Print

Vasovagal Syncope (ရုတ်တရက်သတိလစ်ခြင်း)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

ရုတ်တရက်သတိလစ်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင် ရုတ်တရက် ကြီးမားသော စိတ်ခံစားမှုပြောင်းလဲခြင်းကြောင့်ဖြစ်ရခြင်းဖြစ်ပြီး အာရုံကြောနှင့် နှလုံးထိခိုက်မိ၍ သတိလစ်ခြင်းဟုလည်းခေါ်နိုင်ပါသည်။ သင့်ခန္ဓာကိုယအတွင်း နှလုံးခုန်နှုန်းမြန်လာပြီး သွေးပေါင်ချိန်ရုတ်တရက်ကျသွားသောကြောင့် ဦးနှောက်အတွင်းသို့ သွေးအရောက်နည်းပြီး ရုတ်တရက်သတိလစ်သွားရခြင်းဖြစ်သည်။

ရုတ်တရက်သတိလစ်ခြင်းသည် အများအားဖြင့် အန္တရာယ်မရှိတတ်ပေ။ သို့သော် သတိလစ်မူးလဲခြင်းကြောင့် ခန္ဓာကိယ်ပြင်ပတွင် ထိခိုက်မိခြင်းများ ဖြစ်တတ်သည်။ ဆရာဝန်မှ အခြားရောဂါများကြောင့် သတိလစ်ခြင်းမဟုတ်ကြောင်းသေချာစေရန် လိုအပ်သော စစ်ဆေးမှုများကိုပြုလုပ်ပါလိမ့်မည်။

လက္ခဏာများ

လူုနာသည် ရုတ်တရက်သတိမလစ်မီတွင် အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရတတ်ပါသည်။

•        အသားအရေဖြူဖျော့လာခြင်း

•        ခေါင်းလေးလာခြင်း

•        အမြင်အာရုံဝေဝါးလာခြင်း(ဥပမာ-မိမိမြင်ကွင်း၏ ဘေးဖက်များကို မမြင်ရပဲ အလယ်မြင်ကွင်းကိုသာမြင်ရခြင်း)

•        ပျို့လာခြင်း

•        ခြေဖျားလက်ဖျားများအေးစက်လာပြီး ချွေးစေးများပြန်လာခြင်း

•        သန်းခြင်း

လူုနာသည် ရုတ်တရက်သတိမလစ်မီတွင် လူနာအနီးရှိ အခြားလူများက အောက်ဖော်ပြပါအချက်များကို သတိထားမိလေ့ရှိပါသည်။

•        ပုံမှန်မဟုတ်သော လှုပ်ရှားမှုများဖြစ်လာခြင်း

•        သွေးခုန်နှုန်းနှေးပြီး သွေးခုန်အားနည်းလာခြင်း

•        မျက်စိ သူငယ်အိမ် ကျယ်လာခြင်း

ရုတ်တရက် သတိလစ်ခြင်းသည် ပုံမှန်အားဖြင့် တစ်မိနစ်ခန့်အတွင်း ပြန်၍သက်သာသွားလေ့ရှိသည်။ သို့သော်လည်း သတိလစ်ပြီးနောက် မိနစ် ၃၀ခန့်အတွင်း ရုတ်တရက် မတ်တတ်ရပ်ပါက ထပ်မံသတိလစ်နိုင်ချေများပါသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

ရုတ်တရက် သတိလစ်ခြင်းသည် သင်၏ အာရုံကြောအဖွဲအစည်းမှ အကြောင်းတစ်စုံတစ်ရာကြောင့် (ဥပမာ- ရုတ်တရက် သွေးမြင်လိုက်ရသောကြောင့် လန့်ခြင်း) နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန် ပုံမမှန် ဖြစ်ရာမှ သတိလစ်သွားခြင်းဖြစ်သည်။

နှလုံးခုန်နှုန်း နှေးသွားပြီး ခန္ဓာကိုယ်အောက်ပိုင်း(ခြေထောက်)ရှိ သွေးကြောများကျယ်လာပြီး ထိုသွေးကြောများအတွင်း သွေးများအိုင်သွားသောကြောင့် ရုတ်တရက် သွေးပေါင်ကျသွားပြီး နှလုံးသို့ သွားသော သွေးပမာဏ နည်းသွားပြီး သတိလစ်သွားရခြင်းဖြစ်သည်။

ရုတ်တရက် သတိလစ်ခြင်းဖြစ်စေတတ်သောအကြောင်းအရင်းများမှာ-

•        အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ရခြင်း

•        ရာသီဥတုပူအိုက်ခြင်း သို့မဟုတ် လေဝင်လေထွက်မကောင်းပဲ လှောင်ပိတ်နေခြင်း

•        ရုတ်တရက် သွေးမြင်လိုက်ရခြင်း

•        ခန္ဓာကိုယ်အတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် ရုတ်တရက် သွေးထွက်များသွားခြင်း

