Print

ဝမ်းဗိုက်တွင်း နှလုံးသွေးကြောမကြီးဖောင်းခြင်း (Abdominal Aortic Aneury...

  13-Aug-2018
Preview Image


နှလုံးသွေးကြောမကြီး ကနေတစ်ဆင့်ခန္ဓာကိုယ်တစ်ကိုယ်လုံးအတွက် လိုအပ်တဲ့သွေးတွေကို ဖြန့်ဝေပေးပါတယ်။ ဒီသွေးကြောမကြီးရဲ့ အောက်ပိုင်း၊ ဝမ်းဗိုက်အတွင်းဖက်မှာ ဖောင်းကားလာတာကို abdominal aortic aneurysm လို့ခေါ်ပါတယ်။ ဒီနှလုံးသွေးကြောမကြီးက ပုံမှန်ဆိုရင် ရေဖြန်းပိုက်အကျယ်လောက်ရှိပြီး ရင်ခေါင်းထဲကနေတစ်ဆင့် ဝမ်းဗိုက်ထဲကို ဖြတ်သန်းစီးဆင်းသွားပါတယ်။ ဒီနှလုံးသွေးကြောမကြီးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သွေးတွေကို ထောက်ပံ့ပေးနေတာဖြစ်တဲ့အတွက်ကြောင့် ဒီသွေးကြောကြီးဖောင်းလာတဲ့အခြေအနေက အသက်အန္တရာယ်ရှိပါတယ်။ ဘယ်အရွယ်ထိကြီးလာသလဲ၊ ဘယ်လောက်မြန်မြန်ကြီးလာသလဲဆိုတဲ့ အပေါ်မူတည်ပြီး လူနာကို အနီးကပ်စောင့်ကြည့်တာကနေ ချက်ခြင်းခွဲစိတ်ကုသမှုလုပ်ရတာအထိ အမျိုးမျိုးရှိပါတယ်။

ဘာလက္ခဏာတွေပြမလဲ

များသောအားဖြင့် ဒီလိုနှလုံးသွေးကြောမကြီး ကြီးတာက ဘာလက္ခဏာမှမပြတတ်ပါဘူး။ ဒါ့ကြောင့် သွေးကြောဖောင်းလာတာကို ကြိုတင်မသိတဲ့လူများတယ်။  တချို့ကျတော့လည်း သွေးကြောကသာကြီးလာပြီး ဘယ်တော့မှမပေါက်တဲ့သူတွေရှိတယ်။ သွေးကြောကြီး ဖောင်းလာတာနဲ့ အမျှအောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

- ချက်နားမှာ သွေးခုန်နှုန်းခံစားရမယ်

- ဝမ်းဗိုက်နားမှာ အမြဲလိုလိုနာကျင်နေမယ်၊ ဝမ်းဗိုက်အလည်ပိုင်းမှာသော်လည်းကောင်း၊ ဘေးနားကသော်လည်းကောင်း နာမယ်

- ကျောအောင့်မယ်

တကယ်လို့ ဗိုက်နာတာနဲ့ ကျောနာကအရမ်းဆိုးလာမယ်ဆိုရင်တော့ အရေးပေါ်ကုသမှုချက်ခြင်းခံယူဖို့လိုအပ်ပါတယ်။

ဘာ့ကြောင့်ဖြစ်ရသလဲ

ဖြစ်ရတဲ့အကြောင်းတိတိကျကျကိုတော့ မသိရှိရသေးပါဘူး။ သို့ပေမဲ့ အောက်ပါအခြေအနေတွေကြောင့်လို့တော့ ယူဆနိုင်ပါတယ်။

- ဆေးလိပ်သောက်ခြင်း

- သွေးကြောနံရံများမာလာခြင်း

- သွေးတိုးခြင်း

- သွေးကြောများရောင်ရမ်းခြင်း

- ဘတ်တီးရီးယားသော်လည်းကောင်း၊ မှိုရောဂါတစ်ခုခုသော်လည်းကောင်း ဝင်ရောက်တဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်

