Print

Obesity ( အဝလွန်ခြင်း )

  06-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

အဝလွန်ခြင်းသည် ခန္ဓာကိုယ်ရှိအဆီများပုံမှန်ထက်များနေသော မူမမှန်ခြင်းတစ်မျိုးဖြစ်သည်။အဝလွန်ခြင်းသည် အလှအပနှင့်ဆိုင်သည်သာမက သင့်ကို နှလုံးရောဂါ၊ ဆီးချိုရောဂါ၊သွေးတိုးရောဂါအစရှိသည်တို့ကိုလည်းပိုမိုဖြစ်ပွားစေနိုင်သည်။

စနစ်တကျအလေးချိန်လျှော့ချခြင်းသည် ကျန်းမာရေးပြဿနာများကို လျှော့ချပေးနိုင်ရုံသာမက ကာကွယ်ပေးနိုင်သည်။

အစားစားပုံပြောင်းလဲခြင်း၊ ပုံမှန်ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်းတို့သည် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်သည်။ ဆရာဝန်ညွှန်ကြားထားသောပိန်ဆေးများသောက်ခြင်း၊ခွဲစိတ်ကုသခြင်းဖြင့်ပိန်စေခြင်းများသည်လည်းအခြားပိန်စေသောနည်းလမ်းများဖြစ်ကြသည်။


လက္ခဏာများ

အဝလွန်ခြင်းကို သင်၏ခန္ဓာကိုယ်အလေးချိန်ကိုတိုင်းတာတွက်ချက်ခြင်း body mass index (BMI) မှတစ်ဆင့်သိနိုင်သည်။body mass index (BMI)ဆိုသည်မှာ သင့်ခန္ဓာကိုယ်အလေးချိန်(ကီလိုဂရမ်)ကို သင့်အရပ်အမြင့်(မီတာ)နှစ်ထပ်ကိန်းဖြင့် စားခြင်းဖြစ်သည်။

     BMI               ခန္ဓာကိုယ်အနေအထား

၁၈.၅ အောက် ပုံမှန်အလေးချိန်အောက်

၁၈.၅ - ၂၄.၉ ပုံမှန််အလေးချိန်

၂၅.၀ - ၂၉.၉ ပုံမှန်ထက်ပိုသည်

၃၀.၀ - ၃၄.၉ အနည်းငယ် အဝလွန်သည်(အမျိုးအစား ၁)

၃၅.၀ - ၃၉.၉ အလယ်အလတ်အဆင့် အဝလွန်သည်(အမျိုးအစား ၂)

၄၀.၀ နှင့်အထက် အလွန်အမင်း အဝလွန်သည်(အမျိုးအစား ၃)


အများအားဖြင့် BMI မှာ ခန္ဓာကိုယ်၏အဆီဓာတ်ပမာဏကို ခန့်မှန်းနိုင်ရုံသာဖြစ်သည်။ထို့ကြောင့် BMI သည် အဆီပမာဏနှင့်တိုက်ရိုက်တော့ မသက်ဆိုင်ပေ။အထူးသဖြင့် အားကစားသမားများတွင် အဆီများစွာမရှိသော်လည်း BMI အရ ဝသောလူအမျိုးအစားထဲတွင်ပါသည်။အကယ်၍ သင့်တွင် BMI ခန္ဓာကိုယ်အလေးချိန်ကိုတိုင်းတာတွက်ချက်ခြင်းအရ ပြဿနာတစ်ခုခုရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

သင့်ခန္ဓာကိုယ်အလေးချိန်သည် မျိုးရိုး၊ အနေအထိုင်နှင့် ဟော်မုန်းများအပေါ်မူတည်သော်လည်း သင့်ခန္ဓာကိုယ်မှ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ပုံမှန်လုပ်ရှားမှုများမှ အဆီလောင်ကျွမ်းခြင်းမှုထက် ပိုရရှိနေပါက အဝလွန်ခြင်းဖြစ်လာသည်။ခန္ဓာကိုယ်သည် ပိုလျှံနေသော ကယ်လိုရီပမာဏကို အဆီအဖြစ်သိုလှောင်ထားသည်။ တစ်ခါတစ်ရံတွင် အဝလွန်ခြင်းသည် ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လည်းဖြစ်နိုင်သည်။သို့သော် ထိုအခြေအနေသည် ရှားပါးလေ့ရှိပြီး အောက်ပါ အချက်များကြောင့် အဝလွန်ခြင်း အဓိက ဖြစ်ပွားတတ်သည်။

