Print

X-chromosome abnormalities (Klinefelter syndrome) (X-chromosome ဆိုင်ရ...

  21-Nov-2016
Preview Image


X-chromosome တစ်ခုပိုသောရောဂါ (Klinefelter)ကို ယောကျ်ားလေးအယောက် ၆ဝတွင် တစ်ယောက်နှုန်း တွေ့ရတတ်သည်။ မိဘများမှရသော သားဥနှင့် သုက်ပိုးများ ပုံမမှန်ခြင်းနှင့် သန္ဓေစတင်တည်ချိန်တွင် X နှင့် Y ပေါင်းစပ်မှု ပုံမမှန်ခြင်းတို့ကြောင့် ဖြစ်သည်။ 



လက္ခဏာများ
* မွေးကင်းစ ကလေးငယ်များတွင် 
- ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း
- အခြားကလေးများထက် ဖွံ့ဖြိုးမှုနောက်ကျခြင်း ( ထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊ စကားပြောနောက်ကျခြင်း)
- ကြွက်သားများ အားနည်းခြင်း
- တက်တက်ကြွကြွ မရှိခြင်းတို့ဖြစ်တတ်သည်။ 
တခါတရံ ဤရောဂါလက္ခဏာများကို မတွေ့ရသောကြောင့် ကလေးငယ်ဘဝတွင် ရောဂါဖော်ထုတ်ရန်ခက်ခဲသည်။



* လူပျိုပေါ်ဝင်ချိန်တွင်
ဤရောဂါရှိနေသောယောကျ်ားလေးများသည်
- မိမိကိုယ်ကို ယုံကြည်မှု နည်းတတ်ကြသည်။ ရှက်တတ်ပြီး အပေါင်းအသင်းများများ မရှိတတ်ပေ။
- သုံးပုံနှစ်ပုံသော ယောကျ်ားလေးများသည် အာရုံစိုက်မှု အားနည်းကြသောကြောင့် ကျောင်းစာများတွင် အခက်အခဲ တွေ့တတ်ကြသည်။
- အများစုမှာ အပင်ပန်း မခံနိုင်ကြပေ။
- ပုံမှန်ထက် အရပ်မြင့်တတ်ကြပြီး အထူးသဖြင့် ခြေတံလက်တံများ ရှည်တတ်ကြသည်။ တင်ပါးဆုံ ပုံမှန်ထက် ပိုကားတတ်ကြသည်။
- ပုံမှန်ကလေးများသည် အသက် ၁၁နှစ် နှင့် ၁၃နှစ်ကြားတွင် ဝှေးစေ့ကြီးထွားလာသည်။ Klifelter syndrome ကလေးများတွင် ဝှေးစေ့ကြီးထွားမှုနှေးသောကြောင့် အမျိုးသားဟော်မုန်းဓာတ် testosterone အထွက်နည်းကာ ကြွက်သားများမဖွံ့ဖြိုးခြင်း၊ ခန္ဓာကိုယ် မွှေးမျှင်များမပေါက်ခြင်း၊ လိင်အင်္ဂါများသေးငယ်ခြင်း၊ ရင်သားများကြီးလာခြင်း၊ အရိုးတွင်းကယ်လ်ဆီယမ်ဓာတ်နည်းခြင်းတို့ တွေ့ရသည်။ ဤရောဂါလက္ခဏာများကို အချို့သူများတွင် သတိမမူမိသောကြောင့် အိမ်ထောင်ပြုသည် အထိရောဂါရှိမှန်း မသိကြပါ။



