Print

Acute Myeloid Leukaemia (AML) သွေးကင်ဆာ

  26-Oct-2016
Preview Image

ဤသွေးဖြူဥကင်ဆာသည် အချိန်တိုအတွင်း လျင်မြန်စွာပျံ့ပွားပြီး ပျက်ဆီးမှုလည်းများသည်။ ထို့ကြောင့် ဖြစ်ပါက ချက်ချင်း ကုသရန်လိုအပ်သည်။

ရောဂါလက္ခဏာများ
အရွယ်မရောက်သေးသော သွေးဖြူဥများ သွေးထဲတွင်များ ပြားလာသောကြောင့် ရက်သတ္တပတ် အနည်းငယ်အတွင်း ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာတတ်သည်။
ရောဂါလက္ခဏာများ အနေဖြင့်
- ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊
- ပင်ပန်းလွယ်ခြင်း၊ မောခြင်း
- ဖျားခြင်း၊ ချေွးထွက်များခြင်း
- ကိုယ်အလေးချိန်လျော့ကျသွားခြင်း
- ရောဂါပိုးများဝင်လွယ်ခြင်းကြောင့် နှာစီးချောင်းဆိုး ဖြစ်လွယ်ခြင်း
- သွားဖုံး၊နှာခေါင်းတို့မှ သွေးယိုခြင်း
- ထိခိုက်မိပါက သွေးချည်ဥလွယ်ခြင်း၊ အရေပြားပေါ်တွင် အနီစက်များပေါ်ခြင်း
- အရိုးနှင့် အဆစ်များနာကျင်ခြင်း
- အသည်းနှင့် ဘေလုံးများကြီးလာခြင်းကြောင့် ဝမ်းဗိုက်တင်းခြင်း
- ရှားရှားပါးပါးအနေဖြင့် ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အန်ခြင်း၊ အမြင်ဝါးခြင်း တို့ဖြစ်တတ်သည်။
အထက်ပါ ရောဂါလက္ခဏာများ ဖော်ပြလာပါက ဆရာဝန်နှင့်တိုင်ပင်ကာ အမြန်ဆုံးစစ်ဆေး ကုသမှုခံယူသင့်သည်။

ဖြစ်ပွားရသောအကြောင်းရင်းများ
- သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားတို့ကို ထုတ်လုပ်ပေးသော ပင်မဆဲလ်တွင် DNA Mutation ခေါ် ပြောင်းလဲခြင်းကြောင့် ဖြစ်သည်။ DNA Mutation ခေါ် ပြောင်းလဲခြင်းကြောင့် အရွယ်မတိုင်သေးသော သွေးဖြူဥ (Immature white blood cell) များစွာကို သွေးထဲသို့ ထုတ်ပေးသည်။ ထိုသွေးဖြူဥများသည် အရွယ်ရောက်ပြီးသော သွေးဖြူဥများ (mature white blood cell) ကဲ့သို့ ရောဂါပိုးများကို မတိုက်ခိုက်နိုင်ချေ။
- Immature cell များ များလာခြင်းကြောင့် သွေးနီဥနှင့် သွေးဥမွှားများ၏ အရေအတွက် လျော့နည်းလာပြီး နာတာရှည် သွေးဖြူဥကင်ဆာ (chronic leukaemia) ဖြစ်သွားမည်။

ဖြစ်နိုင်ချေများသူများ
- ဓာတ်ရောင်ခြည်နှင့်ထိတွေ့နေရသူများ
- ဓာတ်ဆီ၊ ရော်ဘာစက်ရုံတို့တွင် သုံးသော benzeneနှင့် ထိတွေ့နေရသူများ
- ဆေးလိပ်သောက်သူများ
- ကင်ဆာရောဂါအတွက် ကုသမှုခံယူထားသူများ
- myelofibrosis၊ polycythaemia vera စသော သွေးနှင့် ပတ်သက်သော ရောဂါဖြစ်နေသူများ
- Down’s syndrome၊ Fanconi’s anaemia တို့ကဲ့သို့သော မျိုးရိုးနှင့်ဆိုင်သော ရောဂါရှိသူများတွင် အဖြစ်များသည်။

