Print

ဆေးပုံမှန်မသောက်ခြင်း၊ ဆေးယဉ်ပါးတီဘီဖြစ်နှုန်းများခြင်း၊ တီဘီ/အိပ်ချိအ...

  20-Aug-2018
Preview Image

ဆေးပုံမှန်မသောက်ခြင်း၊ ဆေးယဉ်ပါးတီဘီဖြစ်ပွားနှုန်းများခြင်း၊ တီဘီ/အိပ်ချိအိုင်ဗွီရောဂါ ယှဉ်တွဲဖြစ်ပွားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံသည် တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံများတွင် လက်ရှိအချိန်ထိ ပါဝင်နေဆဲဖြစ်ကြောင်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။


မြန်မာနိုင်ငံမှာ တီဘီလူနာသစ်က လူဦးရေတစ်သိန်းမှာ ၃၆၁ ဦးနှုန်းရှိပြီး တီဘီရောဂါကြောင့် သေဆုံးနှုန်းက လူတစ်သိန်းမှာ ၄၇ ဦး နှုန်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သလိပ်ပိုးတွေ့ တီဘီလူနာ ၄၉၃၉၉ ဦး ကုသပေးနိုင်ခဲ့ပြီး စုစုပေါင်းတီဘီလူနာ ၁၃၁၇၇၅ ဦးကို ကုသနိုင်ခဲ့တယ်။ ရောဂါကုသမှု အောင်မြင်နှုန်းအရ ရာခိုင်နှုန်းအားဖြင့် ၈၀ ကျော်လောက်ရှိပေမယ့် လူနာတွေက တီဘီဆေးပုံမှန်မသောက်တာ၊ ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားနှုန်းများတာ၊ တီဘီ/အိပ်ချိအိုင်ဗွီရောဂါ ယှဉ်တွဲဖြစ်ပွားတာ၊ အာဟာရချို့တဲ့တာ၊ တီဘီလူနာတွေမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားတာတွေကြောင့် ရောဂါအဖြစ်အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ် ဟု အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ ဒေါက်တာစည်သူအောင်က ပြောကြားသည်။


လက်ရှိမြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါအဖြစ်အများဆုံး နိုင်ငံ ၃၀၊ ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံ ၃၀ နှင့် တီဘီ/အိပ်ချိအိုင်ဗွီ အဖြစ်အများဆုံး နိုင်ငံ ၃၀ တွင် ပါဝင်နေဆဲဖြစ်ကြောင်းနှင့် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းနှင့် တီဘီလူနာအသစ်ဖြစ်နှုန်းတို့မှာ တဖြည်းဖြည်းကျဆင်းလျက်ရှိသော်လည်း ကျဆင်းနှုန်းမှာ ခန့်မှန်းထားသည်ထက် အလွန်နှေးလျက်ရှိကြောင်း သိရသည်။


ဝန်ကြီးဌာနအနေဖြင့် တီဘီရောဂါတိုက်ဖျက်ရေးအတွက် သုံးနှစ်အတွင်း ဘတ်ဂျက် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး တီဘီရောဂါကို ၂၀၂၀ ပြည့်နှစ်အတွင်း ရာခိုင်နှုန်း ၄၀ အထိ လျော့ချနိုင်ရေးနှင့် ဆေးယဉ်ပါးတီဘီရောဂါအား ၂၀၁၅ မှ ၂၀၂၀ ပြည့်နှစ်အတွင်း ငါးရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် မျော်မှန်းထားကြောင်း အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ သိရသည်။


မြန်မာနိုင်ငံ၌ အမျိုးသားများသည် အမျိုးသမီးများထက် တီဘီရောဂါ ပိုမိုဖြစ်ပွားလျက်ရှိပြီး ဆေးယဉ်ပါး တီဘီဝေဒနာရှင်များ မြင့်တက်လျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံးတွင် တီဘီရောဂ့ကြောင့် သေဆုံးသူပေါင်း ၁ ဒသမ ၄ သန်းရှိကာ ယင်းတို့အနက် တီဘီရောဂါရှင် လေးသိန်းမှာ အိပ်ချ်အိုင်ဗွီရှိသူများ ဖြစ်နေကြောင်းနှင့် လူဦးရေတစ်သိန်းကိုးသောင်းမှာ ဆေးယဉ်ပါးတီဘီလူနာများဖြစ်ပြီး ကလေး ၁၄၀၀၀၀ သေဆုံးခဲ့ကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ သိရသည်။


ဆေးယဉ်ပါးတီဘီ လူနာအများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြီး လူဦးရေထူထပ်ခြင်း၊ ရွှေ့ပြောင်းလုပ်သားများခြင်း၊ တီဘီလူနာများခြင်း၊ အိပ်ချ်အိုင်ဗွီကူးစက်နှုန်းများခြင်း စသည်တို့ကြောင့် ရောဂါကူးစက်ပြန့်ပွားနှုန်း မြင့်မားနေကြောင်း သိရသည်။


အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းအနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် တီဘီရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ်မှ ဖယ်ရှားနိုင်ရန် လုပ်ဆောင်နေကြောင်းနှင့် ဆေးယဉ်ပါး တီဘီတိုက်ဖျက်ရေးလုပ်ငန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်နယ်၊ (လားရှိုး၊ တောင်ကြီး၊ ကျိုင်းထုံ) ကချင်၊ ကရင်၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူးနှင့် ရခိုင်ပြည်နယ်တို့တွင် လုပ်ဆောင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်းက ဆေးယဉ်ပါးတီဘီဖြစ်နှုန်း အများဆုံးရှိနေသည့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးကို ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။


Credit: Eleven News



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18