Print

မွေးကျွတ်နာအကြောင်း

  08-Aug-2018
Preview Image


မွေးကျွတ်နာဆိုတာရှင်းပြပေးပါ။
မွေးကျွတ်နာ (Folliculitis) ဆိုတာ အရေပြားမှာ ရောဂါပိုးဝင်တာတစ်ခုပါ။ အဖြစ်များ ပါတယ်။ မွေးညင်းပေါက်၊ အမွေးနဲ့ ပတ်ဝန်းကျင်က အရေပြားမှာ ဗက်တီးရီးယားပိုးဝင်လို့ ရောင်ရမ်းနာကျင်နေတာဖြစ်ပါတယ်။ အနီစက်ကလေး ပုံစံနှင့် စဖြစ်တယ်။ နာက်တော့ ပြည်စုလာပြီး ပြည်တည်နာ ဖြစ်လာပါတယ်။ ကိုယ်ခန္ဓာသန့်ရှင်းရေး ဂရုစိုက်ထိန်းသိမ်းပေးရင် ပြန်ပျောက်သွားလေ့ ရှိပါတယ်။ အဲဒီလို မပျောက်ဘဲ တခြားနေရာတွေမှာပါ မွေးကျွတ်နာတွေ ပေါက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။

တွေ့မြင်ရတဲ့လက္ခဏာတွေကို ပြောပြပေးပါ။ 
မွေးကျွတ်တာဟာ အရွယ်အစားအနေနဲ့ ပုံမှန်အားဖြင့် ပဲစေ့လောက်ရှိတယ်။ ပိုဆိုးလာရင် ဆီးသီးလုံးလောက်အထိတောင် ကြီးနိုင်တယ်။ အတွေ့များတာက နီရဲမယ်၊ ရောင်ရမ်းမယ်၊ နာကျင်မှုရှိမယ်။ သားနံရည်ကြည်ထွက်တာ၊ အဖတ်တွေ ကပ်နေတာတွေ ရှိနေတတ်ပါတယ်။ လူလည်း နေလို့မကောင်းတာ ဖြစ်တတ်ပါတယ်။ ဖျားတာ၊ မောပန်းနွမ်းနယ်တာ မျိုးတွေပါရှိရင် ဆရာဝန်နဲ့ မြန်မြန်ပြသပါ။

မွေးကျွတ်နာက ကိုယ်ခန္ဓာဘယ်နေရာတွေမှာ ဖြစ်တတ်သလဲ။
ကိုယ်ခန္ဓာ ဘယ်နေရာမှာမဆို မွေးကျွတ်နာ ဖြစ်နိုင်တယ်။ အများဆုံးက မျက်နှာ၊ လည်ပင်း ချိုင်း၊ (ဂျိုင်း)၊ ပခုံး၊ နောက်ကျောနဲ့ တင်ပါးလိုနေရာတွေမှာ ဖြစ်လေ့ရှိတာပါ။ ချွေးထွက်ပြီး အမွေးထူတဲ့ နေရာတွေ၊ ပွတ်တိုက်မှုများတဲ့ နေရာတွေမှာ အဓိကဖြစ်တာပါ။ နားရွက်နဲ့ နှာခေါင်းတစ်ဝိုက်မှာလည်း ဖြစ်တတ်ပါသေးတယ်။ မွေးကျွတ်နာမှာ ပြည်တည်လာရင် နာကျင်မှု ပိုဆိုးလာပါတယ်။ ပြည်ထွက်သွားမှ နာတာလျော့သွားတယ်။

ဘာကြောင့် မွေးကျွတ်နာဖြစ်တာလဲ ဆိုတာရော ပြောပြပေးဦး။
ဗက်တီးရီးယား ပိုးဝင်လို့ပါ။ စတတ်ဖလိုကော့ကပ်စ် အောရီးယပ်စ်လို့ခေါ်တဲ့ ဗက်တီးရီးယားပါ။ လူ့အရေပြားမှာ ဒီဗက်တီးရီးယားက ပုံမှန်အမြဲရှိနေတတ်တယ်။ အထူးသဖြင့် နှာခေါင်းအတွင်းဘက် နေရာတွေမှာပါ။ အရေပြားပွန်းပဲ့တာ၊ ထိရှတာ၊ပေါက်ပြဲတာတွေ ဖြစ်တဲ့အခါ အနာထဲကို ပိုးဝင်ပြီး အမွေးပေါက်တဲ့နေရာမှာ မွေးကျွတ်နာ စဖြစ်တာပါ။ ဝက်ခြံကြောင့် အမြှေးအိတ်၊ အဆီအိတ်တွေ ပိတ်တဲ့အခါမှာ ထပ်ဆင့်ဖြစ်တာပါ။

