Print

Fetal Macrosomia (မွေးကင်းစကလေး အရွယ်အစားကြီးခြင်း)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

မွေးကင်းစကလေး အရွယ်အစားကြီးခြင်းဆိုသည်မှာ မွေးပြီးပြီးချင်း ကလေး၏ ကိုယ်အလေးချိန်သည် ၈ပေါင် ၁၃ အောင်စ (၄၀၀၀ ဂရမ်) ထက်များခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ကလေး၏ကိုယ်အလေးချိန် ၉ပေါင် ၁၅အောင်စထက်များပါက မွေးဖွားစဉ်ပြဿနာများရှိ၍ ကလေးနှင့်မိခင် အသက်အန္တရာယ်ထိခိုက်မှုရှိနိုင်သည်။

လက္ခဏာများ

ကိုယ်ဝန်ဆောင်စဉ် မွေးကင်းစကလေး အရွယ်အစားကြီးခြင်း ကိုသိနိုင်ရန်ခဲယဉ်းသည်။ တွေ့ရှိနိုင်သည့် လက္ခဏာများမှာ

  • လအလိုက်ရှိရမည့် ဗိုက်အရွယ်အစားထက် ကြီးနေခြင်း
  • ရေမွှာရည်များခြင်း - ရေမွှာရည်သည် ကိုယ်ဝန်ဆောင်နေစဉ် ကလေးဝမ်းဗိုက်အတွင်းတွင် ဆီးပေါက်ရာမှ ဖြစ်လာခြင်းဖြစ်ရာ ကလေးအရွယ်အစားကြီးလျှင် ဆီးပိုမိုပေါက်ခြင်းကြောင့် ရေမွှာရည်များခြင်းဖြစ်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

ကိုယ်ဝန်ဆောင်စဉ် မွေးကင်းစကလေး အရွယ်အစားကြီးခြင်း သည် မျိုးရိုးကြောင့်သော်လည်းကောင်း၊ မိခင်ဝခြင်း (သို့) ဆီးချိုရှိခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။ အကြောင်းအရင်းမရှိပဲ ကိုယ်အလေးချိန်များခြင်းများလည်းရှိသည်။

ဖြစ်နိုင်ချေများသူများ

  • အမေကိုယ်ဝန်ဆောင်စဉ် ဆီးချိုရှိနေခြင်း
  • ယခင်က ကိုယ်အလေးချိန်များသည့် ကလေးမွေးဖွားဖူးခြင်း အထူးသဖြင့် ၈ပေါင် ၁၃ အောင်စထက်များခြင်း
  • မိခင်အဝလွန်ခြင်း
  • ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်ခြင်း
  • ယခင်ကကိုယ်ဝန်ဆောင်ဖူးခြင်း - ယေဘုယျအားဖြင့် နောက်မှမွေးသည့်ကလေးသည် ရှေ့ကမွေးသည့်ကလေးထက် အလေးချိန်ပိုများလေ့ရှိသည်။
  • ယောကျာ်းလေး ကိုယ်ဝန်ဖြစ်ခြင်း
  • သတ်မှတ်ထားသည့် မွေးရက်ထက် နှစ်ပတ်ကျော်လာခြင်း
  • မိခင်၏ကိုယ်ဝန်ဆောင်သည့် အသက်အရွယ်တို့အပေါ်မူတည်၍ မွေးဖွားစဉ်ကလေးအလေးချိန်များခြင်းများ ဖြစ်လေ့ရှိသည်။

နောက်ဆက်တွဲ ပြဿနာများ

မွေးကင်းစကလေး အရွယ်အစားကြီးခြင်းကြောင့် မိခင်ရောကလေးပါ ကိုယ်ဝန်ဆောင်စဉ် နှင့် မွေးဖွားပြီးလျှင် နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။မိခင်ကြုံတွေ့နိုင်သည့် ပြဿနာများ

