Print

မကွေး သင်ကြားရေးဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ လူနာ ၄၀ ခန့်ရှိ၊...

  24-Aug-2018
Preview Image

မကွေးမြို့၊ သင်ကြားရေးဆေးရုံကြီးမှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ လူနာ ၄၀ လောက် တက်ရောက်နေပြီး အရေးပေါ်သွေးလိုအပ်ချက်တွေ ရှိနေကာ ၂ ဦး သေဆုံးတယ်လို့ ဆရာဝန်တဦးက ပြောပါတယ်။ သင်ကြားရေးဆေးရုံက အမည်မဖော်လိုတဲ့ဆရာဝန်တယောက်က “ကျန်းမာရေး ဌာနတွေအနေနဲ့ မထိန်းချုပ်နိုင်ရင် သူတို့အပြစ်လို့ မြင်နေကြပြီး အစိုးရပိုင်းနဲ့ ချိတ်ဆက်မှု အားနည်းနေတယ်။ အစိုးရက မသိသေးတာလား၊ ကြက်ခြေနီတွေဘာတွေ လှုပ်ရှားတာလည်း မတွေ့ဘူး။


တကယ်တမ်းတော့ ရောဂါမဖြစ်အောင် ပိုင်ပိုင်နိုင်နိုင် ကာကွယ်ဖို့ လိုအပ်တယ်။ ရေစကြို ဘက်မှာဆိုရင် ကာကွယ်တဲ့ဆေးတွေ ခတ်၊ ဆေးဖြန်းတာတွေ လုပ်လိုက်တော့ ထိန်းချုပ်နိုင်သွားတယ်လို့ သိရတယ်။ ဆေးရုံပိုင်း ဝန်ထမ်းတွေက ရောဂါ အခြေနေအပြင်ကို ပေါက်ကြားမှာ ကြောက်နေကြတယ်။ တကယ်ဆိုရင် အစိုးရနဲ့ချိတ်ဆက်ပြီး ရောဂါကာကွယ်ထိန်းချုပ်မှုတွေ လုပ်ရမှာ သွေးလှူရှင်တွေနဲ့လည်း အဆင်မပြေမှုတွေရှိနေတယ်” လို့ ပြောပါတယ်။အခုလက်ရှိမှာ ၂ ယောက် သေဆုံးသွားပြီဖြစ်သလို ကလေးမ ၁ ယောက်ရဲ့ အခြေနေကလည်း စိုးရိမ်ရိမ်ရတယ်လို့ ဆိုပါတယ်။


“ကလေးတယောက်က သွေး ၁၈ လုံးရှိပြီး ဆုံးသွားတယ်။ သေဆုံးတာ ၂ ယောက်ရှိပြီ။ သြဂုတ်လ ၁၉ ရက်နေ့က နောက်ကလေးတယောက်က လသားအရွယ်ပါ။ အသည်းရောင်အသားဝါ ဖြစ်တယ်ဆိုပြီးလာတာ သွေးလွန်တုပ်ကွေးဖြစ်နေတယ်။ ဒီနေ့ ကလေးမတယောက်က ၅၀/၅၀ ဘဲရှိတယ်။ ဆရာဝန်တွေက ဂရုမစိုက်လို့ဆိုပြီး ကလေးကလည်း ဒဏ်မခံနိုင်လို့ဆိုပြီး ဆေးရုံကဆင်းသွားတယ်။ ဒီထက်မက ရှိတယ်။ ဆေးရုံတက်နေတဲ့ လူနာကတော့ ၄ဝ လောက်ရှိတယ်” လို့ ပြောပါတယ်။


ချောက်မြို့နယ် သန်းကုန်းကျေးရွာက လူနာရှင်တဦးဖြစ်တဲ့ ကိုသိန်းဇော်က “ခုလောလောဆယ် သွေးတွေကလည်း အံနေတော့ မသက်သာဘူး။ ကျနော်တို့က သွေးလှူရှင်တွေ ရှာရတယ်။ သွေးလှူရှင်တွေခေါ်လာပြီး သွေးဘဏ်တင်ဖို့ပြောတော့ မအားသေးဘူးပြောပြီး ဆရာဝန်တွေက ငေါက်လွှတ်တယ်။ ကလေးကလည်း မသက်သာဘူး၊ ခုထိသွေးရှနေရတုန်း။ သွေးလှူရှင်တွေကိုလည်း ၂ နာရီလောက်စောင့်ခိုင်းတဲအတွက် လှူမဲ့သူတွေက စိတ်မရှည်ကြဘူး။ အလုပ်ကိုမလေးစားလို့လား၊ ဝန်ထမ်းအင်အားပဲ မပြည့်စုံလို့လားမသိဘူး။ သွေးလှူရှင်တွေက သင်ကြားရေးဆေးရုံဆိုရင် မလိုက်ချင်ကြဘူး၊ ဆက်ဆံရေးမပြေဘူး အချိန်ကြန့်ကြာတယ်ဆိုပြီးငြင်းချင်တယ်” လို့ ဆိုပါတယ်။


မကွေးတိုင်းပြည်သူ့ဆေးရုံကြီးနဲ့ သင်ကြားရေး ဆေးရုံမှာ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားနှုန်းများနေပြီး သွေးလိုအပ်ချက်တွေ ရှိနေကာ အစိုးရပိုင်းကပါ ရောဂါကာကွယ်ထိန်းချုပ်ပေးဖို့ လိုအပ်နေတယ်လို့ ကျန်းမာရေးဌာန အသိုင်းအဝိုင်းက သိရပါတယ်။


သတင်း-မင်းထီး
Credit: DVB News



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18