မွေးကျွတ်နာဟာ တစ်ဦးကတစ်ဦးကို ကူးစက်တတ်ပါသလား။
အမြဲ ကူးစက်ရမယ်တော့ မဟုတ်ဘူး။ ဒါပေမယ့် အသားချင်း တိုက်ရိုက်ထိတွေ့မှု၊ အသုံးအဆောင်တွေကနေ တစ်ဆင့်ခံ ထိတွေ့မှုတွေကနေ ကူးစက်နိုင်ချေရှိတယ်။ အရေပြားပေါက်ပြဲပွန်းပဲ့တာ မရှိရင် ဒီပိုးက ဘာဒုက္ခမှ မပေးဘူး။ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်း၊ အဝတ်အစား စတာတွေကို ဝေမျှမသုံးပါနဲ့။ မွေးကျွတ်နာကို ဖုံးအုပ်ထားပါ။ မကိုင်ပါနဲ့၊ လက် မကြာမကြာဆေးပါ။ ဒါတွေက ကူးစက်တာကို ကာကွယ်ပေးပါတယ်။

မွေးကျွတ်နာအစပိုင်းပုံစံ ဘယ်လိုမျိုးလဲ။
အမွေးပတ်လည်မှာ အနီရောင်၊ အဖြူရောင်အဖု သေးသေးလေးတွေ ပေါ်လာတယ်၊ ယားတယ်၊ အနေရခက်တယ်၊ အရမ်းမနာသေးပါဘူး။ ဒါက အစပိုင်းပါ။ နောက်တော့ အမွေးတစ်ပင်တည်းမကဘဲ အမွေးသုံးလေးပင်အပါအဝင် မွေးကျွတ်နာ အစုလိုက်ဖြစ်ပြီး တဖြည်းဖြည်း ကြီးလာတာပါ။ အမွေးရိတ်ဓားနှင့် ပွတ်တာ၊ အဝတ်အစားကျပ်ကျပ် ဝတ်မိလို့ ပွတ်တိုက်တာတွေကြောင့် ရောဂါပိုး ထပ်မံပျံနှံ့သွားတတ်ပါတယ်။

ချိုင်း (ဂျိုင်း)နဲ့ ပေါင်ခြံတွေမှာ မွေးကျွတ်နာဖြစ်ရင် ပုံမှန်တွေ့နေကျ မွေးကျွတ်နာပုံစံပဲလား။
ဒီလိုနေရာတွေမှာ အဖုတွေ၊ ပြည်တည်နာတွေ မကြာခဏဖြစ်ရင်၊ အချိန်ကြာရင်၊ ပြန်ပြန်ဖြစ်ရင် ရိုးရိုးမွေးကျွတ်နာထက် ပိုဆိုးရွားတဲ့ Hidradenitis Suppurativa ဆိုတဲ့ ရောဂါကို စဉ်းစားရတယ်။ ဒီနေရာမှာ ချွေးအိတ်တွေများပြီး ချွေးဂလင်းနဲ့ အမွေးအိတ်ပိုးဝင်တာက စတာပါ။ ဖြစ်တာ ကြာတတ်လို့ ဂရုစိုက်ကုသရမှာပါ။

မြီးညောင်းရိုးက မွေးကျွတ်နာကရော ဘယ်လိုမျိုးလဲ။
တင်ပါးအပေါ်မြီးညောင်းရိုးနေရာမှာ မွေးကျွတ်နာဖြစ်ရင် pilonitals abscess လို့ခေါ်ပါတယ်။ အထိုင်များတာ၊ ဖိအားများတာ၊ ပွတ်တိုက်မှုနဲ့ တ့ုံံပြန်မှုများတာတွေ ပေါင်းပြီး မွေးကျွတ်နာဖြစ်တာပါ။ ကလေးငယ် တချို့မှာ မွေးကတည်းက အဲဒီနေရာမှာ အချိုင့်လေး ရှိနေတတ်တယ်။ အဲဒီနေရာကို အထူးဂရုစိုက် သန့်ရှင်းပေးသင့်ပါတယ်။

