Print

Intussusception(အူစွပ်ခြင်း)

  09-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

အူစွပ်ခြင်းဆိုသည်မှာ အူ၏အစိတ်အပိုင်း တစ်ခုက အူ၏အခြားအစိတ်အပိုင်း တစ်ခုအတွင်း စွပ်ဝင်သွားခြင်း ဖြစ်ပြီး စိုးရိမ်ရသော အခြေအနေတစ်ခုဖြစ်သည်။ အူစွပ်ခြင်းကြောင့် အူပိတ်ခြင်း၊ အူပေါက်ခြင်း၊ ပိုးဝင်ခြင်း၊ နှင့် အူပုပ်ခြင်းများ ဖြစ်နိုင်ပါသည်။

အူစွပ်ခြင်းသည် ၃နှစ်အောက် ကလေးများတွင် အဖြစ်များသော အခြေအနေတစ်မျိုး ပြီး အများစုတွင် ဖြစ်ရသော အကြောင်းအရင်းကို ရှာမရပေ။ လူကြီးများတွင် အဖြစ်နည်းလေ့ရှိပြီး အများအားဖြင့် အူလမ်းကြောင်းတွင် အလုံးအကျိတ်ကင်ဆာ ရှိပါက ပိုအဖြစ်များပါသည်။

ကလေးအများစုတွင် မခွဲစိ်တ်ရသော နည်းလမ်းဖြင့် ကုသပျောက်ကင်းလေ့ရှိသော်လည်း လူကြီးများတွင်မူ ခွဲစိတ်ရသော နည်းဖြင့်သာ ကုသပျောက်ကင်းနိုင်ပါသည်။


လက္ခဏာများ

ကလေးများတွင် တွေ့ရသော ရောဂါ လက္ခဏာများ

ကျန်းမာသော ကလေးများ (ယခင်က ဗိုက်အောင့်ဗိုက်နာ မရှိဖူးသော ကလေးများ) တွင် အလွန် ဗိုက်နာပြီး ငိုခြင်းဖြင့်ရောဂါလက္ခဏာ ပြလေ့ရှိသည်။ ယခင်က ဗိုက်နာသော ဝေဒနာ ခံစားဖူးသော ကလေးများတွင်မူ ဆောင့်ကြောင့်ထိုင်၍ ငိုလေ့ရှိသည်။

ဗိုက်နာခြင်းသည် ပထမ ၁၅မိနစ် ခန့်တွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်လေ့ရှိပြီး တဖြည်းဖြည်းနှင့် နာသောအချိန် ပိုကြာလာတတ်သည်။


အခြားလက္ခဏာများ

• ဝမ်းသွားလျှင် သွေးနှင့် အချွဲများပါခြင်း(အနီရောင် ဂျယ်လီနှင့် တူသောဝမ်း Red currant Jelly stool)

• အန်ခြင်း

• ဗိုက်တွင် အလုံးစမ်းမိခြင်း

• ဝမ်းလျောခြင်း

• နုံးချိနေခြင်း

• ဖျားခြင်း

ရောဂါလက္ခဏာပြပုံခြင်းသည် တစ်ဦးနှင့် တစ်ဦးမတူချေ။ ကလေးကြီးများတွင်မူ ဗိုက်အောင့်သော လက္ခဏာသာရှိပြီး အခြားလက္ခဏာများ ပြလေ့မရှိပေ။


လူကြီးများတွင် တွေ့ရသော ရောဂါလက္ခဏာများ

အူစွပ်ခြင်းသည် လူကြီးများတွင် တွေရနည်းသော ရောဂါအခြေအနေတစ်မျိုးဖြစ်ပြီး အခြားရောဂါလက္ခဏာများနှင့် ရောထွေးနေလေ့ရှိသည်။ အဖြစ်အများဆုံးသော ရောဂါလက္ခဏာမှာ ဗိုက်ခဏခဏအောင့်ခြင်းပင်ဖြစ်သည်။ ပျို့ခြင်း အန်ခြင်းများလည်းရှိတတ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

လူ၏ အူသည် ပြွန်ပုံသဏ္ဍာန်ရှိနေခြင်းဖြစ်ပြီး အူစွပ်ခြင်းဆိုသည်မှာ အူသိမ်၏ အပိုင်းတစ်ခုမှ အခြားပို၍သေးသော အစိတ်အပိုင်းတစ်ခုအတွင်းသို့ စွပ်ဝင်သွားခြင်းဖြစ်သည်။