(၁) ခန္ဓာကိုယ်လှုပ်ရှားမှုနည်းခြင်း - ကယ်လိုရီလောင်ကျွမ်းမှုနည်းပြီး အဝလွန်စေနိုင်သည်။ 

(၂) ကျန်းမာရေးအတွက်မသင့်တော်သော အစားအစာများစားခြင်းနှင့် စားသောက်ပုံမူမမှန်မှုများ - သင့်ခန္ဓာကိုယ်မှလောင်ကျွမ်းသည့် ကယ်လိုရီပမာဏထက် ရရှိသည့် ပမာဏမှာ ပိုမိုနေလျှင် ကိုယ်အလေးချိန်ပိုလာနိုင်သည်။


ဖြစ်နိုင်ချေများသူများ

အဝလွန်ခြင်းသည် အောက်ပါအချက်များနှင့် သက်ဆိုင်မှုရှိသည်။

(၁) မျိုးရိုးလိုက်ခြင်း - မျိုးရိုးဗီဇအရ သင့်ခန္ဓာကိုယ်တွင် အဆီများစုမှုကို ထိန်းချုပ်ထားသည်။

(၂) မိသားစု နေထိုင်မှုပုံစံ 

(၃) ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

(၄) ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများစားခြင်း

(၅) ကျန်းမာရေး ပြဿနာများရှိခြင်း

(၆) ဝစေနိုင်သောဆေးများသောက်ခြင်း - ဥပမာ စိတ်ငြိမ်ဆေး၊ စိတ်ဓာတ်ကျဝေဒနာပျောက်ဆေး၊ အတက်ရောဂါပျောက်ဆေး၊ ဆီးချိုဆေး၊ စတီးရိုက်ပါသည့်ဆေးများ

(၇) လူမှုရေးဆိုင်ရာပြဿနာများရှိခြင်း

(၈) အသက်အရွယ်ပေါ်မူတည်ခြင်း

(၉) ကိုယ်ဝန်ဆောင်ခြင်း - ကလေးမွေးပြီးနောက် ကိုယ်အလေးချိန်ပြန်ကျရန်ခက်ခဲကြောင်းတွေ့ရှိရသည်။

(၁၀) ဆေးလိပ်သောက်ခြင်းကို ရုတ်တရက် ရပ်လိုက်ခြင်း - သို့သော် ဆေးလိပ်ဖြတ်ခြင်း၏ကောင်းကျိုးများသည် ဆက်သောက်ခြင်းထက် ပို၍သာလွန်သည်။

(၁၁) အိပ်ရေးပျက်ချိန်၊ အိပ်ချိန်မလုံလောက်ခြင်း

သင့်တွင် အထက်ပါအချက်များ ၁ခု(သို့)၁ခုထက်ပို၍ ရှိလျှင် အဝလွန်စေနိုင်သည်။


နောက်ဆက်တွဲ ပြဿနာများ

အဝလွန်ပါက အောက်ပါကျန်းမာရေးပြဿနာများကို ခံစားရနိုင်သည်။

- ကိုယ်ခန္ဓာအတွက်မကောင်းသော triglycerides အဆီဓာတ်များခြင်း၊ ကိုယ်ခန္ဓာအတွက် အသင့်အတင့်ကောင်းသော high-density lipoprotein (HDL)နည်းသွားခြင်း

- အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ခြင်း

- သွေးတိုးခြင်း

- ဇီဝကမ္မဖြစ်စဉ်မူမမှန်ခြင်း ရောဂါစု - သွေးတိုး၊ဆီးချို၊သွေးတွင်းအဆီဓာတ်များခြင်း၊ကောင်းသော အဆီဓာတ်နည်းခြင်း

- နှလုံးရောဂါဖြစ်ခြင်း

- လေဖြတ်ခြင်း

- ကင်ဆာရောဂါများဖြစ်ခြင်း - သားအိမ်၊ သားအိမ်ခေါင်း၊ သားဥအိမ်ကင်ဆာ၊ ရင်သား၊ အူမကြီး၊ အစာအိမ်ဟောင်း၊ အစာရေမျိုပြွန်၊ အသည်း၊ သည်းခြေအိတ်၊ မုန့်ချိုအိတ်၊ ကျောက်ကပ်၊ ဆီးကျိတ်ကင်ဆာများ

