Print

Jet Leg (ဇီဝနာရီပြောင်းလဲခြင်း)

  21-Nov-2016
Preview Image

 

ခန္ဓာကိုယ်တွင် အိပ်ချိန်၊ နိုးချိန်တို့ကို အလိုလျောက် ထိန်းညှိပေးသော ဇီဝနာရီစနစ် (Circadian rhythms) ပါဝင်သောကြောင့် မိမိနေထိုင်သောဒေသ၏ နေ့၊ ည ပြောင်းလဲမှုနှင့် လိုက်ဖက်သည့် အချိန်တွင် အိပ်ခြင်း၊ ထခြင်းကို ပြုလုပ်နိုင်သည်။ သို့ဖြစ်ရာ မိမိမူလနေထို်င်ရာအရပ်နှင့် ဒေသစံတော်ချိန် မတူညီသောနေရာများသို့ ခရီးသွားသူများတွင် နေ့နှင့်ည မှားသော ပြဿနာ (Jet lag) ကို ကြုံတွေ့ရတတ်သည်။

 

လက္ခဏာများ
 ဒေသစံတော်ချိန်မတူညီသော တစ်နေရာမှ တစ်နေရာသို့ ခရီးသွားပြီး တစ်ရက်နှစ်ရက်အတွင်းတွင် 
- ညဘက် အိပ်မပျော်ခြင်း၊ နံနက်တွင် အစောကြီးနိုးခြင်း
- နေ့ဘက်တွင် ပင်ပန်းနွမ်းနယ်ခြင်း၊ အလွန်အကျွံ အိပ်ငိုက်ခြင်း
- လုပ်ငန်းဆောင်တာများတွင် အာရုံမစိုက်နိုင်ခြင်း
- မအီမသာဖြစ်ခြင်း
- စိတ်ဆိုးစိတ်တိုလွယ်ခြင်း စသော လက္ခဏာများကို ခံစားရတတ်သည်။

ဇီဝနာရီပြောင်းလဲခြင်း (Jet lag)သည် တစ်ရက်နှစ်ရက်သာ ကြာမြင့်တတ်ပြီး ပြန်လည်ကောင်းမွန်သွားတတ်သည်။ ခရီးမကြာခဏသွားနေရပြီး သွားတိုင်း ထိုအခြေအနေနှင့် ကြုံတွေ့နေရပါက ဆရာဝန်နှင့် သွားရောက်တိုင်ပင်သင့်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ဒေသစံတော်ချိန် မတူညီသော နေရာတစ်ခုမှ တစ်ခုသို့ သွားရောက်ရာတွင် ဇီဝနာရီ (Circadian rhythms)စနစ် ပျက်ယွင်းသွားခြင်းကြောင့် ဖြစ်သည်။ထို့ပြင် နေရောင်နှင့် မထိတွေ့ခြင်း၊ လေယာဉ်ဖြင့် သွားလာပါက လေယာဉ်တွင်း ဖိအားနှင့် အမြင့်တွင်ရောက်ရှိနေခြင်း၊ ခရီးသွားစဉ် ရေဓာတ်ခမ်းခြောက်ခြင်းတို့နှင့်လည်း သက်ဆိုင်သည်။

 

ဖြစ်နိုင်ချေများသူများ
- ဒေသစံတော်ချိန် မတူညီသောနေရာများစွာကို ဖြတ်သန်း၍ ခရီးသွားရသူများ
- ကမ္ဘာအနောက်ခြမ်းမှ အရှေ့ခြမ်းသို့ လေကြောင်းဖြင့် သွားသူများ
- မကြာခဏ လေယာဉ်စီးနေရသူများနှင့် 
- အသက်အရွယ်ကြီးသူများတွင် အဖြစ်များသည်။

 

နောက်ဆက်တွဲ ပြဿနာများ
ဇီဝနာရီ ပြောင်းလဲခြင်း (Jet lag) ဖြစ်ဖူးသူများတွင် တခါတရံ ကားမောင်းရင်း ခေါင်းမူးလာတတ်သောကြောင့် ယာဉ်မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားနိုင်ပါသည်။

 

ကုသခြင်း
ဇီဝနာရီပြောင်းလဲခြင်းသည် ရောဂါ မဟုတ်ဘဲ ခဏတာ ဖြစ်ပေါ်သော အခြေအနေတခုသာ ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဆေးကုသရန် မလိုအပ်ပေ။ သို့သော် မကြာခဏ ခရီးသွားနေရသူများတွင် ထိုအခြေအနေကြောင့် စိတ်အနှောက်အယှက်ဖြစ်နို်င်သဖြင့် 
- အနောက်အရပ်မှ အရှေ့အရပ်သို့ လေယာဉ်ဖြင့် သွားသူများတွင် Melatonin ဆေးကို ညအိပ်ရာဝင်ချိန်တွင် သောက်သုံးပြီး၊ အရှေ့မှ အနောက်သို့သွားသူများတွင် ဆေးကို နံနက်စောစောတွင် သောက်သင့်သည်။ 
 ထို့ပြင််
- ဆရာဝန်နှင့် တိုင်ပင်ကာ အိပ်ဆေးအချို့ကို အသုံးပြုခြင်း၊ 
- နေ့ဘက်တွင် နေရောင်၊ မီးအလင်းရောင်တခုခုနှင့် ထိတွေ့ခြင်း
- ကော်ဖီနှင့် အချိုရည်တို့ သောက်ခြင်း 
- လေ့ကျင့်ခန်းလုပ်ခြင်း
- ညအိပ်ချိန်တွင် ကာဗိုဟိုက်ဒရိတ်ပါဝင်သောအစာများနှင့် နေ့ဘက်တွင် ပရိုတင်း ပါဝင်သော အစာများကို စားခြင်း တို့ဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါသည်။

 

ကာကွယ်ခြင်း
- အလုပ်ကိစ္စတခုခုအတွက် ခရီးသွားပါက အလုပ်ကိစ္စ လုပ်ရမည့်ရက်ထက် အနည်းငယ် ကြိုတင်၍သွားခြင်း
- ခရီးမသွားမီ အိပ်ရေးဝအောင် အိပ်ခြင်း
- အနောက်မှ အရှေ့သို့သွားမည်ဆိုပါက ခရီးမသွားမီကပင် ယခင်ကထက် တစ်နာရီလောက် စောအိပ်သည့် အကျင့် ၊ အရှေ့မှ အနောက်ကို သွားမည်ဆိုပါက ယခင်ထက် တစ်နာရီ နောက်ကျ၍ အိပ်သည့်အကျင့် တို့ကိုပြုလုပ်ခြင်း
- အရှေ့သို့သွားပါက နံနက်ခင်းနေရောင်ထိတွေ့မှုကို ခံပေးခြင်း၊ အနောက်သို့သွားပါက ညနေခင်းနေရောင်နှင့် ထိတွေ့ခြင်း
- ရေများများသောက်ခြင်း တို့ကိုပြုလုပ်နိုင်ပါသည်။

 

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18