မျက်တောင်မှာ မွေးကျွတ်နာဖြစ်ရင် မျက်ခွံစွံတယ်လို့ ခေါ်ကြတာကို ပြောပြပေးပါ။
မှန်ပါတယ်။ မျက်စိစွံတယ်လို့ ပြောကြတဲ့ မျက်တောင်မွေးကျွတ်နာ (Style) ဟာလည်း ဗက်တီးရီးယားပိုးဝင်လို့ပါပဲ။ မျက်တောင်နေရာမှာ အစေ့ကလေးစဖြစ်လာပြီး အနီရောင်အဖုအဖြစ် တဖြည်းဖြည်းကြီးလာတယ်။ နေရခက်တယ်။ မျက်ခွံမှာဖြစ်တဲ့ Chlazion လို့ခေါ်တဲ့ အကျိတ်နဲ့ မှားတတ်တယ်။ သူက နာကျင်မှုမရှိဘူး။ မျက်တောင်မွေးကျွတ်နာက နာတယ်။

ဘယ်သူတွေ မွေးကျွတ်နာ အဖြစ်များသလဲ။

ဘယ်သူမဆို မွေးကျွတ်နာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပိုအဖြစ်များတဲ့သူတွေရှိတယ်။ မွေးကျွတ်နာဖြစ်တဲ့သူနဲ့ အတူနေသူတွေ၊ ဝက်ခြံ၊ ယားနာစတဲ့ အရေပြားပွန်းပဲ့နာရှိသူတွေ၊ ဆီးချိုဝေဒနာရှင်တွေ၊ ကိုယ်ခံအားနည်းသူတွေဟာ သာမန်လူတွေထက်မွေးကျွတ်နာ ပိုဖြစ်နိုင်ကြတဲ့သူတွေပါ။

မွေးကျွတ်နာကို မိမိဘာသာ ဘယ်လိုပြုစုကုသမလဲ ဆိုတာရှင်းပြပါ။
မွေးကျွတ်နာအများစုကို ကိုယ့်ဘာသာ ပြုစုကုသနိုင်ပါတယ်။ အနာကို ရေနွေးအိတ် တစ်နေ့ သုံးလေးကြိမ်အုပ်ပေးပါ။ ပျော့လာပြီ ပြည်နဲ့အရည် ပိုထွက်ဖို့ ပိုလွယ်ပါတယ်။ ပေါက်သွားပြီဆိုရင်လည်း ရေနွေးအဝတ်နဲ့ အသာအယာဖိကပ်ပြီး အရည်ကုန်အောင် ဖိအုပ်ပေးပါ။ တစ်ကြိမ်ကို အဝတ်တစ်ထည်သုံးပါ။ သုံးပြီးသား ပြန်မသုံးရပါ။ လျှော်ဖွပ်ခြောက်သွေ့ပြီးမှ ပြန်သုံးနိုင်ပါတယ်။ ပတ်တီးစည်းပြီး လက်စင်အောင်ဆေးပါ။ ညှစ်ချင်၊ ကုတ်ဖဲ့ချင်စိတ်ကို အောင့်အည်းထားပါ။ အနာပိုဆိုးပြီး ပိုးမွှားပိုမို ပျံနှံ့လွယ်လို့ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်ပါသလဲ။
တစ်ပတ်ကြာလို့မှ အနာမကျက်ရင် ဆရာဝန်နဲ့ပြပါ။ ဒါမှမဟုတ် မွေးကျွတ်နာဟာ အောက်ပါအခြေအနေတွေမှာ ဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသကုသပါ။
- မျက်နှာနဲ့ ကျောရိုးနေရာက မွေးကျွတ်နာတွေ၊
- ဖျားနာခြင်း၊ အနာနေရာမှာ အနီအစင်းပေါ်လာခြင်း၊
- အရမ်းကြီးတဲ့နေရာ၊ အရမ်းနာကျင်တဲ့ မွေးကျွတ်နာ၊ 
- ပြန်ဖြစ်တဲ့ မွေးကျွတ်နာ၊

