Print

Amnesia (အတိတ်မေ့ရောဂါ)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

       Amnesia ခေါ် အတိတ်မေ့ရောဂါသည် မိမိဘဝတွင်တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များစွာထဲမှ အကြောင်းအရာတစ်ခုခု ဒါမှမဟုတ် လတ်တလောဖြစ်ပျက်ခဲ့သည့်အကြောင်းအရာနှင့် ပတ်သက်သည့် အသိဉာဏ်ပျောက်ဆုံးသွားခြင်း၊ မေ့လျော့သွားခြင်းဖြစ်သည်။ အဆိုပါ အတိတ်မေ့ရောဂါဖြစ်ခြင်းသည် မိမိကိုယ်ကို မည်သူမှန်းမသိအောင် မေ့လျော့သွားခြင်းမဟုတ်ပါ။ ဦးနှောက်၏ မှတ်ဉာဏ်ထိန်းချုပ်သောအစိတ်အပိုင်းကို ထိခိုက်မိသွားခြင်းကြောင့်ဖြစ်ပါတယ်။ အတိတ်မေ့ခြင်းအတွက် တိကျတဲ့ကုသမှုမရှိပါ။ မိသားစုဝင်များနှင့် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်များမှ မှတ်ဉာဏ်များပြန်ရလာအောင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်ပြောခြင်း၊ အားပေးခြင်းများဖြင့်သာ ကုစားနိုင်ပါတယ်။


လက္ခဏာများ

အဓိကလက္ခဏာ ၂မျိုးရှိပါတယ်။

၁။ Anterograde amnesia - သတိလစ်မေ့မြောပြီးသည့်နောက်ပိုင်း အသစ်ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များကို မမှတ်နိုင်တော့ခြင်း။

၂။ Retrograde amnesia - သတိမလစ်ခင် လတ်တလော ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မမှတ်မိတော့ခြင်း။

       အတိတ်မေ့ခြင်းသည် လူတစ်ယောက်၏ အသိဉာဏ်၊ ဗဟုသုတ၊ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်များကို ပြောင်းလဲသွားခြင်း၊ထိခိုက်စေနိုင်ခြင်းမရှိပါဘူး။နေ့စဉ်ဆောင်ရွက်နေကျ ကိစ္စများကို လုပ်ဆောင်နိုင်ပါတယ်။

      အတိတ်မေ့ခြင်းသည် Dementia ဟုခေါ်သော အသိဉာဏ်ချို့ယွင်းခြင်းနှင့် မတူညီပါဘူး၊Dementia တွင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သတိမေ့လျော့ခြင်း၊အာရုံမစူးစိုက်နိုင်မှု နှင့် နေ့စဉ် လုပ်ငန်းဆောင်တာများကို မလုပ်နိုင်ခြင်းများထိ ဖြစ်တတ်ပါတယ်။


ဖြစ်ပွားရသော အကြောင်းရင်းများ

       အတိတ်မေ့ခြင်းသည် ဦးနှောက်ရှိ စိတ်ခံစားမှုနှင့် မှတ်ဉာဏ်လုပ်ဆောင်မှုကို ထိန်းချုပ်သည့် Limbic system ကိုထိခိုက်သွားသောကြောင့်ဖြစ်သည်။

       ဦးနှောက်ထိခိုက်ရာမှတဆင့် အတိတ်မေ့ခြင်းကို ဖြစ်စေနိုင်သောအကြောင်းရင်းများမှာ

-လေဖြတ်ခြင်း

-ဦးနှောက်ရောင်ခြင်း

-ဦးနှောက်တွင်းအောက်ဆီဂျင်ပြတ်လတ်ခြင်း (နှလုံးရုတ်တရက်တိုက်ခိုက်ခံရခြင်း၊ အသက်ရှုကြပ်ခြင်း၊ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့အဆိပ်သင့်ခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်)

-ဦးနှောက်တွင် အလုံးအကျိတ်ဖြစ်ခြင်း

-အယ်လ်ဇိုင်းမားရောဂါ နှင့် အခြားမှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါများ

-အတက်ရောဂါ

-Benzodiazepine ဆေးသောက်နေရသူများ

-အက်ဆီးဒင့်ဖြစ်ခြင်းမှတစ်ဆင့် ဦးခေါင်းထိခိုက်ဒဏ်ရာရထားသူများ

-စိတ်ဒဏ်ရာအပြင်းအထန်ရဖူးသူများ (ဥပမာ- ပြန်ပေးဆွဲခံရဖူးသူများ၊ နှိပ်စက်ခံရဖူးသူများ)


