ယောင်းတို့သတိထားမိမှာပါ။

မြန်မာနိုင်ငံမှာ အလွယ်တကူရရှိပြီး တန်ဖိုးအားဖြင့်လည်း ဈေးသက်သာတဲ့ မန်ကျည်းသီးမှာ ဆေးဖက်ဝင်တဲ့ အစွမ်းသတ္တိတွေ အများကြီးဆိုတာကို ရှေးယခင်ကတည်းက လက်ခံခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာလည်း မန်ကျည်းသီးရဲ့ သဘာဝအစွမ်းသတ္တိတွေကို သိပ္ပံနည်းကျလက်ခံလာကြပြီလေ။

ကိုယ်ခန္ဓာအတွက် မန်ကျည်းသီးက အကျိုးများစေပါတယ်တဲ့… ဒီတော့ မန်ကျည်းသီးကို သုံးပြီး ယောင်းတို့ အသားအရေလေးနူးညံ့ချောမွေ့သွားအောင် ဘယ်လိုလုပ်နိုင်တယ်၊ ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာ အက်ဒ်မင် ဝေမျှပေးမယ်နော်… 

မန်ကျည်းသီးမှာ အသားအရေကို အကျိုးပြုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်ပြီး အသက်အရွယ်ကြောင့် ဖြစ်ရတဲ့ အမည်းစက်တွေကို လျော့ပါးစေတာ၊ ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ဒါ့အပြင် alpha hydroxy acids ဆိုတဲ့ ဓာတ်ပစ္စည်းပါဝင်တာကြောင့် အိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးပါတယ်။ ဒီလိုအကျိုးများစွာရှိတဲ့ မန်ကျည်းသီးကို ယောင်းတို့ အသားအရေအတွက်ထိရောက်မှုရှိအောင် ဘယ်လိုအသုံးချရမလဲဆိုတဲ့ နည်းလမ်းတွေ ပြောပြပေးမယ်နော်။


၁။ ပေါင်းတင်အနှစ်လုပ်နည်း – ၁

ပေါင်းတင်အနှစ်

မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်း တစ်ဇွန်း

ဒိန်ချဉ် လက်ဖက်ရည်ဇွန်း            တစ်ဇွန်း

နှင်းဆီရည် လက်ဖက်ရည်ဇွန်း      တစ်ဇွန်း

အဲဒါတွေ အားလုံးကို ရောမွှေပြီး ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် မျက်နှာပေါ်မှာ ထားပါ။ ပြီးရင် ရေဆေးချလိုက်ရုံပဲနော်။


၂။ ပေါင်းတင်အနှစ်လုပ်နည်း –  ၂

ပေါင်းတင်အနှစ်

မန်ကျည်းသီးအနှစ်  -  စားပွဲတင်ဇွန်းတစ်ဇွန်း

နနွင်းမှုန့်   -    လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပါဝင်ပစ္စည်းတွေကို ရောမွှေပြီး ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် မျက်နှာပေါ်မှာ ထားပါ။ ပြီးရင် ရေဆေးချလိုက်ရုံပဲနော်။


၃။ ပေါင်းတင်အနှစ်လုပ်နည်း – ၃

ပေါင်းတင်အနှစ်

မန်ကျည်းသီးအနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပျားရည်         -       လက်ဖက်ရည်ဇွန်း တစ်ဇွန်း


ဂျုံမှုန့်         -           လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

ပါဝင်ပစ္စည်းတွေကို ရောမွှေပြီး ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် မျက်နှာပေါ်မှာ ထားပါ။ ပြီးရင် ရေဆေးချလိုက်ရုံပဲနော်။


၄။ မန်ကျည်းသီး ကြေးချွတ်မှုန့် (Scrub)

ပေါင်းတင်အနှစ်

မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်းနှစ်ဇွန်း


သကြားအညို     -    စားပွဲတင်ဇွန်းနှစ်ဇွန်း

မုန်ဖုတ်ဆိုဒါ      -     လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

သံပုရာရည်     -       လက်ဖက်ရည်ဇွန်း နှစ်ဇွန်း


ဒါတွေအားလုံးကိုရောမွှေပြီး မျက်နှာကို စက်ဝိုင်းပုံလှည့်ပတ်ပွတ်တိုက်ပေးနော်။ ဒါဆိုယောင်းတို့မျက်နှာပေါ်က အညစ်အကြေးတွေ၊ ဆဲလ်သေတွေကွာပြီး နူးညံ့ချောမွတ်တဲ့ မျက်နှာလေးပိုင်ဆိုင်နိုင်ပြီပေါ့။

 မန်ကျည်းအနှစ်ကို ဘယ်လို လုပ်ရမလဲဆိုတာ မသိတဲ့ ယောင်းတွေအတွက် ဘယ်လို လုပ်ရမလဲ ပြောပြပေးမယ်နော်… မန်ကျည်းအနှစ်လုပ်မယ်ဆို မန်ကျည်းသီးမှည့်တွေကို အညစ်အကြေးကင်းစင်အောင်ဆေး၊ ရေသန့်သန့်မှာ စိမ်ပြီး အနှစ်လုပ်၊ ဒါမှမဟုတ် ရေနည်းနည်းကို ပွက်ပွက်ဆူအောင်လုပ် အဲဒီထဲ မန်ကျည်းသီးမှည့်တွေထည့်ပြီး အားလုံး ပျော်သွားသည်အထိမွှေ အစရှိသဖြင့် အဆင်ပြေသလို လုပ်နိုင်ပါတယ်နော်။

သဘာဝပစ္စည်းလေးတွေနဲ့ ယောင်းတို့ လှပကြပါစေ။


Credit : ရွှေချစ်သူ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18