Print

Measles (ဝက်သက်ရောဂါ)

  21-Nov-2016
Preview Image

 

ဝက်သက်ရောဂါသည် ကလေးများတွင် အဖြစ်များပြီး ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။ 

 

လက္ခဏာများ
ဝက်သက်ရောဂါ၏ လက္ခဏာများသည် ရောဂါပိုးကူးစက်ခံရပြီး ၁၀ ရက်မှ ၁၄ ရက်အကြာတွင် ပေါ်လာတတ်သည်။ လက္ခဏာများအနေဖြင့်
-    ဖျားခြင်း
-    ချောင်းခြောက်ဆိုးခြင်း
-    နှာစေးခြင်း
-    လည်ချောင်းနာခြင်း
-    မျက်သားရောင်ရမ်းခြင်း
-    Koplik’s spots - ပါးစပ်ထဲပါးအတွင်းပိုင်းတွင် အနီရောင်ပေါ်တွင် အဖြူရောင်အစက်များ တွေ့ရခြင်း
-    အရေပြားတွင် အနီရောင်ပြင်များပေါ်လာခြင်း တို့ဖြစ်နိုင်သည်။
ဖြစ်စတွင် ရိုးရိုးဖျားနာသကဲ့သို့သာ ဖြစ်တတ်ပြီး ၂ ရက် ၃ ရက်ခန့် ကြာတတ်သည်။ ထို့နောက် မျက်နှာနှင့် နားနောက်ပိုင်းတွင် ဆံပင်ပေါက်ရာ လိုင်းတစ်လျှောက် အနီရောင်အင်ပြင်များ ထလာတတ်သည်။ ရက်ကြာလာသည်နှင့်အမျှ လက်မောင်း၊ ကိုယ်၊ ပေါင်နှင့် ခြေလက်များသို့ ပျံ့လာကာ ကိုယ်အပူချိန်မှာလည်း ရုတ်တရက် တက်လာမည်ဖြစ်သည်။ အင်ပြင်မပေါ်ခင် ၄ ရက်နှင့် အင်ပြင်ပေါ်ပြီး ၄ ရက်အကြာတွင် တခြားသူများထံသို့ ကူးစက်တတ်သည်။ 

 

ဖြစ်ပွားရသောအကြောင်းရင်းများ
ဝက်သက်ရောဂါ ဖြစ်ပွားရသောအကြောင်းရင်းမှာ ရောဂါပိုးရှိသောသူ နှာချေ၊ ချောင်းဆိုးရာမှ တစ်ဆင့် လေထဲသို့ ရောက်သွားပြီး တခြားလူမှ ယင်းလေကို ပြန်လည်ရှူရှိုက်မိရာမှတစ်ဆင့် ကူးစက်တတ်သည်။ ရောဂါပိုးရှိသော မျက်နှာပြင်ကို ထိကိုင်မိပြီးနောက် ထိုလက်ကိုပါးစပ်နှင့် နှာခေါင်းထဲသို့ ထည့်ခြင်း၊ မျက်လုံးကိုပွတ်ခြင်းများကြောင့်လည်း ကူးစေနိုင်သည်။

 

ဖြစ်နိုင်ချေများသူများ
ဝက်သက်ရောဂါ ဖြစ်နိုင်ချေများသူများမှာ
-    ဝက်သက်ကာကွယ်ဆေး မထိုးထားသူများ
-    ဖွံ့ဖြ်ိုးဆဲနိုင်ငံများသို့ အလည်အပတ်သွားသူများ
-    ဗီတာမင် အေချို့တဲ့နေသူများ ဖြစ်သည်။

 

နောက်ဆက်တွဲပြဿနာများ
နောက်ဆက်တွဲပြဿနာများ အနေဖြင့် 
. နားထဲသို့ ပိုးဝင်ခြင်း
. လေပြွန်ရောင်ရမ်းခြင်းနှင့် အသံအိုးရောင်ရမ်းခြင်း
. အဆုတ်ရောင်ခြင်း
. ဦးနှောက်ရောင်ခြင်း
. ကိုယ်ဝန်ဆောင်များတွင် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းနှင့် ပေါင်မပြည့်ခြင်းနှင့် 
. သွေးဥမွှားနည်းခြင်းတို့ ဖြစ်စေနိုင်သည်။

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
ဝက်သက်ရောဂါသည် ပြင်းထန်သော နောက်ဆက်တွဲရောဂါများ ဖြစ်စေနိုင်သည့်အတွက် သင်ကိုယ်တိုင်(သို့) သင်၏ကလေးငယ်တွင် ဝက်သက်နှင့် ဆင်တူသောအင်ပြင်များ ဖြစ်နေပါကနီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ
ဝက်သက်ရောဂါ ဟုတ်မဟုတ် သိရှိစေရန် ပါးအတွင်းဘက်တွင် Koplik’s spot ဟုခေါ်သော အစက်ငယ်များရှိမရှိစစ်ဆေးခြင်းနှင့် သွေးစစ်ခြင်းတို့ဖြင့် သိရှိနိုင်သည်။

 

ကုသခြင်း
ဝက်သက်ရောဂါ ဖြစ်ပွားလျှင် အရှင်းပျောက်ကင်းအောင် ကုသ၍ မရသော်လည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူများကို ၇၂ နာရီအတွင်းကာကွယ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များနှင့် ကိုယ်ခံအားစနစ် မကောင်းသူများကို Immune serum globulin ပေးခြင်းတို့ ပြုလုပ်ပေးနိုင်သည်။ ရောဂါလက္ခဏာများ သက်သာစေရန် အဖျားကျဆေးများပေးခြင်း၊ နောက်ဆက်တွဲရောဂါများ ဖြစ်သောအဆုတ်ရောင်ခြင်းနှင့် နားထဲပိုးဝင်ခြင်းတို့အတွက် ပိုးသတ်ဆေးများပေးခြင်း၊ ဗီတာမင်အေ ချို့တဲ့သူများကို ဗီတာမင်အေများ တိုက်ကျွေးခြင်းတို့ဖြင့် ကုသပေးနိုင်သည်။

 

ကာကွယ်ခြင်း
သင်၏ အိမ်တွင် ဝက်သက်ပေါက်သူများ ရှိပါကဝက်သက်သည် အလွန်ကူးစက်လွယ်သည့်အတွက် တစ်ယောက်တည်းထားခြင်းနှင့် ကာကွယ်ဆေးမထိုးရသေးပါက မြန်နိုင်သမျှအမြန်ဆုံး ကာကွယ်ဆေးသွားရောက် ထိုးနှံသင့်သည်။

 

Paing
Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18