·         မွေးဖွားစဉ်ပြဿနာများ - ကလေးကြီးနေခြင်းကြောင့် မွေးလမ်းကြောင်းတွင်ညှပ်၍ မွေးရခက်နေခြင်း၊ မွေးဖွားစဉ် ဒဏ်ရာရခြင်း၊ လေစုပ်၍မွေးရခြင်း၊ ညှပ်ဆွဲမွေးရခြင်းများ ရှိနိုင်သည်။ အရေးပေါ် ဗိုက်ခွဲမွေးရခြင်း ဖြစ်နိုင်သည်။

  • မိခင်၏ မွေးလမ်းကြောင်းပြဲသွားခြင်း
  • မွေးဖွားပြီးနောက် သွေးဆင်းခြင်း
  • သားအိမ်ကွဲထွက်ခြင်း၊ ပြဲသွားခြင်း များလည်းဖြစ်နိုင်သည်။

မွေးကင်းစကလေးတွင် ကြုံတွေ့နိုင်သည့် ပြဿနာများ

  • မွေးဖွားလာသည့်ကလေး၏ သွေးအတွင်းအချိုဓာတ်သည် ပိုမှန်ထက်လျော့နည်းနေခြင်း
  • မွေးဖွားလာသောကလေးသည် သာမန်ကလေးထက်ကို အဝလွန်ခြင်း ပို၍ဖြစ်နိုင်ခြင်း
  • သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်များခြင်း၊ ကိုယ်တွင်း Cholesterolဓာတ်များခြင်း စသည့်ရောဂါစု(Metabolic Syndrome) ပို၍ဖြစ်နိုင်ခြင်း စသည်တို့ဖြစ်သည်။

စစ်ဆေးမှုများ

ပြုလုပ်နိုင်သည့် စစ်ဆေးမှုများ

·         အာထရာဆောင်းရိုက်ခြင်း(Ultrasound)

·         ကလေး၏ နှလုံးခုန်သံကို နားထောင်ခြင်း၊ ကလေး၏ လှုပ်ရှားမှုများ၊ ရေမွှာရည် ပမာဏစသည်တို့ကိုတိုင်းတာခြင်း စသည်တို့ ပြုလုပ်နိုင်သည်။

ကုသခြင်း

ကလေး၏ ကိုယ်အလေးချိန်များနေခြင်း၊ အရွယ်အစားကြီးခြင်းကို သိရှိထားပါက ကလေးကိုဆေးရုံတွင်သာ မွေးဖွားသင့်ပါသည်။ အောက်ပါအခြေအနေများရှိပါက ကလေးကိုခွဲမွေးရန် လိုအပ်သည်။

  • အမေကိုယ်ဝန်ဆောင်စဉ် ဆီးချိုတက်လျှင်သော်လည်းကောင်း
  • ကလေး၏ ကိုယ်အလေးချိန်သည် ၁၁ ပေါင်ထက်များလျှင်သော်လည်းကောင်း
  • ကလေး၏ ပုခုံးသည် အမေ၏တင်ပဆုံရိုးနှင့် ညှပ်နေလျှင်သော်လည်းကောင်း(Shoulder Dystocia) ခွဲမွေးရန်လိုအပ်သည်။

ကာကွယ်ခြင်း

ဝမ်းဗိုက်အတွင်း ကလေးအရွယ်အစားကြီးခြင်းကို ကာကွယ်၍ မရနိုင်သော်လည်း ကိုယ်ဝန်ဆောင်စဉ် ကျန်းမာအောင် ပြုမူနေထိုင်၍ရပါသည်။ကိုယ်ဝန်အပ်ခြင်းကို အချိန်ဇယားအတိုင်း မှန်မှန်ပြသခြင်း

  • ကိုယ်အလေးချိန်ကို အမြဲစမ်းစစ်ခြင်း
  • ကိုယ်ဝန်ဆောင်စဉ် ဆီးချိုကို အမြဲစစ်၍ ထိန်းပေးခြင်း
  • ကိုယ်ဝန်ဆောင်ပြုလုပ်၍ရသည့် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း စသည်တို့ပြုလုပ်နိုင်ပါသည်။

Ref: Mayo Clinic

 Translated By Dr. Archer(7887 Healthcare Call Center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18