ဖြစ်နိုင်ချေများသူများ

-ဦးနှောက်ခွဲစိတ်မှုပြုလုပ်ဖူးသူများ၊ ဦးခေါင်းပိုင်းထိခိုက်ဒဏ်ရာရဖူးသူများ၊

-လေဖြတ်ဖူးသူများ

-အရက်စွဲရောဂါရှိသူများ

-အတက်ရောဂါရှိသူများ


နောက်ဆက်တွဲ ပြဿနာများ

       ရောဂါပြင်းထန်လျှင် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် လူနေမှုဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။ အလုပ်၊ကျောင်းနှင့် လူမှုရေးဆိုင်ရာပြဿနာများပေါ်ပေါက်လာနိုင်ပါတယ်။ အတိတ်မေ့ပြီးပျောက်သွားသောမှတ်ဉာဏ်များကို ပြန်ရနိုင်ရန် ခက်ခဲပါတယ်။ မှတ်ဉာဏ်ချို့ယွင်းမှုဆိုးရွားလာသည့် အချိန်တွင် စိတ်ကျန်းမာရေးစောင့်ရှောက်မှုဌာနများ သို့မဟုတ် မိသားစုများ၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်သင့်ပါတယ်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

     အကြောင်းရင်းမသိဘဲ မှတ်ဉာဏ်များဆုံးရှုံးခြင်း၊ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်း၊မိမိကိုယ်ကိုမမှတ်မိနိုင်တော့ခြင်းများဖြစ်လာလျှင် ဆရာဝန်နှင့်ပြသသင့်ပါတယ်။


စစ်ဆေးမှုများ

-ဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်း

-ဦးနှောက်နှင့်အာရုံကြောဆိုင်ရာလက္ခဏာများ ရှိမရှိကို စမ်းသပ်စစ်ဆေးခြင်း

-ဦးနှောက်ထိခိုက်မှု နှင့် ပုံမမှန်မှုများရှိမရှိ သိရှိနိုင်ရန် ဦးနှောက်ကို ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း

-အတက်ရောဂါရှိမရှိသိရန် ဦးခေါင်းကို EEG ရိုက်ခြင်း


ကုသခြင်း

       အတိတ်မေ့ခြင်းခံစားနေရသည့် လူနာများကို ကုသရာတွင် ဆရာဝန်များသာမက မိသားစုဝင်များ၊ အလုပ်အကိုင်နှင့်ပတ်သက်၍ နှစ်သိမ့်ဆွေးနွေး ပညာပေးသည့်သူများ၊ပျောက်ဆုံးသွားသော မှတ်ဉာဏ်များ ပြန်လည်ရရှိအောင် ဆွေးနွေးမည့်သူများ၊မိသားစုဝင်များ ပူးပေါင်းဆောင်ရွက် ကုသရမှာဖြစ်ပါတယ်။

       ပြုလုပ်ဆောင်ရွက်ရမည့် အရာများကို လူနာသတိပြုမိစေရန် alarm လုပ်နိုင်ခြင်း၊ အရေးကြီးတဲ့ အဖြစ်အပျက်များကို alarmလုပ်ပေးနိုင်သည့် smartphone၊ မှတ်စုစာအုပ်များကို လူနာနှင့် အတူတူထားသင့်ပါတယ်။ နံရံကပ်ပြက္ခဒိန်များတွင် အထိမ်းအမှတ်နေ့များကိုမြင်သာအောင် မှတ်သားထားခြင်းများ၊ အမှတ်တရဖြစ်စေမည့် ဓာတ်ပုံများပြသပေးခြင်း၊ အမှတ်တရဖြစ်နေစေမည့် နေရာများကိုခေါ်သွားပေးခြင်းများ ပြုလုပ်သင့်ပါတယ်။


ကာကွယ်ခြင်း

       ဦးနှောက်ထိခိုက်မိခြင်းသည် အတိတ်မေ့ခြင်းကို ဖြစ်စေသည့် အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ထို့ကြောင့် ဦးနှောက်ထိခိုက်မှုမရှိအောင် ကာကွယ်ရမည်ဖြစ်သည်။

-အရက်သောက်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

-ဆိုင်ကယ်၊စက်ဘီးစီးလျှင် ဦးထုပ်ဆောင်းပါ။

-ကားမောင်းလျှင် ခါးပတ်ပတ်ပါ။

-ရောဂါပိုးဝင်ပြီး ဖျားလျှင်ဦးနှောက်သို့ပျုံ့နှံ့ခြင်းမရှိခင် ကုသမှုခံယူပါ။

-လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောထုံးပေါက်ထွက်သည့် လက္ခဏာများရှိလျှင်  ချက်ချင်းကုသမှုခံယူပါ။


အခြားသိသင့်သော အချက်များ (ရှိလျှင်)

-ဆရာဝန်နှင့်မပြခင် မိမိတွင်ခံစားနေရသည့် လက္ခဏာများ၊ သောက်နေရသည့် ဆေးဝါးများ၏ စာရင်းကို စာအုပ်တွင် ချရေးပါ။

-ဆရာဝန်နှင့်သွားပြလျှင် အတူတူနေသည့် မိသားစုဝင်တစ်ယောက်ကို ခေါ်သွားပါ။

-အရေးကြီးသည့် အချက်များကို လိုက်မှတ်နိုင်ရန် စာအုပ်နှင့် ဘောပင် 

သို့မဟုတ် Notepad ယူသွားပါ။

-ဆရာဝန်ကို ပြောပြမည့်အချက်များ၊ မေးမြန်းရန်မေးခွန်းများကို စာအုပ်ထဲတွင် မှတ်သွားပါ။


Translated by: Dr Khin Jyujyu Ko

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18