Print

Back Pain (ကျောနာ၊ခါးနာဖြစ်ခြင်း)

  26-Oct-2016
Preview Image

ကျောနာ၊ ခါးနာခြင်းဆိုသည်မှာ အဖြစ်များသော ဝေဒနာ တစ်ခုဖြစ်သည်။ ထိုင်နေ၊ ရပ်နေ၊ အိပ်နေစဉ်တွင် ပုံစံမမှန်၍ ဖြစ်စေ၊ ကိုယ်ခန္ဓာကို ပုံမှန်မဟုတ်သော အကွေးအဆန့်ပြုလုပ်မိလျှင်ဖြစ်စေ၊ အလေးအပင်များ မ မိလျှင်ဖြစ်စေ ကျောနာ၊ခါးနာ ခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။
ပုံမှန်အားဖြင့် ကျောနာ၊ ခါးနာဖြစ်ခြင်းသည် ရောဂါကြီးကြီးမားမားကြောင့် ဖြစ်ခြင်းမဟုတ်သော်လည်း အချို့သော ရောဂါအခြေအနေများကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
- ပုံစံမမှန်သော ကိုယ်ခန္ဓာ ကွေးဆန့်မှုများ ပြုလုပ်ခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ ခန္ဓာကိုယ်ကို ကိုင်းညွတ်ခြင်း။
- လေးလံသော ပစ္စည်းများ မခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း။
- ထိုင်ခုံတွင် ထိုင်စဉ် မတ်မတ်မထိုင်ဘဲ ကိုယ်ကို ကိုင်း၍ထိုင်ခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ ထိုင်၍ အလုပ်လုပ်ရခြင်း (ဥပမာ- ကားမောင်းခြင်း)
- အားကစား လုပ်ခြင်းကြောင့် နောက်ကျော ကြွက်သားများ အသုံးများခြင်း။
အထက်ပါ အချက်များသည် ရောဂါကြောင့်မဟုတ်သော အနေအထိုင် မမှန်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် ကျောနာ၊ခါးနာစေသည့်အကြောင်းရင်းများ ဖြစ်ပါသည်။

ရောဂါကြောင့်ဖြစ်သော ခါးနာစေသည့်အကြောင်းရင်းများမှာ
- တင်ပါးရိုးအာရုံကြော ကိုက်ခဲနာ (Sciatica)
- ကျောရိုးဆစ်များကြားရှိ အရိုးနုလွှာကျွံခြင်း၊ လွဲခြင်း( slipped or prolapsed disc)
- အဆစ်ယောင်နာ (Arthritis) (မနက်အိပ်ရာမှ နို်းထချိန်တွင် မိနစ် ၃ဝထက်ပို၍ ခါးဆစ်နာကျင်တောင့်တင််းခြင်း။)
- ထိခိုက်ဒဏ်ရာ ရရှိပြီးနောက် လည်ပင်းနာကျင် တောင့်တင်းခြင်း၊ ခေါင်းကိုက်ခြင်းတို့နှင့် တွဲဖြစ်သော ခါးနာခြင်း (whiplash)

* ခါးနာခြင်း ဖြစ်စေနိုင်သော အကြောင်းရင်းများ (Risk Factors)
- အဝလွန်ခြင်း
- ဆေးလိပ်သောက်သုံးခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- အရိုးကို အားနည်းစေသောဆေးဝါးများ ကြာရှည်စွဲသောက်ခြင်း( eg: steroid drugs)
- စိတ်ကျရောဂါခံစားနေခြင်း။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
နောက်ကျော နာကျင်ခြင်းက ဆေးရုံ ဆေးခန်းသို့သွားရောက်ပြရန် လိုအပ်လေ့မရှိသော်လည်း အောက်ပါ အချက်များ ရှိလာခဲ့လျှင်တော့ သက်ဆိုင်ရာဆရာဝန် နှင့် အမြန်ဆုံး သွားရောက်ပြသသင့်သည်။
- အဖျားတက်ခြင်း
- ရင်ဘတ်နာကျင်မှုနှင့် တွဲဆက်ဖြစ်ပေါ်ခြင်း
- ကိုယ်အလေးချိန် သိသိသာသာ ကျသွားခြင်း
- နောက်ကျောတွင် အလုံး၊အဖု ပေါ်လာခြင်း
- ဆီး၊ ဝမ်း မထိန်းချုပ်နိုင်ခြင်း
- ဆီးသွား၍မရခြင်း 
- တင်ပါးနှင့် နောက်ကျော တစ်လျှောက် ထုံကျင်နေခြင်း
- ကျောနာ၊ခါးနာခြင်း က ပြင်းထန်သော ထိခိုက်မှု တစ်စုံတစ်ခု ကြောင့် ဖြစ်ပေါ်လာခြင်း။

စစ်ဆေးမှုများ
ရောဂါ ရှာဖွေရန် စစ်ဆေးမှုများအနေဖြင့်
- ဓါတ်မှန် ရိုက်ခြင်း (X rays)
- သံလိုက် ဓါတ်မှတ်ရိုက်ခြင်း (MRI) တို့ ပြုလုပ်နိုင်ပါသည်။

ကုသခြင်း
ခါးနာ၊ကျောနာ ခြင်းကို ကုသရာတွင် ဖြစ်နေသောအချိန်အတိုင်းအတာနှင့် နာကျင်ခြင်း ပြင်းထန်မှု အပေါ်မူတည်၍ ကုသမှုအမျိုးမျိုး ရှိနိုင်ပါသည်။