- အသက်ရှူမမှန်သည့်ပြဿနာများ - အိပ်နေရင်းအသက်ရှူရပ်သွားခြင်း

- သည်းခြေအိတ်နှင့်ဆိုင်သောရောဂါများ

- မျိုးဆက်ပွားပြဿနာများ - ကလေးမရနိုင်ခြင်း နှင့် ရာသီသွေးမမှန်ခြင်း

- အမျိုးသားများတွင် လိင်တံမတောင့်နိုင်ခြင်းနှင့် အခြားမျိုးဆက်ပွားပြဿနာများ

- အရက်မသောက်သော်လည်း အသည်းအဆီဖုံးခြင်း

- အရိုးကျီးပေါင်းရောဂါ Osteoarthritis


အဝလွန်ခြင်းသည် ကျန်းမာရေးပြဿနာသာမက နေထိုင်မှုဘဝကိုပါ အနည်းငယ်ထိခိုက်စေနိုင်သည်။

- လူများသောနေရာများသို့ မသွားချင်ခြင်း

- အပေါင်းအသင်းနည်းခြင်း

- ခွဲခြားဆက်ဆံခံရတတ်ခြင်း

- စိတ်ဓာတ်ကျခြင်း

- မလုပ်နိုင်သော ကိစ္စများရှိခြင်း Disability

- လိင်နှင့်ဆိုင်သည့် ပြဿနာများကြုံတွေ့ရခြင်း

- အရှက်နှင့်ဆိုင်သော ၊ စိတ်မနှစ်မြို့သောပြဿနာများ

- စိတ်မလုံခြုံမှုခံစားရခြင်း

- အလုပ်အကိုင်အခွင့်အလမ်းနည်းခြင်း


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အကယ်၍ သင်သည် ဝသောလူဖြစ်လျှင် ၊ အထူးသဖြင့် ကိုယ်အလေးချိန်နှင့်ပတ်သက်၍ ကျန်းမာရေးပြဿနာများခံစားရလျှင် ဆရာဝန်နှင့်ဖြစ်စေ၊ ကျန်းမာရေးအသိပညာတတ်ကျွမ်းသောသူနှင့်ဖြစ်စေ တိုင်ပင်ဆွေးနွေးသင့်သည်။ကျန်းမာရေးအရနောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ရန်နှင့် သင့်ကိုယ်အလေးချိန်ကျစေမည့်နည်းလမ်းများကိုသိရှိရန် ကူညီပေးလိမ့်မည်။


စစ်ဆေးမှုများ

- မေးမြန်းခြင်း

- ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း

- BMIတွက်ခြင်း( သင်၏ခန္ဓာကိုယ်အလေးချိန်ကိုတိုင်းတာတွက်ချက်ခြင်း )

- ခါးအချိုးအစားကို တိုင်းတာခြင်း

- အခြားကျန်းမာရေးပြဿနာများရှိမရှိစစ်ဆေးခြင်း - ဥပမာ သွေးပေါင်ချိန်တိုင်းခြင်း၊ ဆီးချိုတိုင်းခြင်း

- သွေးစစ်ဆေးမှုများပြုလုပ်ခြင်းနှင့် စက်ပစ္စည်းများဖြင့် စစ်ဆေးခြင်း


ကုသခြင်း

-  ကုသခြင်း၏ ရည်ရွယ်ချက်မှာ - ကျန်းမာရေးအတွက်ကောင်းသော ခန္ဓာကိုယ်အလေးချိန်ကို ရရှိရန်ဖြစ်သည်။သိတတ်နားလည်သော ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်၊ အစားအသောက်ဆိုင်ရာအထူးကု၊ ပြုမူနေထိုင်မှုဆိုင်ရာအထူးကု၊ အဝလွန်ခြင်းဆိုင်ရာအထူးကု အစရှိသူတို့နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။

-  ပထမဆုံး ကုသခြင်းမှာ အတန်အသင့် ကိုယ်အလေးချိန်ကျရန်ဖြစ်သည်

( သင့်ရှိသော ကိုယ်အလေးချိန်၏ ၃-၅ ရာခိုင်နှုန်းခန့် ) ။ ဆိုလိုသည်မှာ သင်သည် ပေါင် ၂၀၀ (၉၁ကီလို) ရှိသောသူဖြစ်ပါက BMI အရ ဝနေသည်ဟုသတ်မှတ်သောကြောင့် သင့်ကျန်းမာရေးအတွက် ၆ပေါင်မှ ၁ဝပေါင်ထိ အလေးချိန် လျှော့ရန်လိုအပ်သည်။