* အိမ်ထောင်ပြုချိန်တွင်
Klifelter syndrome အမျိုးသားများတွင် အမျိုးသားဟော်မုန်းထွက်နည်းသောကြောင့် 
- လိင်စိတ်တက်ကြွမှု နည်းခြင်း
- လိင်အင်္ဂါအရွယ်စား သေးခြင်း
- ကြွက်သားများ အားနည်းကာဝမ်းဗိုက်တွင် အဆီများစုတတ်ခြင်းနှင့်
- သုက်ကောင်ဖြစ်ပေါ်နှုန်း နည်းခြင်းတို့ကြောင့် မျိုးအောင်ရန်ခက်ခဲသည်။
- စိတ်အလွယ်တကူ ရှုတ်ထွေးတတ်ကြပြီး စိတ်ကျရောဂါ ခံစားတတ်ကြရသည်။ 
သို့သော် အများစုမှာအခြားသူများကဲ့သို့ပင် အလုပ်အကိုင်၊ အိမ်ထောင်နှင့် မိမိတို့ဘဝကိုပျော်ရွှင်စွာနေထိုင်နိုင်ကြသည်။ ယခုအခါတွင် သုက်ကောင်ကို ထုတ်ယူမျိုးစပ်နိုင်သော နည်းသစ်များ ပေါ်ပေါက်လာပြီ ဖြစ်သောကြောင့် မျိုးမအောင်မှု ပြဿနာကိုလည်း ဖြေရှင်းနိုင်ပြီဖြစ်သည်။



ဖြစ်ပွားရသော အကြောင်းရင်းများ
ကျားမခွဲခြားသော chromosomeများတွင် chromosome XY သာပါဝင်ရမည့်အစား X chromosome တစ်ခု အပိုပါဝင်နေခြင်းကြောင့်ဖြစ်သည်။ အပိုပါဝင်သော X chromosome သည် အမျိုးသားအင်္ဂါ ကြီးထွားမှုကို အနှောက်အယှက်ပေးသည်။ အချို့ အမျိုးသားများတွင် အပို X chromosome သည် အချို့ ဆဲလ်များတွင်သာ ပါဝင်သည်။



နောက်ဆက်တွဲ ပြဿနာများ
အများစုမှာ ကျန်းမာကြပြီးအချို့သူများတွင်
- သွေးပြန်ကြောထုံးခြင်း
- အဆုတ်ရောဂါနှင့်
- အမျိုးအစား ၁ ဆီးချိုရောဂါ (Diabetes type1)၊ အရေပြားလေးဘက်နာရောဂါ (SLE) တို့ကဲ့သို့သော မိမိခုခံအားစနစ်မှ မိမိတစ်ရှူးများကို ပြန်လည်တိုက်ခိုက်သောရောဂါများ (Autoimmune diseases) အခြားသူများထက် ဖြစ်နိုင်ချေများသည်။



စစ်ဆေးမှုများ
- လိင်အင်္ဂါနှင့် ရင်သားများကို စစ်ဆေးခြင်း
- သွေးနှင့် ဆီးထဲတွင် ပါဝင်သော ဟော်မုန်းပမာဏများကို စစ်ဆေးခြင်း
- သွေးဆဲလ်များတွင် X chromosome အပိုပါဝင်ခြင်းရှိမရှိ မျိုးရိုးဗီဇ စစ်ဆေးခြင်း (Genetic test)



ကုသခြင်း
X chromosome တစ်ခု အပိုပါဝင်နေသော ရောဂါ (Klinefelter syndrome)ကို ပျောက်အောင် ကုသ၍ မရနိုင်ပါ။ သို့သော် ရောဂါလက္ခဏာများသက်သာစေရန်
- အမျိုးသားဟော်မုန်းအစားထိုးခြင်း
- ရှက်ကြောက်ခြင်း၊ စာသင်ကြားရခက်ခြင်းနှင့် အခြားလူမှုရေး အခက်အခဲများကို စိတ်ရောဂါကု ဆရာဝန်၏ အကူအညီဖြင့် ကုသခြင်း
- လေ့ကျင့်ခန်းနည်းဖြင့် ကုသခြင်း
- မျိုးမအောင်ခြင်းနှင့် ပတ်သက်၍ စိတ်ဓာတ်ကျခြင်းကို အားပေးခြင်း
- သုက်ကောင်ကိုယူ၍ သားအိမ်ပြင်ပတွင် သန္ဓေအောင်စေခြင်း
- ရင်သားများကြီးထွားနေပါက ခွဲစိတ်၍ ဖယ်ရှားပေးခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။



Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18