မွေးကျွတ်နာကုသပုံအကြောင်းလည်း ရှင်းပြပေးပါ။
မွေးကျွတ်နာရဲ့ အရည်နဲ့ ပြည်ဟာ သူ့ဟာသူ မပေါက်ထွက်ဘူးဆိုရင် ဆရာဝန်က ခွဲစိတ်ဓားနဲ့ ဖောက်ထုတ်ပေးရတယ်။ အနာအခေါင်းထဲကို သန့်ရှင်းတဲ့ ပတ်တီးစထည့်ပြီး အရည်ကုန်အောင် ထွက်စေရသည်။ ပိုးသတ်ဆေးများလည်း လိုအပ်တယ်။

နောက်ဆက်တွဲပြဿနာတွေ ဖြစ်တတ်သေးလား။

မွေးကျွတ်နာအများစုက ကုသမှုနဲ့ လုံးဝပျောက်ကင်းလေ့ရှိတယ်။ မျက်နှာက မွေးကျွတ်နာဆိုရင် ပိုးသတ်ဆေးသောက်ဖို့ လိုတယ်။ မျက်နှာက ဦးနှောက်နဲ့ နီးကပ်ပြီး ရောဂါပိုး လွယ်လွယ်နဲ့ မြန်မြန်ကူးစက်နိုင်ခြေရှိလို့ပါ။ ရှားရှားပါးပါး အခြေအနေမှာ ဗက်တီးရီးယားပိုးက သွေးထဲရောက်ပြီး သွေးဆိပ်တက်တာ၊ အခြားအင်္ဂါတွေကို ကူးစက်တာလည်း ဖြစ်နိုင်ခြေရှိတယ်။

မွေးကျွတ်နာပျောက်ပြီးမှ ပြန်ဖြစ်ရင် ဘယ်လိုလုပ်သင့်ပါသလဲ။
လူတချို့မှာ မွေးကျွတ်နာ မကြာခဏပြန်ဖြစ်လေ့ရှိတယ်။ ကုသမှုအပြင် ကိုယ်ခန္ဓာအရေပြားမှာ ခိုအောင်းနေတဲ့ ဗက်တီးရီးယားပိုးတွေကို သန့်စင်အောင်လုပ်ပေးရတယ်။ ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာ စွဲသုံးရတယ်။ နှာခေါင်းအတွင်းဘက်ကို ပိုးသတ်ဆေး အမြဲလိမ်းပေးပါတယ်။ ပိုးသတ်ဆေး တစ်လ၊ နှစ်လကြာအောင် ဆက်တိုက်သောက်ရတယ်။

မွေးကျွတ်နာမဖြစ်အောင် ဘယ်လိုကာကွယ်ပေးလို့ရမလဲ။
ဗက်တီးရီးယားပိုးဆိုတာ နေရာတကာမှာ ရှိတယ်။ သင့်အရေပြားပေါ်မှာလည်း ရှိတယ်။ ကာကွယ်မှုအတွက် ဒါတွေကို ဂရုစိုက်လုပ်ဆောင်ပါ။
- လက်ကိုအမြဲ ဆပ်ပြာနဲ့မှန်မှန်ဆေးပါ။
- ထိရှနာ၊ ပွန်းပဲ့နာ၊ ကုတ်ခြစ်နာတွေကို ဂရုစိုက်ပြီး သန့်ရှင်းပေးပါ။
- အနာတွေကို ပတ်တီးစနှင့် ဖုံးအုပ်ထားပါ။
- မုတ်ဆိတ်ရိတ်ဓား၊ အဝတ်အထည်၊ ပဝါစတာတွေကို ဝေမျှမသုံးပါနဲ့။
- အနာနဲ့ထိတွေ့တဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို ရေနွေးနဲ့ ပြုတ်လျှော်ပါ။ အနာသန့်ရှင်းထားတဲ့ ဂွမ်း စတာတွေကို လုံခြုံအောင် စွန့်ပစ်ပေးပါ။ ဒါတွေကို ဆောင်ရွက်ပေးမယ်ဆိုရင် မွေးကျွတ်နာ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။


Ref:
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18