နောက်ဆက်တွဲ ပြဿနာများ
- ကိုယ်ခံအားကျဆင်းခြင်းကြောင့် ရောဂါပိုးများဝင်လွယ်ခြင်း
- သွေးဥမွှားအရေအတွက် လျော့နည်းခြင်းကြောင့် အလွယ်တကူ သွေးချည်ဥခြင်း၊ အလွန်ဆိုးရွားပါက ဦးနှောက်တွင်း၊ အဆုတ်တွင်းနှင့် အစာအိမ်တွင်း သွေးယိုခြင်း 
- မျိုးမအောင်ခြင်း တို့ဖြစ်နို်င်သည်။

စစ်ဆေးမှုများ
- ရောဂါလက္ခဏာများကို စစ်ဆေးခြင်း
- သွေးစစ်ခြင်း- အရွယ်မရောက်သေးသော သွေးဖြူဥ အရေအတွက်အလွန်များနေသည်ကို တွေ့ရှိပါက သွေးရောဂါအထူးကုနှင့် တိုင်ပင်ကာ အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုိ်င်သည်။
- ရိုးတွင်းချဉ်ဆီကို ဓာတ်ခွဲစမ်းသတ်ခြင်း (Bone Marrow Biopsy)
- မျိုးရိုးဗီဇ စစ်ဆေးခြင်း (Genatic test)
- ဓာတ်မှန် (X-ray)၊ တီဗွီဓာတ်မှန် (Ultrasound)၊ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း (CT)
- ခါးရိုးဆစ်မှတဆင့် ဦးနှောက်အတွင်း အရည်များကို ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture)

ကုသခြင်း
Acute myeloid leukaemia ရောဂါသည် ရောဂါဖြစ်စဉ်အလွန်မြန်ပြီး အချိန်တိုတွင်း ဆိုးရွားလာနို်င်သောကြောင့် ရောဂါဖြစ်ကြောင်း သိလျှင််သိခြင်း ကုသရန်လိုအပ်သည်။
ကုသရာတွင်
၁.Induction - ရိုးတွင်းချဉ်ဆီနှင့် သွေးထဲရှိ ကင်ဆာဆဲလ်များကို သေစေပြီး သွေးများ ပုံမှန်အလုပ်ပြန်လုပ်နိုင်ရန် ကုသခြင်း
၂.Consolidationg - ခန္ဓာကိုယ်တွင်း ကျန်ရှိနေသေးသော ကင်ဆာဆဲလ်များကို သေစေခြင်းဖြင့် နောက်တကြိမ်ထပ်မဖြစ်အောင် ကာကွယ်ခြင်း ဟူ၍ နှစ်မျိုးသတ်မှတ်နို်င်သည်။

* Induction
ဤရှေးဦးကုသခြင်းတွင် ကုသမှုကို ခံနို်င်လောက်အောင် လူနာ၏ကျန်းမာခြင်းရှိမရှိပေါ်တွင် မူတည်ကာ ကျန်းမာပါက Intensive chemotherapyနှင့် မကျန်းမာပါက Non-Intensive chemotherapy ပေးနို်င်သည်။

-Intensive chemotherapy တွင် ရိုးတွင်းချဉ်ဆီနှင့် သွေးတွင်းရှိ ကင်ဆာဆဲလ်များသေစေရန် high dose ကင်ဆာဆေးများကို ပေးသည်။ 
ကုသမှုကို ဆရာဝန်ကြီးများ၏ ကြီးကြပ်မှုအောက်တွင်ရှိသော ဆေးရုံ သို့မဟုတ် သွေးရောဂါ အထူးကုဌာနတွင် ပြုလုပ်ရန်လိုအပ်သည်။ သွေးသွင်းရန်လည်း လိုသည်။ ရောဂါဖြစ်နေသူများသည် အခြားရောဂါများကူးလွယ် ဝင်လွယ်သဖြင့် အထူးသန့်ရှင်းသောနေရာတွင် နေရမည်။ လိုအပ်ပါက ပိုးသတ်ဆေးများ အသုံးပြုရမည်။

 

ကုသမှု ထိရောက်ခြင်းရှိမရှိပေါ် မူတည်၍ Induction ကာလသည် လေးပတ်မှ လပိုင်းထိကြာနို်င်သည်။ကင်ဆာဆေးများ၏ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း၊ အစားအသောက်ပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ပါးစပ်တွင် အနာပေါက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အရေပြားတွင် အနီကွက်များဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် မျိုးအောင်ခြင်းတွင် အနှောက်အယှက်ဖြစ်ခြင်း တို့ကို တွေ့နို်င်သည်။