အချို့လူနာများတွင် အူစွပ်ခြင်းသည် အူအတွင်းတွင် ပုံမှန်မဟုတ်သော အလုံးအကျိတ်များ (ဥပမာ- ကင်ဆာကျိတ်များကြောင့်လည်း အူစွပ်ခြင်းများ ဖြစ်တတ်ပါသည်။ သို့သော်လည်း လူနာ အများစုတွင်မူ အူစွပ်ခြင်း ဖြစ်ရသည့် အကြောင်းအရင်းကို တိတိကျကျရှာ၍မရပေ။


ကလေးများတွင် အူစွပ်ခြင်းဖြစ်ရသော အကြောင်းအရင်းများ

ကလေးများတွင် အူစွပ်ခြင်း ဖြစ်ရသည့် အကြောင်းအရင်းကို ယနေ့တိုင် သေချာ မသိကြသေးပေ။ အချို့ကလေးများတွင်မူ Meckel’s diverticulum (အူလမ်းကြောင်းတွင် အိတ်ကဲ့သို့ ထွက်နေသော အဖုအပို) ကြောင့်လည်း ဖြစ်တတ်ပါသည်။


လူကြီးများတွင် အူစွပ်ခြင်းဖြစ်ရသော အကြောင်းအရင်းများ

• အူတွင်း အသားလုံးပိုပါနေခြင်း

• အူတွင်း အလုံးအကျိတ်များရှိနေခြင်း

• အူကပ်နေခြင်း

• အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အကြီးစား ခွဲစိတ်မှု ပြုလုပ်ထားသူများ

• နာတာရှည် အူရောင်ရောဂါရှိသူများ


ဖြစ်နိုင်ချေများသူများ

အူစွပ်ခြင်း အဖြစ်များလေ့ရှိသူများမှာ -

ကလေးများတွင် အဖြစ်များသည်။ အထူးသဖြင့် ၆လမှ ၃နှစ်ကြား ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်သည်။ 

ယောကျ်ားလေးများတွင် ပို၍ အဖြစ်များသည်။

မိခင်ဝမ်းဗိုက်တွင်း သန္ဓေသားဘဝတွင် အူလမ်းကြောင်းဖွံဖြိုးမှု ပုံမမှန်ခြင်းကြောင့် အများဆုံးဖြစ်သည်။

အူစွပ်ခြင်း ဖြစ်ဖူးပါက နောက်တစ်ကြိမ် ဖြစ်နိုင်ခြေပိုများပါသည်။

မွေးခြင်းမောင်နှမများတွင် အူစွပ်ခြင်းဖြစ်ဖူးပါက ဖြစ်နိုင်ချေပိုများပါသည်။


နောက်ဆက်တွဲ ပြဿနာများ

အူစွပ်ပါက အူနံရံများအတွင်းရှိ သွေးကြောများအာ ဖိမိသကဲ့သို့ဖြစ်ပြီး အူတွင်းသွေးပို့ရာတွင် အခက်အခဲ ဖြစ်လေ့ရှိသည်။ မှန်ကန်သော ကုသမှုမခံယူပါက  အူပုပ်ခြင်း အူပေါက်ခြင်း နှင့် ဝမ်းဗိုက်အတွင်း ဘက်တီးရီးယားများ ပျံ့ပြီး အူပေါက်၍သွေးဆိပ်တက်ခြင်းများ  ဖြစ်တတ်ပါသည်။

အူပေါက်၍သွေးဆိပ်တက်ခြင်းသည် ကျန်းမာရေးအရ အရေးကြီးသော အခြေအနေ တစ်မျိုးဖြစ် ပြီး အချိန်မီ ကုသမှုမခံယူပါက အသက်အန ္တရယ် စိုးရိမ်ရပါသည်။


အူပေါက်၍သွေးဆိပ်တက်ခြင်း၏ လက္ခဏာများ

• အလွန်အမင်း ဗို်က်အောင့်ခြင်း

• ဗိုက်ဖောင်းလာခြင်း

• ဖျားခြင်းတို့ ဖြစ်ပါသည်။

အူပေါက်၍သွေးဆိပ်တက်ခြင်း ကြောင့် ကလေးငယ် တွင် သွေးလန့်ခြင်း ဖြစ်တတ်ပါသည်။ 


သွေးလန့်ခြင်း ၏ လက္ခဏာများမှာ

• ခြေဖျားလက်ဖျားများ ရုတ်တရက် အေးစက်သွားခြင်း သို့မဟုတ် သွေးရောင်မရှိတော့ပဲ ဖြူဖျော့သွားခြင်း

