Print

Mastitis ( ရင်သားရောင်ရမ်းခြင်း )

  09-May-2017
Preview Image

ရင်သားရောင်ရမ်းခြင်းသည် ရင်သားတွင်ပိုးဝင်ပြီး နို့တိုက်မိခင်များတွင် အများဆုံးဖြစ်တတ်သည်။ ကလေးမွေးပြီး ၁လမှ၃လအတွင်းတွင် အဖြစ်များသည်။ နို့တိုက်မိခင်မဟုတ်သူများနှင့် သွေးဆုံးပြီးအမျိုးသမီးများတွင်လည်း ရင်သားရောင်ရမ်းခြင်းဖြစ်နိုင်သည်။ ကျန်းမာသန်စွမ်းသော အမျိုးသမီးများတွင်မူ တွေ့ရခဲသည်။ ဆီးချိုရောဂါ၊ နာတာရှည်ရောဂါ၊ ခုခံအားကျဆင်းသောရောဂါနှင့် AIDS ရောဂါရှိသောအမျိုးသမီးများတွင် ဖြစ်နိုင်ချေများသည်။ ရင်သားရောင်ရမ်းခြင်းသည် ရက်အနည်းငယ်သာအဖြစ်များပြီး နာတာရှည်ရောဂါအဖြစ်လည်းပြောင်းနိုင်သည်။ အလွန်အဖြစ်နည်းသော ရင်သားကင်ဆာတမျိုးသည်လည်း ရင်သားရောင်ရမ်းသောလက္ခဏာကို ဖြစ်စေသည်။


လက္ခဏာများ

- ရင်သားနာခြင်း၊ တင်းခြင်း

- ရင်သားရောင်၍ အရွယ်အစားကြီးလာခြင်း

- လက်ဖြင့်ကိုင်ကြည့်လျှင် နာခြင်း၊ ပူနွေးနေခြင်း

- မအီမသာဖြစ်ကာ နှုံးနေခြင်း

- ဖျားခြင်း၊ အဖျားကြီးခြင်း (တခါတရံတွင် ချမ်းတုန်၍ဖျားတတ်သည်)

          ရင်သားရောင်ရမ်းခြင်းသည် တဖက်တည်းတွင်သာ အဖြစ်များသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

          နို့်တိုက်နည်းမမှန်ကန်ခြင်းသည် ရင်သားတွင်းရှိ နို့လမ်းကြောင်းများကို ပိတ်စေပြီး ရင်သားရောင်ရမ်းစေသည်။ ကလေးကိုနို့တိုက်ပြီးချိန်တွင် နို့များကိုကုန်စင်အောင် မညှစ်ထုတ်မိပါကလည်း နို့လမ်းကြောင်းပိတ်နိုင်ပြီး ရောင်ရမ်းလာနိုင်သည်။

          နို့တိုက်မိခင်၏ နို့သီးခေါင်းတွင် ကွဲရာ၊ အက်ရာများရှိပါကလည်း ကလေး၏ပါးစပ်နှင့် မိခင်၏အရေပြားမှ ဘက်တီးရီးယားပိုးများသည် နို့လမ်းကြောင်းတွင်းဝင်ရောက်ပြီး ရောင်ရမ်းခြင်းကို ဖြစ်စေသည်။


ဖြစ်နိုင်ချေများသူများ

- ကလေးမီးဖွားပြီးခါစ မိခင်များ

- နို့သီးခေါင်းကွဲခြင်း၊ အက်ခြင်းဖြစ်နေသူများ

- ကလေးကို နို့တိုက်သောကိုယ်နေကိုယ်ထား တမျိုးတည်းနဲ့တိုက်သူများ       (ရင်သားထဲမှနို့များ မကုန်စင်သောကြောင့်ဖြစ်သည်)

- အလွန်ကျပ်သော အတွင်းခံဝတ်သူများ (နို့လမ်းကြောင်းများကို     ပိတ်စေနိုင်သည်)

- အလွန်ပင်ပန်းပြီး စိတ်ဖိစီးမှုများသူများ

- ယခင်က ရင်သားရောင်ဖူးသူများ

- အာဟာရချို့တဲ့သူများ


နောက်ဆက်တွဲ ပြဿနာများ

          ရင်သားရောင်ရမ်းခြင်းကို စောလျင်စွာကုသမှုမခံယူပါက ရင်သားတွင် ပြည်တည်နာအထိဖြစ်နိုင်သည်။ ရင်သားပြည်တည်နာသည် ခွဲစိတ်ကုသမှုခံယူမှသာ ပျောက်ကင်းသက်သာနိုင်သောကြောင့် ရင်သားရောင်ခြင်းဖြစ်ပါက တတ်ကျွမ်းနားလည်သောဆရာဝန်နှင့် အမြန်ဆုံးပြသသင့်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