-Non-intensive chemotherapy မှာ ကင်ဆာဆဲလ်များ အရေအတွက်ကို လျော့ချခြင်းဖြစ်သည်။ ဆေး၏ဘေးထွက်ဆိုးကျိုးများကို သက်သာစေရန် Intensive chemotherapy မှာပေးသော ကင်ဆာဆေးများကိုပင် low dose ပေးခြင်းဖြစ်သည်။
All Trans-Retinoic Acid (ATRA) 
Acute myeloid leukaemia ၏ မျိုးကွဲတစ်ခုဖြစ်သော Acute promyelocyctic leukaemia ဖြစ်ပါက အထက်တွင် ဖော်ပြထားသော ကင်ဆာဆေးများအပြင် All Trans-Retinoic Acid (ATRA) ကိုသောက်ရန်လိုသည်။ ထိုဆေးသည် အရွယ်မရောက်သေးသော သွေးဖြူဥများကို အရွယ်ရောက်အောင် ပြောင်းလဲပေးသောကြောင့် ရောဂါလက္ခဏာများကို လျင်မြန်စွာ သက်သာစေသည်။ ဆေး၏နောက်ဆက်တွဲဆိုးကျိုးမျာ အနေဖြင့် ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခံတွင်းခြောက်သွေ့ခြင်း၊ မျက်လုံးနှင့် အရေပြားများ ခြောက်သွေ့ခြင်းတို့ဖြစ်နိုင်သည်။ 

ရှေးဦးကုသခြင်း (Induction)သည် မအောင်မြင်ပါက နောက်တစ်ကြိမ် ပြန်လည်ကုသရန်လိုအပ်သည်။

* Consolidation
Induction အဆင့် အောင်မြင်ပါက Consolidation ဖြင့် ဆက်လက်ကုသရန် လိုအပ်သည်။ ဤအဆင့်သည် လပေါင်းများစွာ ကြာမြင့်နို်င်သည်။


ကုသရာတွင်
- ကင်ဆာဆေးများကို ဆရာဝန်သတ်မှတ်ထားသည့်အတိုင်း လိုအပ်သလောက် ဆက်လက်ထိုးခြင်း
- ဓာတ်ကင်ခြင်း (Radiotherapy) - ရိုးတွင်းချဉ်ဆီ အစားထိုးရန် ကြိုတင်ပြင်ဆင်ရာနှင့် အခြားနေရာများသို့ ကင်ဆာဆဲလ်များ ပြန့်နှံ့မသွားအောင်ကာကွယ်ရာတွင် သုံးလေ့ရှိကြသည်။ ဓာတ်ကင်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ အနေဖြင့် ဆံပင်ကျွတ်ခြင်း၊ ပျို့ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း တို့ဖြစ်နိုင်သည်။
- ရိုးတွင်းချဉ်ဆီ နှင့် stem cell များ အစားထိုးခြင်း တို့ပြုလုပ်နိုင်သည်။
နောက်တကြိမ် ထပ်မံဖြစ်ပွားပါက Inductionနှင့် Consolidation ကို အစမှ ပြန်လည်ကုသရန်လိုအပ်သည်။

ရောဂါပိုး အလွယ်တကူ ကူးစက်ခြင်းကို ကာကွယ်ရန် 
- တကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုပြုရမည်။
- ရေကျောက်၊ ဝက်သက်စသော ကူးစက်နိုင်သော ရောဂါရှိနေသူများနှင့် အတတ်နိုင်ဆုံးဝေးဝေးနေရမည်။
- လိုအပ်သော ကာကွယ်ဆေးများကို ပြည့်စုံစွာ ထိုးထားရမည်။ ပိုးအရှင်ထည့်ထားသော ကာကွယ်ဆေးများ ထိုး၍မရပါ။
- ရောဂါပိုးဝင်သည့် လက္ခဏာများကို အထူးသတိထားစောင့်ကြည့်ကာ ဖြစ်ပါက ချက်ချင်း ဆေးကုသမှု ခံယူသင့်သည်။

Ref: NHS Chioces, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18