- ထိခိုက်ဒဏ်ရာတစ်ခုခုရတဲ့အခါ

- မျိုးရိုးလိုက်ပြီးလည်းဖြစ်တတ်ပါတယ်။

ဒီလိုသွေးကြောဖောင်းတာက နှလုံးသွေးကြောမကြီးရဲ့ ဘယ်နေရာမှာမဆိုဖြစ်တတ်ပါတယ်။ သွေးကြောမကြီးအပေါ်ပိုင်း ရင်ခေါင်းထဲမှာ ဖြစ်ရင် thoracic aortic aneurysm လို့ခေါ်ပါတယ်။ သွေးကြောအောက်ပိုင်း ဝမ်းဗိုက်ထဲမှာ ဖြစ်ရင်တော့ ဒါကို abdominal aortic aneurysm လို့ခေါ်ဆိုပါတယ်။

ဘယ်သူတွေပိုဖြစ်နိုင်သလဲ

အောက်ပါအခြေအနေရှိတဲ့သူတွေဟာ သွေးကြောဖောင်းတာမျိုးပိုဖြစ်တတ်ပါတယ်

- အသက်ကြီးတဲ့သူတွေ၊ အထူးသဖြင့် အသက် ၆၅နှစ်ကျော်သူတွေ

- ဆေးလိပ်သောက်သူတွေ

- အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင် အမျိုးသားတွေက ပိုဖြစ်နိုင်ပါတယ်

- အသားအရောင်နဲ့ ပြောရရင် အသားဖြူတဲ့သူတွေမှာပိုဖြစ်တတ်ပါတယ်

- မိသားစုဝင်ထဲမှာလည်း အလားတူရောဂါဖြစ်ဖူးတဲ့သူတွေဆိုဖြစ်တတ်ပါတယ်

- သွေးကြောထဲမှာ အဆီတွေပိတ်နေရင်လည်း ဖြစ်နိုင်ခြေတက်လာပါတယ်

- ခန္ဓာကိုယ်ရဲ့ တခြားနေရာက သွေးကြောကြီးတွေမှာလည်း   အလားတူဖောင်းတဲ့ပြဿနာရှိနေမယ်ဆိုရင်လည်း ပိုဖြစ်တတ်တာကိုတွေ့ရပါတယ်

- သွေးတိုးရောဂါရှိတဲ့သူတွေဆိုလည်း ပိုဖြစ်တတ်ပါတယ်

နောက်ဆက်တွဲဆိုးကျိုးများ

သွေးကြောမကြီးရဲ့ အလွှာတစ်ခု ဒါမှမဟုတ် တစ်ခုထပ်ပိုတဲ့ အလွှာတွေပေါက်ပြဲလာပြီး နောက်ဆုံးသွေးကြောကြီးတစ်ခုလုံးပေါက်ပြဲထွက်သွားတဲ့ပြဿနာက အဆိုးဆုံးဖြစ်ပါတယ်။ ဒီလိုဖြစ်တာကြောင့်ကိုယ်တွင်းသွေးယိုတဲ့အခါ အသက်အန္တရာယ်ပါစိုးရိမ်ရတဲ့အခြေအနေဖြစ်သွားပါတယ်။ ပုံမှန်အားဖြင့်တော့ သွေးကြောဖောင်းတာကြီးလေလေ ပေါက်ထွက်ဖို့ အခွင့်အရေးများလေလေဖြစ်ပါတယ်။

ဒီလို သွေးကြောပေါက်သွားတယ်ဆိုပြတတ်တဲ့လက္ခဏာတွေကတော့

- ရုတ်တရက်ကြီး ဝမ်းဗိုက် ဒါမှမဟုတ် ကျောမှာ အောင့်ပြီးနာကျင်လာမယ်၊ တစ်ခုခုနဲ့ ဆွဲဖြဲလိုက်သလိုခံစားရမယ်