သာမန် အနေအထိုင်မမှန် မှုကြောင့်ဖြစ်သော ကျောနာ၊ခါးနာမှုများအတွက်
- တတ်နိုင်သမျှ လှုပ်လှုပ်ရှာရှားနေ၍ ပုံမှန်ပြုလုပ်နေကျ နေ့စဉ်အလုပ် များကိုလည်း လုပ်နိုင်အောင်ကြိုးစားသင့်သည် (ခါးနာလျှင် အိပ်ရာထဲ နားနေခြင်းထက် လှုပ်လှုပ်ရှားရှား နေခြင်းက ပို၍မြန်မြန် သက်သာစေနိုင်ပါသည်။)
- အလွန်နာကျင်ပါက အကိုက်အခဲ ပျောက်ဆေးများကိုသောက်သုံးနိုင်သည်။ (အစာနှင့် တွဲသောက်ရန် လိုအပ်ပါသည်)eg: Paracetamol, Ibuprofen
- ရေနွေးအိတ်ကပ် ပေးခြင်း သို့မဟုတ် ရေခဲ ကပ်ပေးခြင်းများ လုပ်ပေးနိုင်သည်။
- အိပ်သော ပုံစံ အနေအထား ပြောင်းပေးခြင်းကလည်း ကျောနာ၊ခါးနာခြင်းကို သက်သာစေသည်။ ( ဘေးစောင်းအိပ်တတ်သူများ အနေဖြင့် ခြေထောက်များကို ရင်ဘတ်နားထိ ကွေးပြီး ခြေထောက်၂ခုကြား ခေါင်းအုံး ထားပြီး အိပ်ပေးခြင်း၊ ပက်လက်အိပ်တတ်သူများအတွက် ဒူးအောက်တွင် ခေါင်းအုံး ထားပြီး အိပ်ပေးခြင်းအားဖြင့် နာကျင်ခြင်းများကို အတော်အသင့် သက်သာစေပါသည်။)

နာကျင်ခြင်း ၆ ပတ် နှင့် မသက်သာလျှင် သို့မဟုတ် အထက်တွင်ဖေါ်ပြခဲ့သော ရောဂါကြောင့် ဖြစ်နေသည့်ခါးနာခြင်း တစ်ခုခု ကြောင့်ဟုယူဆလျှင် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။ 

ရရှိနိုင်သော ကုသမှုများမှာ
- ထိရောက်မှုပိုရှိသော အကိုက်အခဲပျောက်ဆေးများ
- ကြွက်သားများသန်မာ၍ ခန္ဓာကိုယ် အနေအထား မှန်ကန်စေသော လေ့ကျင့် ခန်းများ
- အကြောအဆစ် တို့ကို လှုပ်ရှားမှုဖြစ်စေသော လေ့ကျင့်ခန်းကုထုံးများ (physiotherapy)
- အပူဓါတ် ရောင်ခြည်တို့ဖြင့်ကုသခြင်း
- အပ်စိုက်ကုသခြင်း
- ကျွမ်းကျင်သူတို့၏ ဆွေးနွေးအကြံပေးမှုများရရှိနိုင်ခြင်း။
အလွန်ပြင်းထန်သော ခါးနာ၊ ကျောနာခြင်းများအတွက် ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါသည်။
ကျောရိုးဆစ် ကျွံခြင်း ကြောင့် ခါးနာနေသူများအတွက် Disectomy ဟုခေါ်သော ကျွံနေသော ကျောရိုးဆစ် အပိုင်းတစ်ခု ကို ဖယ်ထုတ်ခြင်း ခွဲစိတ်မှု
အာရုံကြောညပ် ခြင်းကြောင့် နာကျင်နေသူများအတွက် Spinal fusion ဟုခေါ်သော ခွဲစိတ်မှုဖြင့် ကုသနိုင်ပါသည်။
သို့ရာတွင် ခွဲစိတ်ခြင်းတွင်လည်း ကောင်ကျိုး ရှိသကဲ့သို့ ဆိုးကျိုးလည်းရှိသည်။ ကျောရိုးခွဲစိတ်မှုဖြစ်သည့်အတွက် အာရုံကြောထိခိုက်မှု ရနိုင်ပြီး ထုံခြင်း ကျင်ခြင်းမှ စ၍ အကြောသေသည်အထိ ဖြစ်သွားနိုင်ခြင်းကိုလည်း မခွဲစိတ်မှီ သိရှိထားသင့်သည်။


ကာကွယ်ခြင်း
အထိုင်အထ၊ နှင့် အိပ်စက်ခြင်း အနေအထားတို့သည် နောက်ကျော နာကျင်ခြင်းအပေါ် သက်ရောက်မှုရှိပါသည်။ ထို့ကြောင့် နောက်ကျော ကို ဖိအားအလွန် အကျွံသက်ရောက်စေသော ကိုယ်နေကိုယ်ဟန် ပုံစံတို့ကို ရှောင်ကြဉ် ခြင်းဖြင့် ကျောနာ ခါးနာခြင်းကို ကာကွယ်နိုင်သည်။
ပုံမှန် လေ့ကျင့် ခန်း လုပ်ပေးခြင်း (လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂကျင့်ခြင်း) အားဖြင့်လည်းကြွက်သားများသန်မာစေပြီး ကျောနာခါးနာဝေဒနာကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။

Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18