Print

Wolff-Parkinson-White(WPW) နှလုံးခုန်မြန် ရောဂါလက္ခဏာစု

  16-Aug-2018
Preview Image

Wolff-Parkinson-White syndrome(WPW) နှလုံးခုန်မြန်ရောဂါလက္ခဏာစုဟာ နှလုံးရဲ့ အပေါ်ဘက်သွေးဝင်ခန်းနဲ့ အောက်ဘက်သွေးလွှတ်ခန်း ကြားမှာ လျှပ်စီးပတ်လမ်းကြောင်း အပို တစ်ခု ပါလာပြီး နှလုံးခုန်နှုန်းမြန်စေတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီလို လျှပ်စီးပတ်လမ်းကြောင်းအပိုတစ်ခု ပါတဲ့ သူအများစုဟာ နှလုံးခုန်မြန်တာကို ခံစားသိရှိလေ့မရှိတတ်ကြပါဘူး။နှလုံးနဲ့ပတ်သက်ပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရင်းနဲ့မှ အမှတ်မထင် စစ်ဆေးတွေ့ရှိလေ့ရှိကြပါတယ်။

         WPW ရောဂါစုကို ဖြစ်စေတဲ့ နှလုံးလျှပ်စီးပတ်လမ်းကြောင်းအပိုလေးဟာ မွေးကတည်းက ပါလာတတ်ကြပါတယ်။တစ်ခါတစ်ရံမှာ တစ်ခြားသော မွေးရာပါနှလုံးရောဂါတွေနဲ့လဲ တွဲပြီး တွေ့ရတတ်ပါသေးတယ်။အမျိုးသမီးနဲ့ အမျိုးသားယှဉ်ကြည့်ရင် အမျိုးသားတွေမှာ ပိုဖြစ်လေ့ရှိကြပါတယ်။

          ပုံမှန်အားဖြင့် လူ့နှလုံးဟာ ဘယ်ညာ သွေးဝင်ခန်း၂ခန်း သွေးလွှတ်ခန်း၂ခန်း နဲ့ ဖွဲ့စည်းထားပြီး  ညာဘက်သွေးဝင်ခန်းက ထုတ်လွှတ်ပေးတဲ့ လျှပ်စီးလှုံ့ဆော်မှုက နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပါတယ်။ ဒီWPWရောဂါစုမှာတော့ လျှပ်စီးပတ်လမ်းကြောင်း အပိုတစ်ခုပါလာပြီး နှလုံးခုန်နှုန်းတွေကို ကမောက်ကမ ဖြစ်စေပါတယ်။

ရောဂါလက္ခဏာများ

        WPWရောဂါစုရဲ့ ရောဂါလက္ခဏာတွေဟာ နှလုံးခုန်မြန်ခြင်းကြောင့် ဖြစ်တာပါ။ အများစုကတော့ အသက် ၂၀ ဝန်းကျင်ရောက်မှ ရောဂါလက္ခဏာတွေကို စတင်ခံစားရတတ်သလို တချို့တွေမှာတော့ ကလေးငယ်ဘဝကတည်းက စတင်ခံစားရလေ့ရှိတတ်ပါတယ်။

         အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့

- ရင်တလှပ်လှပ်တုန်ခြင်း

-ခေါင်းမူးခြင်း

- အသက်ရှူမဝခြင်း

- သတိလစ်ခြင်း

-မောပန်းနှုန်းချိနေခြင်း

- စိတ်လှုပ်ရှားမှု/စိတ်ပူပန်မှု လွန်ကဲခြင်း တို့ဖြစ်ပါတယ်။

        နှလုံးခုန်မြန်ခြင်းဟာ ရုတ်တရက် ဖြစ်ပေါ်တတ်ပြီး စက္ကန့်အနည်းငယ်ကနေ နာရီပေါင်းများစွာအထိ ကြာမြင့်တတ်ပါတယ်။ နားနားနေနေ နေချိန်မှာလဲ ဖြစ်နိုင်သလို လှုပ်ရှားနေချိန် (သို့) အားကစားလုပ်နေချိန်တွေမှာလဲ ဖြစ်နိုင်ပါတယ်။ ကဖင်း (Caffeine) ဓာတ်ပါတဲ့ အစားအသောက်တွေ နဲ့ အရက်သေစာ သောက်သုံးခြင်းဟာလဲ ဒီလို ရုတ်တရက် နှလုံးခုန်မြန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

         ကလေးငယ်တွေမှာတော့ မွဲခြောက်ခြောက်အသားအရေ အရောင်ရှိခြင်း ၊ ဂနာမငြိမ်ဖြစ်ခြင်း ၊ အသက်ရှူမြန်ခြင်း ၊ အစာသိပ်မဝြင်ခင်း စတဲ့ ရောဂါလက္ခဏာတွေ တွေ့ရလေ့ရှိပါတယ်။

         WPWရောဂါစု ဖြစ်နေတဲ့ လူတွေရဲ့ ၁၀ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းလောက်မှာတော့ နှလုံးခါရမ်းခြင်းလို့ ခေါ်ကြတဲ့ ပုံမမှန် နှလုံးခုန်ခြင်း အခြေအနေ တစ်မျိုးကို ခံစားကြရလေ့ရှိပါတယ်။ဒီလိုလူတွေမှာ ရင်ဘတ်အောင့်ခြင်း ၊ ရင်ကြပ်ခြင်း ၊ အသက်ရှူရ ခက်ခဲခြင်း ၊ သတိလစ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။

         WPW ရောဂါစုရှိနေပေမယ့် ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘူးဆိုရင် ဆေးကုသမှု မဖြစ်မနေ လိုအပ်လေ့မရှိပါဘူး။ ရောဂါလက္ခဏာ တွေရဲ့ ပြင်းထန်မှု နဲ့ ဖြစ်ပွားတဲ့ အကြိမ်ရေ အပေါ်မူတည်ပြီး လိုအပ်တဲ့ ဆေးကုသမှု ခံယူဖို့ လိုပါတယ်။ အကယ်၍ အခြားသော နှလုံးရောဂါတွေပါ တွဲဖက်ခံစားနေရပါက နှလုံးခုန်မြန်ပြီး သတိလစ်ကာ အသက်သေဆုံးတဲ့ အထိ ဖြစ်ပွားနိုင်တဲ့အတွက် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ဆေးကုသမှုကို သေချာခံယူဖို့ အရေးကြီးပါတယ်။

Dr. Yamone

         



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18