- နာကျင်မှုက ဝမ်းဗိုက်ရှေ့ကနေ ကျောဖက် ဒါမှမဟုတ် ခြေထောက်ကို ပျံ့သွားမယ်

- ချွေးထွက်လာမယ်

- ဂနာမငြိမ်ဖြစ်လာမယ်

- မူးနောက်နောက်ဖြစ်လာမယ်

- ပျို့အန်မယ်

- သွေးပေါင်ချိန်ကျမယ်

- သွေးခုန်နှုန်းမြန်လာမယ်

နောက်ဖြစ်နိုင်တဲ့ပြဿနာတစ်ခုကတော့ ဖောင်းလာတဲ့သွေးကြောထဲမှာ သွေးခဲဖြစ်ပေါ်လာတဲ့ပြဿနာဖြစ်ပါတယ်။ ဒီသွေးခဲလေးတွေကစုနေရာက ပြုတ်ထွက်သွားပြီး ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ သွားပိတ်တဲ့အခါ သွားပိတ်တဲ့နေရာကို သွေးမလျှောက်တော့ပဲဖြစ်သွားနိုင်ပါတယ်။

 

ရောဂါရှာဖွေခြင်း

ဒီလိုသွေးကြောဖောင်းတဲ့ပြဿနာက တခြားရောဂါတစ်ခုခုကို စစ်ဆေးရင်းနဲ့မှ တွေ့ရှိရတာများပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ သူ့ဖာသာဆို ဘာလက္ခဏာမှသိပ်မပြတတ်လို့ဖြစ်ပါတယ်။ တခြားရောဂါအခြေအနေတစ်ခုခုအတွက် ဓာတ်မှန်ရိုက်တာ ဒါမှမဟုတ် အယ်လ်ထရာဆောင်းရိုက်တာတွေပြုလုပ်ရင်းနဲ့မှ အမှတ်မထင်တွေ့ရှိရတာများပါတယ်။ စမ်းသပ်မှုတွေအနေနဲ့

- ဝမ်းဗိုက်အယ်လ်ထရာဆောင်းရိုက်ခြင်း

- ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း

- သံလိုက်ဓာတ်မှန်ရိုက်ခြင်း စတဲ့စမ်းသပ်မှုတွေပြုလုပ်နိုင်ပါတယ်။

ကုသခြင်း

ကုသမှုရဲ့အဓိက ရည်ရွယ်ချက်ကတော့ သွေးကြောကြီးပေါက်မသွားအောင်တတ်နိုင်သလောက်လုပ်ဖို့ပဲဖြစ်ပါတယ်။ ဘယ်နည်းနဲ့ကုသမလဲဆိုတာတော့ သွေးကြောဘယ်လောက်ဖောင်းနေသလဲ၊ ဘယ်လောက်မြန်မြန်ကြီးလာသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ အဓိကအားဖြင့်လူနာကို အနီးကပ်စောင့်ကြည့်တာရှိမယ် - တကယ်လို့ သွေးကြောဖောင်းတာက သိပ်မဆိုးသေးဘူး၊ ဘာလက္ခဏာမှလည်းမခံစားရသေးဘူးဆိုရင် ချက်ခြင်း ကုသမှုခံယူဖို့မလိုသေးပါဘူး။ ဒါပေမဲ့ သွေးကြောဘယ်လောက်အရွယ်အစားရှိသလဲဆိုတာသိဖို့ အနီးကပ်စောင့်ကြည့်ဖို့လိုအပ်ပါမယ်။ လိုအပ်ရင် ဓာတ်မှန်ရိုက်တာ၊ အယ်လ်ထရာဆောင်းရိုက်တာမျိုးတွေလုပ်ဖို့အကြံပေးနိုင်ပါတယ်။ခွဲစိတ်ကုသခြင်း - တကယ်လို့ အရွယ်အစားက ၁.၉ ကနေ ၂.၂ လက်မ၊ ဒါမှမဟုတ် အဲ့ဒီထက်ပိုကြီးမယ်ဆိုရင်တော့ ခွဲစိတ်ကုသဖို့အကြံပေးမှာဖြစ်ပါတယ်။ နောက်ပြီး ဗိုက်နာတာ၊ ကျောအောင့်တာ စတဲ့လက္ခဏာတွေပါခံစားနေရရင်လည်း ခွဲစိတ်မှုခံယူဖို့ လိုအပ်နိုင်ပါတယ်။ ခွဲစိတ်တဲ့ကုသနည်းတွေအနေနဲ့

- Open abdominal surgery

- Endovascular surgery ဆိုပြီး ၂ မျိုးရှိပါတယ်။

Dr. Oliver

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18