• သွေးခုန်နှုန်း မြန်လာခြင်း

• အသက်ရှုမမှန်ခြင်း

• သတိလစ်သွားခြင်း

မှတ်ချက်။ ။ အထက်ပါလက္ခဏာများရှိပါက နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးသွားရန်လိုပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အူစွပ်ခြင်းသည် အရေးပေါ်ကုသမှု ခံယူသင့်သော ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပါသည်။ အထက်တွင် ဖော်ပြထားသော လက္ခဏာများ သင့်ကလေးတွင် ရှိပါက သေချာစွာ ကုသမှုခံယူသင့်ပါသည်။ အသက် ၁နှစ်အောက် ကလေးငယ်များတွင်မူ အနီရောင် ဂျယ်လီနှင့် တူသောဝမ်းသွားလေ့ရှိပြီး အပြင်းအထန်ငိုသော လက္ခဏာသာ ပြလေ့ရှိသည်။


စစ်ဆေးမှုများ

• ဝမ်းဗိုက်တွင် အလုံးစမ်းမိလေ့ရှိသည်။

• တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် ကွန်ပျူတာ ဓာတ်မှန်ရိုက် ခြင်းဖြင့် အူစွပ်ခြင်း ဟုတ်မဟုတ်၊ အူပေါက်ခြင်းရှိမရှိ သိနိုင်ပါသည်။

• ဘေရီယမ် ဓာတ်မှန်ရိုက်ခြင်းဖြင့်လည်း အူစွပ်ခြင်းကို သိနိုင်ပါသည်။ အချို့သော ကလေးများတွင် ဘေရီယမ် ဓာတ်မှန်ရိုက်ခြင်းဖြစ် အူစွပ်ခြင်းကို ကုသနိုင်ပါသည်။ သို့သော် အူပေါက်နေပါက ဘေရီယမ် ဓာတ်မှန်ရိုက်၍ မရပါ။


ကုသခြင်း

အူစွပ်ခြင်းသည် အရေးပေါ်ကုသမှု ခံယူသင့်သော ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပြီး သေချာစွာ ကုသမှုမခံယူပါက ပြင်းထန်သောရေဓာတ်ဆုံးရှုံးခြင်း၊ သွေးလန့်ခြင်းများ နှင့် အူပေါက်၍သွေးဆိပ်တက်ခြင်းများ ဖြစ်တတ်ပါသည်။


ကုသပုံ အဆင့်ဆင့်

ဆေးရုံသို့ ရောက်ပါက ဆရာဝန် ဆရာမများမှ 

အကြောတွင်း သို့ ဓာတ်ဆားရည်သွင်းပေးခြင်း

နှာခေါင်းမှ အစာပိုက်ထည့်ခြင်းများ ပြုလုပ်ပါမည်။


ဘေရီယမ် ဓာတ်မှန်ရိုက်ခြင်း - ဘေရီယမ် ဓာတ်မှန်ရိုက်ခြင်း ဖြင့် အူစွပ်ခြင်း ဟုတ်မဟုတ် သိနိုင်ရုံသာမက အူစွပ်ခြင်း၏ ကုသနည်းတစ်မျိုးအဖြစ်လည်း ကလေးများတွင် အသုံးပြုနိုင်ပါသည်။

ခွဲစိတ်ကုသခြင်း- အကယ်၍ ဘေရီယမ် ဓာတ်မှန်ရိုက်ဖြင့်မသက်သာပါက ခွဲစိတ်ကုသရန်လိုအပ်ပါသည်။ ခွဲစိတ်ကုသခြင်းဖြင့်သာ အူစွပ်ခြင်း အူပိတ်ခြင်းများကို ကုသပျောက်ကင်းနိုင်ပြီး အူပုပ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ လူကြီးများတွင် ခွဲစိတ်ကုသခြင်း တစ်မျိုးဖြင့်သာ အူစွပ်ခြင်းကို ကုသနိုင်ပါသည်။


Ref: NHS choices



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18