Print

Gallbladder cancer ( သည်းခြေအိတ်ကင်ဆာ )

  09-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

သည်းခြေအိတ်သည် ဝမ်းဗိုက်၏ညာဘက်အပေါ်ခြမ်း အသည်းအောက်တွင်တည်ရှိပြီး သစ်တော်သီးပုံသဏ္ဍန်ရှိပါသည်။သည်းခြေအိတ်ထဲရှိ သည်းခြေရည်များသည် အစာချေလုပ်ငန်းကိုအထောက်အကူပြုပါသည်။သည်းခြေအိတ်ကင်ဆာသည် အဖြစ်နဲပါသည်။


သည်းခြေအိတ်ကင်ဆာကို စောစောစီးစီးသိရှိပြီး ကုသပါက အသက်ရှည်ကြာစွာနေရနှုန်း ပိုများပါသည်။သို့သော်လည်း တော်တော်များများသည် အသိနောက်ကျတတ်သောကြောင့် ကုသမှုခက်ခဲတတ်ကြပါသည်။အသည်း၏အောက်တွင်ဖုံးကွယ်နေသောကြောင့် ကင်ဆာဆဲလ်ပျံ့ပွားမှုမှာဖုံးကွယ်နေတတ်ပြီးအလွယ်တကူရှာဖွေမတွေ့နိုင်ပါ။ထို့ကြောင့်ရောဂါရှာဖွေရာတွင် ခက်ခဲနိုင်ပါသည်။


လက္ခဏာများ

- ဝမ်းဗိုက် ညာဘက်အပေါ်ဘက်ခြမ်းအောင့်ခြင်း

- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

- အရေပြားယားယံခြင်း

- ဖျားခြင်း

- အစားအသောက်ပျက်ခြင်း

- ကိုယ်အလေးချိန်ကျခြင်း

- ပျို့အန်ခြင်း

- မျက်လုံးဖြူဖျော့လာခြင်းနှင့်အသားများဝါလာခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

- သည်းခြေဆဲလ်လေးများ ဗီဇပြောင်းလဲမှု (mutations) ကြောင့်ဖြစ်သည်ဟုယူဆထားလျက်ရှိပါသည်။


ဖြစ်နိုင်ချေများသူများ

- အမျိုးသမီးများ

- အသက်ကြီးသူများ

- အဝလွန်သူများ

- သည်းခြေကျောက်တည်ဖူးခဲ့သူများ သို့သော်လည်း ရှားပါသည်။

- သည်းခြေနှင့်ပတ်သက်သောရောဂါရှိဖူးသူများ ဥပမာ သည်းခြေလမ်းကြောင်းပိုးဝင်ခြင်း၊          သည်းခြေရေအိတ်တည်ခြင်း စသော အခြေအနေများတွင် ပိုဖြစ်နိုင်ပါသည်။


နောက်ဆက်တွဲ ပြဿနာများ

သည်းခြေအိတ်ကင်ဆာဆဲလ်များ သည်းခြေလမ်းကြောင်းကိုပျံ့နှံ့ခြင်းအားဖြင့် သည်းခြေလမ်းကြောင်း

ပိတ်ဆို့မှုပြဿနာများဖြစ်ပေါ်လာနိုင်ပါသည်။ထိုအခါ ပြွန်ချောင်းထည့်၍သည်းခြေလမ်းကြောင်းချဲ့ခြင်း၊

သည်းခြေလမ်းကြောင်းပိတ်ဆို့မှုကိုဖယ်ရှား၍ပြန်လည်တည်ဆောက်ခြင်း တို့ဖြင့်ကုသနိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အထက်ဖော်ပြပါ ရောဂါလက္ခဏာများခံစားရပါက ဆရာဝန်နှင့်တိုင်ပင်ပြသသင့်ပါတယ်။


စစ်ဆေးမှုများ

- အသည်းနှင့်သည်းခြေလမ်းကြောင်းအတွက် သွေးစစ်ခြင်း

- အာထရာဆောင်းရိုက်ခြင်း

- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

- သံလိုက်ဓာတ်မှန်ရိုက်ခြင်း

- သည်းခြေလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း

- သွေးကြောထဲသို့ဆေးသွင်း၍သည်းခြေလမ်းကြောင်းကို ပုံဖော်ကြည့်ခြင်း

- သည်းခြေအိတ်ကင်ဆာ ပျံ့နှ့ံမှုရှိမရှိဗိုက်ခွဲ၍စစ်ဆေးခြင်း


ကုသခြင်း

သည်းခြေအိတ်ကင်ဆာကို စောစောစီးစီးသိရှိပါက 

- သည်းခြေအိတ်ထုတ်ခြင်း

- အသည်းသို့ပျံ့နှံ့ပါက ပျံ့နှံ့နေသော အသည်းအစိတ်အပိုင်းနှင့်သည်းခြေအိတ်ကိုထုတ်ခြင်း အထက်ပါခွဲစိတ်ကုသခြင်းနည်းလမ်းဖြင့် သည်းခြေအိတ်ထုတ်ပြီး လိုအပ်ပါက ကင်ဆာဆေးသွင်းကုသခြင်း၊ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း စသည်တို့့ဖြင့် ဆက်လက်ကုသမှု ခံယူရနိုင်ပါသည်။


သည်းခြေအိတ်ကင်ဆာကို နောက်ကျမှသိရှိလျှင်

- ကင်ဆာဆေးသွင်းကုသခြင်း 

- ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း

- သည်းခြေအိတ်ကင်ဆာသည် ခန္ဓာကိုယ်၏နေရာတော်တော်များများသို့ ပျံ့နှ့ံနေပါက 

  ရောဂါသက်သာစေရန် ပျံ့ပွားမှုနှုန်းနည်းစေရန် အထက်ပါနည်းလမ်းများနှင့်ကုသနိုင်ပါသည်။


အခြားသိသင့်သော အချက်များ (ရှိလျှင်)

သည်းခြေအိတ်ကင်ဆာကို အဆင့်လေးဆင့်သတ်မှတ်ထားပါသည်။


အဆင့် (၁) - ကင်ဆာဆဲလ်များ သည်းခြေအိတ်၏အတွင်းပိုင်အလွှာတွင်သာတည်ရှိခြင်း

အဆင့် (၂) - ကင်ဆာဆဲလ်များ သည်းခြေအိတ်အတွင်းမှအပြင်သို့ ပျံ့နှံ့ကာ

                 သည်းခြေအိတ်ပြင်ပသို့ ကျော်လွန်ခြင်း

အဆင့် (၃) - ကင်ဆာဆဲလ်များ နီးစပ်ရာ အသည်း၊အူသိမ်တစ်လျှောက်၊အစာအိမ်နှင့် ပြန်ရေကြော

                 အကြိတ်များသို့ ပျံ့နှံ့ခြင်း

အဆင့် (၄) - သည်းခြေအိတ်ကင်ဆာမှာ အရွယ်အစားကြီးမားလွန်းကာ နီးစပ်ရာဝမ်းတွင်းအင်္ဂါများ

                 နှင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့ခြင်း 


Ref: Mayo clinics 

Writer : Dr TMMH




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18