Print

Encephalitis ( ဦးနှောက်ရောင်ခြင်း)

  27-Oct-2016
Preview Image

ဦးနှောက်ရောင်ခြင်း (Encephalitis) မှာ အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သည်။
အလွန်ပြင်းထန်ပါက အသက်အန္တရာယ် ဆုံးရှုံးသည်အထိဖြစ်နို်င်သောကြောင့် အချိန်မီ ကုသမှုခံယူရန် လိုအပ်သည်။

လက္ခဏာများ
- အများစုတွင် သာမန်ဖျားနာခြင်းနှင့် ဆင်တူသော လက္ခဏာများဖြစ်သည့်
• ခေါင်းကိုက်ခြင်း
• ဖျားနာခြင်း
• ကြွက်သားများ နာကျင် ကိုက်ခဲခြင်းနှင့်
• မောပန်းနွမ်းနယ်ခြင်းတို့လောက်ကိုသာ တွေ့ရတတ်သည်။ 
အချို့တွင်မူ မည်သည့်လက္ခဏာများကိုမှ ပြလေ့မရှိပေ။

- ပြင်းထန်သော အခြေအနေများတွင်မူ

• ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဝေဝါးခြင်း
• တက်ခြင်း
• အချို့သော ခန္တာကိုယ် အစိတ်အပိုင်းများတွင် အာရုံကို မခံစားနိုင်တော့ခြင်း
• မလှုပ်ရှားနိုင်ခြင်း
• ကြွက်သားများ အားနည်းခြင်း
• နှစ်ထပ်မြင်ခြင်း
• ကြက်ဥပုပ်နံ့ကဲ့သို့သော အန့ံများ အလိုလိုရနေခြင်း
• စကားပြောရာနှင့် အကြားအာရုံတို့တွင် ချို့ယွင်းခြင်း
• သတိမေ့မြောသွားခြင်း တို့ကို ကြုံတွေ့ရနိုင်သည်။

- ကလေးများတွင်မူ 
• ငယ်ထိပ်ဖောင်းလာခြင်း
• ပျို့ခြင်း၊ အန်ခြင်း
• တကိုယ်လုံး တောင့်တင်းလာခြင်း
• ချော့၍မတိတ်အောင် ငိုခြင်း
• နို့မစို့ခြင်း၊ အစားမစားခြင်း
• ဂျီကျခြင်းတို့ ဖြစ်တတ်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
- အများအားဖြင့် ရေယုန်ရောဂါပိုး ( Herpes simplex virus ) ၊ Epstein-Barr virus ၊ ပိုလီယိုရောဂါပိုး (Polio virus)၊ Coxsackievirus ၊ ခြင်မှတဆင့် ကူးစက်သော အချို့သောဗိုင်းရပ်စ်ပိုးများ၊ မွှားကောင်မှတဆင့် ကူးစက်သော ဗိုင်းရပ်စ်ပိုး၊ ခွေးရူးပြန် ဗိုင်းရပ်စ် ( Rabies ) နှင့် ကလေးများတွင် ဖြစ်ပွားလေ့ရှိသော ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားတတ်သည်။
- ဘတ်တီးရီးယားပိုးနှင့် အခြားသော အကြောင်းအရာများကြောင့် ဖြစ်တတ်သည်။

ဖြစ်နိုင်ချေများသူများ
- ကလေးငယ်များနှင့် အသက်အရွယ်ကြီးသူများတွင် အဖြစ်များသည်။ ရေယုန်ဗိုင်းရပ်စ်ပိုး (Herpes simplex virus) ကြောင့် ဖြစ်သော ဦးနှောက်ရောင်ခြင်းမှာ အသက် ၂၀နှင့် ၄၀ကြားတွင် အဖြစ်များသည်။
- ကိုယ်ခံအားကျနေသောသူများ ( ဥပမာ - ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဖြစ်နေသူများ၊ ကိုယ်ခံအားကို ချပေးသောဆေးများ သောက်နေရသူများ) နှင့် ခြင်နှင့် မွှားကောင်များ ပေါများသော နေရာတွင် နေသူများတွင် အဖြစ်များသည်။

နောက်ဆက်တွဲ ပြဿနာများ
အများစုမှာ လက္ခဏာအနည်းငယ်သာပြပြီး ရက်သတ္တပတ်အတွင်းတွင် ပျောက်ကင်းသွားတတ်ပြီး နောက်ဆက်တွဲ ပြဿနာများ မကြုံတွေ့ရတတ်ပေ။
အလွန်ပြင်းထန်သော အခြေအနေများတွင် ဦးနှောက်ထိခိုက်ပြီး မေ့မြောသွားခြင်းနှင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။
ထို့ပြင် ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ မှတ်ဉာဏ်များ ပျက်စီးခြင်း၊ ကိုယ်တစ်ခြမ်း သို့မဟုတ် ကိုယ်တစ်ပိုင်း မလှုပ်ရှားနို်င်တော့ခြင်း၊ အကြားနှင့် အမြင်အာရုံဆိုင်ရာများ ချို့ယွင်းခြင်း၊ စကားပြော မပီသခြင်း တို့ကိုလဲ ကြုံတွေ့ရနိုင်သည်။

စစ်ဆေးမှုများ
ဆရာဝန်နှင့် ပြသကာ ရောဂါရာဇဝင်မေးခြင်းနှင့် လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
စစ်ဆေးမှုများ အနေဖြင့် 
• ဦးနှောက်ဓာတ်မှန်ရိုက်ခြင်း
• ခါးရိုးချဉ်ဆီ ဖောက်၍စစ်ဆေးခြင်း
• EEG ရိုက်ခြင်း
• ဦးနှောက်အတွင်းမှ အသားစယူ စစ်ဆေးခြင်း တို့ကို ပြုလုပ်နို်င်သည်။

ကုသခြင်း
ရောဂါလက္ခဏာများဖြစ်သော ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းတို့ကို သက်သာစေရန် အနားယူခြင်း၊ အရည်များများသောက်ခြင်း၊ အကိုက်အခဲ ပျောက်ဆေးများ သောက်ခြင်း တို့ကို ပြုလုပ်နို်င်သည်။
ထို့ပြင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဗိုင်းရပ်စ်ပိုးသတ်ဆေးများကို သောက်နိုင်ပါသည်။

အလွန်ပြင်းထန်သော အခြေအနေများတွင်မူ 
• ဆေးရုံတက်ရောက်ကာ အသက်ရှူစက်၏ အကူအညီကို ယူရခြင်း
• လိုအပ်သော သတၳုဓာတ်များကို သွေးကြောအတွင်းသို့ တိုက်ရိုက်သွင်းပေးရခြင်း
• ရောင်ရမ်းမှုကို သက်သာစေသောဆေးများ သုံးခြင်း
• အတက်ကျဆေးများ သုံးခြင်း တို့ကို ပြုလုပ်နိုင်သည်။

ကာကွယ်ခြင်း
ဗိုင်းရပ်စ်ရောဂါပိုးကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ 
• လက် မကြာခဏဆေးကြောခြင်း၊ သန့်ရှင်းအောင်ထားခြင်း
• အစားအစာနှင့် အိုးခွက်ပန်းကန်များကို အများနှင့် ရောနှော၍ အသုံးမပြုခြင်း
• ခြင်နှင့် မွှားများ အကိုက်မခံရအောင် ကာကွယ်ခြင်း
• ကလေးများတွင် အဖြစ်များသော ဗိုင်းရပ်စ်ပိုးများအတွက် ကာကွယ်ဆေးထိုးခြင်း တို့ကို ပြုလုပ်နိုင်သည်။

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18