           အထက်ဖော်ပြပါလက္ခဏာများဖြစ်ပါက တတ်ကျွမ်းနားလည်သောဆရာဝန်နှင့် အမြန်ဆုံးပြသပါ။


စစ်ဆေးမှုများ

          ဆရာဝန်မှစမ်းသပ်စစ်ဆေးခြင်းဖြင့် ရင်သားရောင်ရမ်းခြင်း ဟုတ်၊ မဟုတ်ကို သိရှိနိုင်သည်။ ရင်သားပြည်တည်နာ ရှိ၊ မရှိကိုလည်း စမ်းသပ်စစ်ဆေးမည်။ ရင်သားမှနို့ရည်ကိုယူ၍ ပိုးမွေးပြီးစစ်ဆေးနိုင်သည်။ 

          အလွန်ရှားသော ရင်သားကင်ဆာတမျိုးသည်လည်း ရင်သားရောင်သော လက္ခဏာခံစားရနိုင်သဖြင့် ၎င်းရောဂါဟုတ်၊ မဟုတ်သိရှိနိုင်ရန် ရင်သားဓာတ်မှန်ရိုက်နိုင်သည်။ အကယ်၍ ရင်သားရောင်ခြင်းအတွက် သင့်လျော်သောကုသမှုခံယူပြီးချိန်ထိ မသက်သာပါက အသားစယူ၍ ကင်ဆာဟုတ်၊ မဟုတ်ကို စစ်ဆေးရမည်။

     

ကုသခြင်း

          ပဋိဇီဝဆေးများဖြင့် ကုသနိုင်သည်။ အများအားဖြင့် ၁၀ရက်မှ ၁၄ရက်အထိ ကုသရတတ်သည်။ ဆေးနှင့်ကုသပြီး ၂၄နာရီမှ ၄၈နာရီအတွင်း သက်သာလာမည်ဖြစ်သော်လည်း နောက်တကြိမ် ထပ်မဖြစ်စေရန် ဆေးကိုရက်ပြည့်အောင် သောက်ရမည်။

          နာကျင်မှုသက်သာစေရန် အနာသက်သာဆေးများနှင့် ကုသနိုင်သည်။

          နို့တိုက်နည်းမှန်ကန်မှုရှိရန်မှာလည်း ကုသရာတွင် အလွန်အရေးပါသည်။ နို့တိုက်ပြီးချိန်တွင် ရင်သားအတွင်း နို့များမကျန်ရှိစေရန်မှာ အရေးကြီးသည်။ နို့တိုက်နည်းမှန်ကန်မှု ရှိ၊ မရှိကို သက်ဆိုင်ရာ ဆရာဝန်၊ ဆရာမတို့ကို မေးမြန်းနိုင်သည်။

          ရင်သားရောင်နေချိန်တွင် ကလေးကို နို့ဆက်တိုက်ပါ။ အရည်များများသောက်ပါ။ တတ်နိုင်သမျှ အနားယူပါ။ သို့မှသာ ခန္ဓာကိုယ်မှ ရောဂါပိုးများကို တိုက်ထုတ်နိုင်မည်။

          အကယ်၍ ပဋိဇီဝဆေးကို ရက်ပြည့်သောက်ပြီးချိန်တွင် မသက်သာပါက ဆရာဝန်နှင့်ထပ်မံပြသသင့်ပြီး လိုအပ်သောစစ်ဆေးမှုများကို ပြုလုပ်ရမည်ဖြစ်သည်။

      

ကာကွယ်ခြင်း

-  နို့တိုက်နည်းမှန်ကန်မှုရှိစေရန် ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်၊ ဆရာမများ    သင်ကြားပြသပေးသည်ကို ဂရုတစိုက်နားထောင်လေ့လာပါ။

-  နို့တိုက်ချိန်တွင် ရင်သားမှနို့များ ကုန်အောင်တိုက်ပေးပါ။

-  ရင်သားတဖက်တွင် နို့ကုန်အောင်တိုက်ပြီးမှ အခြားတဖက်သို့ ပြောင်းပါ။

-  ကလေးကို နို့တိုက်သောကိုယ်နေကိုယ်ထားကို မကြာခဏပြောင်းပေးပါ။


အခြားသိသင့်သော အချက်များ

-  အကယ်၍ နို့များကို ညှစ်ထုတ်ရခက်နေပါက ရေနွေးအိတ်ကပ်ပေးခြင်း၊    ရေနွေးဖြင့် ရေချိုးပေးခြင်းပြုလုပ်နိုင်သည်။


Dr.Khine.W.Y.San

Ref: Mayo clinic




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18