-  ကိုယ်အလေးချိန်လျော့ချရာတွင် သင်၏ စားသောက်မှုပုံစံနှင့် ကိုယ်လက်လှုပ်ရှားမှုကိုပါ ပြောင်းလဲရန်လိုအပ်သည်။ သင်၏ ကိုယ်အလေးချိန်အဆင့်၊ သင့်ကျန်းမာရေးအခြေအနေ၊ သင်၏ပေါင်ချိန်လျော့ချင်စိတ်တို့ပေါ်မူတည်၍ သင့်အတွက် အသင့်တော်ဆုံးနည်းလမ်းများမှာ ကွဲပြားတတ်ကြသည်။

-  နည်းလမ်းများအနေဖြင့်

(၁) အစားအသောက်ပုံစံပြောင်းလဲခြင်း 

(၂) ကိုယ်လက်လှုပ်ရှားမှုကို ပြောင်းလဲခြင်း

(၃) အပြုအမူအနေအထိုင်ပြောင်းလဲခြင်း

(၄) ကိုယ်အလေးချိန်လျှော့ရန်အတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်းဆေးသောက်ခြင်း

(၅) ခွဲစိတ်ကုသခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ခြင်း



(၁) အစားအသောက်ပုံစံပြောင်းလဲခြင်း

             - ကယ်လိုရီလျှော့စားခြင်း ( တစ်နေ့တာတွင် အမျိုးသားများအတွက် စံအဖြစ်စားသောက်ရန်မှာ ၁၅ဝဝ-၁၈ဝဝ ကယ်လိုရီဖြစ်ပြီး အမျိုးသမီးများအတွက်မှာ ၁၂ဝဝ-၁၅ဝဝကယ်လိုရီဖြစ်သည်)

              - ကယ်လိုရီနည်းသောအစားအစာများကို ဗိုက်ပြည့်အောင်စားခြင်း(အသီးနှင့် ဟင်းသီးဟင်းရွက်များ)

              - ကျန်းမာစေသောအစားအစာများကို စားသောက်ပါ

              - ကာဗိုဟိုက်ဒရိုတ်ဓာတ်များသော အဆီဓာတ်များသော အစားအစာများကို ရှောင်ပါ။

               - ကယ်လိုရီတက်မည့် အစားအစာများအစား ကိုယ်အလေးချိန်မတက်စေမည့်အစားအစာများကို အစားထိုးစားပါ။


အိမ်တွင် ကုသခြင်း

ဆေးဖြင့်ကုသသည့်အပြင် ကိုယ်အလေးချိန်မတက်အောင် အိမ်တွင်ထိန်းသိမ်းရန်လိုအပ်ပါသည်။

- သင့်ကိုယ်အလေးချိန်နှင့်ပတ်သက်၍ သိရှိနားလည်ထားခြင်း

- ကိုယ်အလေးချိန်နှင့်ပတ်သက်၍ ပန်းတိုင်ထားရှိခြင်း

- ကုသမှုကို တိတိကျကျဆောင်ရွက်ခြင်း

- မိသားစု အပေါင်းအသင်းများ၏ အားပေးမှုကို ခံယူခြင်း

- ကိုယ်အလေးချိန်ကို မှတ်သားထားခြင်း

- အစာစားချင်စိတ်ဖြစ်ပေါ်စေသည့် အရာများကိုရှောင်ကြဉ်ခြင်း

- ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်ခြင်း


ကာကွယ်ခြင်း

သင်သည် ဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ၊ ဝမည့်လက္ခဏာရှိသည်ဖြစ်စေ ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ရှိရန်နှင့် အခြားကျန်းမာရေးပြဿနာများမဖြစ်ရန် အဝမလွန်ဖို့အရေးကြီးသည်။


အောက်ပါတို့ကိုပြုလုပ်ပြီးကာကွယ်နိုင်ပါသည်။

- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်း

- ကျန်းမာရေးအတွက် ကောင်းမွန်သော စားခြင်း

- အစာစားချင်စိတ်ဖြစ်ပေါ်စေသည့် အရာများကိုရှောင်ကြဉ်ခြင်း

- ကိုယ်အလေးချိန်ကို ပုံမှန်တိုင်းတာမှတ်သားထားခြင်း

- ကိုယ်အလေးချိန်နှင့်ပတ်သက်၍ ပန်းတိုင်များကို တိတိကျကျဆောင်ရွက်ခြင်း


Ref: Mayo clinic

Credit - Dr.YadanarPhooWaiAung




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18