•        အကြောက်လွန်ခြင်း  

•        ရုတ်တရက် အားထည့်ပြီး ဝမ်းညှစ်လိုက်ခြင်း

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ရုတ်တရက်သတိလစ်ခြင်းအား တစ်ကြိမ်ထက်မနည်း ခံစားရဖူးပါက အခြားနှလုံးရောဂါနှင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများကြောင့် ဖြစ်ခြင်းဟုတ်မဟုတ်သေချာစေရန် စစ်ဆေးဖို့လိုပါသည်။

စစ်ဆေးမှုများ

ရုတ်တရက် သတိလစ်ခြင်းသည် အများအားဖြင့် နှလုံးနှင့် ပတ်သတ်သော ရောဂါများကြောင့်ဖြစ်လေ့ရှိပြီး အကြောင်းအရင်းသေချာစွာ  သိစေရန် အောက်ဖော်ပြပါ စစ်ဆေးမှုများ ပြုလုပ်ရလေ့ရှိသည်။

•        နှလုံးစက်ဆွဲခြင်း (ECG)

•        နှလုံးဓာတ်မှန်ရိုက်ခြင်း( Echocardiogram) ဖြင့် နှလုံး အဆို့ရှင်များနှင့် နှလုံးအနေအထား မှန် မမှန် စစ်ဆေးခြင်း

•        လေ့ကျင့်ခန်းလုပ်ခိုင်းပြီးနောက် နှလုံးခုန်နှုန်း စည်းချက်မှန် မမှန် ပြန်လည် စစ်ဆေးခြင်း

•        သွေးအားနည်းရောဂါ ရှိမရှိ သွေးစစ်ခြင်း

ကုသခြင်း

ရုတ်တရက်သတိလစ်ခြင်းဖြစ်သော လူနာအများစုတွင် ကုသမှုခံယူရန်မလိုအပ်ပေ။ သင့်မိသားစု ဆရာဝန်မှ ရုတ်တရက် သတိလစ်ခြင်း ဖြစ်ရသော အကြောင်းအရင်းများနှင့် ထိုအကြောင်းအရာများအတွက် ဆောင်ရန် ရှောင်ရန်များကို ပြောပြပါလိမ့်မည်။

ဆောင်ရန်ရှောင်ရန်များ

သင့်ခြေထောက်တွင်းရှိသွေးကြောများတွင် သွေးအိုင်ခြင်းကို ကာကွယ်ပေးမည့် အပြုအမူများကို လိုက်နာပါ။ ဥပမာ- ခြေထောက်ကြွက်သားများ အသုံးများသော လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အသားကပ်ခြေအိတ် ကျပ်ကျပ်ဝတ်ခြင်း၊ မတ်တပ်ရပ်ရချိန်တွင် ခြေသလုံးကြွက်သားများအားတောင့်ထားခြင်း။

သွေးတိုးရောဂါမရှိသူဖြစ်ပါက ဆားများများစားပေးပါ။ ရေများများသောက်ပါ။ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းကို ရှောင်ပါ။ အထူးသဖြင့် လူထူထပ်သော ပူအိုက်သော နေရာများတွင် ကြာကြာ မတ်တပ်ရပ်ခြင်းကို ရှောင်ပါ။

သို့သော်လည်း ရုတ်တရက် သတိလစ်ခြင်း မကြာခဏဖြစ်တတ်သောသူများတွင်မူ ဆရာဝန်မှ လိုအပ်သော ဆေးဝါးများကို ညွှန်ကြားပါလိမ့်မည်။

အကယ်၍ ရုတ်တရက် သတိလစ်ခြင်းသည် နှလုံးနှင့် ဆက်စပ်သော ရောဂါများကြောင့်ဖြစ်ပါ ထိုလူနာများတွင် အခြားသော ဆေးဝါးများနှင့် မသက်သာပါက  နှလုံးနှိုးစက်များတပ်ရနိုင်ပါသည်။

 ကာကွယ်ခြင်း

ရုတ်တရက်သတိလစ်ခြင်းအား ကာကွယ်ရန်နည်းလမ်းမရှိပါ။ သို့သော် လူနာမှ မိမိ သတိလစ်တော့မည်ဟု သိပါက ထိုင်ချလိုက်ခြင်း၊သို့မဟုတ် လှဲချလိုက်ပြီး ခြေထောက်မြှောက်ထားချင်းများ  ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်ဦးနှောက်အတွင်းသို့ သွေးစီးမှုများစေပြီး သတိလစ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ အကယ်၍ လှဲချရန် အဆင်မပြေက ဆောင့်ကြောင့်ထိုင်ချပြီး ခေါင်းအား ဒူးကြားညှပ်ထားပေးခြင်းအားဖြင့်လည်း သတိလစ်ခြင်းကို လျော့နည်းစေနိုင်ပါသည်။

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18