Print

Shaken Baby Syndrome (ကလေးကို အလွန်အကျွံလှုပ်ရမ်းခြင်းကြောင့် ဦးနှောက်...

  16-Aug-2018
Preview Image

Shaken Baby Syndrome ဆိုသည်မှာ ကလေးငယ်များကို အလွန်အကျွံလှုပ်ရမ်းခြင်းပြုရာမှ ဦးခေါင်းခွံအတွင်းတုန်ခါမှုဖြစ်ပေါ်ခြင်းကြောင့် ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်းဖြစ်သည်။ ထိုသို့ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဦးနှောက်တွင်းဆဲလ်များ အောက်ဆီဂျင်ပြတ်တောက်ပြီး ဦးနှောက်ပျက်စီးနိုင်သည်။ အသက်သေဆုံးသည်အထိ အန္တရာယ်ဖြစ်နိုင်သည်။

လက္ခဏာများ

ကလေးကို အလွန်အကျွံလှုပ်ခါခြင်းကြောင့် ဦးနှောက်ထိခိုက်သောရောဂါ၏ လက္ခဏာများအနေဖြင့်

·         အလွန်အကျွံ ဂျီကျခြင်း

·         အမြဲမှိန်းနေခြင်း

·         အသက်ရှူရခက်ခဲခြင်း

·         အစားအသောက်ပျက်ခြင်း

·         လက်များတုန်ခြင်း

·         ပျို့အန်ခြင်း

·         အသားအရေ ဖြူဖျော့ခြင်း/ ပြာခြင်း

·         တက်ခြင်း

·         ခြေလက်များ မလှုပ်ရှားနိုင်ခြင်း

·         သတိလစ် မေ့မြောသွားခြင်း တို့ကို ကြုံတွေ့ရနိုင်သည်။

ထိုလက္ခဏာများကို ကလေးအား အလွန်အကျွံလှုပ်ရမ်းမှုများ ပြုပြီးနောက်ပိုင်းတွင် တွေ့ရတတ်သည်။

တခါတရံ လှုပ်ရမ်းမှုပြုပြီးပြီးချင်းတွင် မတွေ့ရဘဲ အချိန်ကြာမြင့်လာသောအခါမှ သင်ယူမှတ်သားမှုနှင့် အပြုအမူများတွင် ပြဿနာရှိနေကြောင်း တွေ့ရတတ်သည်။

ဖစ်ပွားရသော အကြောင်းရင်းများ

ကလေးငယ်များတွင် လည်ပင်းကြွက်သားများ အားနည်းသေးသောကြောင့် ဦးခေါင်းကို ကောင်းစွာ မထိန်းနိုင်သေးပေ။ ထို့ကြောင့် ကလေးငယ်ကို ပြင်းထန်စွာ လှုပ်ရမ်းမိပါက ဦးနှောက်သည် ဦးခေါင်းခွံအတွင်း ယမ်းခါထိခိုက်မိပြီး ဦးနှောက်ပွန်းပဲ့ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးယိုခြင်းတို့ကို ဖြစ်ပွားစေသည်။

အများအားဖြင့် ကလေးအလွန်အကျွံ ငိုခြင်းကြောင့် ဒေါသထွက်ကာ မိဘများနှင့် ကလေးထိန်းများက ကလေးကို အလွန်အကျွံ ကိုင်လှုပ်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။

အဖြစ်များသူများ

·         ဂျီကျလွန်းသော ကလေးများ

·         အသက်မပြည့်သော/ မိဘ မပြည့်စုံသော ကလေးများ

·         စိတ်ဖိစီးမှုများသူများ

·         အိမ်တွင်း ညှင်းပန်းနှိပ်စက်သူများ

·         အရက်နှင့် မူးယစ်ဆေးသုံးသူများ

·         မိသားစု ပြဿနာရှိသော ကလေးငယ်များတွင် အဖြစ်များသည်။

နောက်ဆက်တွဲ ပြဿနာများ

လှုပ်ရမ်းခံရပြီး စက္ကန့်အနည်းငယ်အတွင်းတွင်ပင် ဦးနှောက်ပျက်စီး ချို့ယွင်းမှု ဖြစ်နိုင်သည်။ ထို့နောက် အသက်သေဆုံးသည်အထိ ဖြစ်ပွားတတ်သည်။

Shaken Baby Syndrome ရရှိပြီးနောက် အသက်မသေဆုံးပါကလဲ

·         အမြင်အာရုံချို့ယွင်းသွားခြင်း

·         အကြားအာရုံချို့ယွင်းခြင်း

·         ဖွံ့ဖြိုးမှုနောက်ကျခြင်း

·         သင်ကြားမှုနှင့် အပြုအမူဆိုင်ရာ မူမမှန်ခြင်း

·         တက်တတ်ခြင်း

·         Cerebral palsy တို့ကို ကြုံတွေ့ရနိုင်သည်။

စစ်ဆေးမှုများ

ကလေးဆရာဝန်နှင့်တိုင်ပင်ကာ

·         ဦးခေါင်းကို ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan)

·         သံလိုက်ဓာတ်မှန်ရိုက်ခြင်း ( MRI)

·         လှုပ်ရမ်းခံရခြင်းကြောင့် အခြားအရိုးများ ကျိုးပဲ့ခြင်းကို သိနိုင်ရန် တစ်ကိုယ်လုံးဓာတ်မှန်ရိုက်ခြင်း

·         မျက်လုံးတွင်း ထိခိုက်မှုနှင့် သွေးယိုစီးမှုကို သိနိုင်ရန် စမ်းသပ်ခြင်း

·         သွေးစစ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။

ကုသခြင်း

Shaken Baby Syndrome ဖြစ်ပွားပါက ကလေးငယ်ကို နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ကာ အရေးပေါ်အသက်ကယ်မှုများလုပ်ခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ ဦးနှောက်တွင်းသွေးယိုစီးမှုကို ရပ်တန့်နိုင်ရန် အရေးပေါ်ခွဲစိတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

ကာကွယ်ခြင်း

မိမိ၏ ဒေါသကြောင့် ကလေးငယ်၏ အသက်မဆုံးရှူံးရစေရန် ကလေးငယ်နှင့် ပတ်သက်၍ ဒေါသဖြစ်စရာကြုံပါက ဒေါသကို အတတ်နိုင်ဆုံးဖြေလျော့ပါ။ ကလေးကို အလွန်အကျွံ မလှုပ်ရမ်းမိပါစေနှင့်။ ကလေးထိန်းပေးသော အခြားသော မိသားစုဝင်များနှင့် ကလေးထိန်းများကိုလဲ Shaken Baby Syndrome ဖြစ်ပွားရသော အကြောင်းရင်းနှင့် ကာကွယ်ရမည့် နည်းလမ်းကို သေချာစွာ ပြောပြထားရန် လိုအပ်သည်။

 Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18