Print

ဆယ်ကျော်သက် အရပ်ရှည်နည်း

  21-Jun-2018
Preview Image

အရင်ဆုံးအနေနဲ့ အရပ်ရှည်နိုင်တဲ့ အစားအသောက်တွေကို လေ့လာကြည့်ရအောင်။ အရပ်ရှည်ဖို့ တကယ်လိုအပ်တဲ့အာဟာရဓာတ်က ပရိုတင်းဓာတ် ဖြစ်ပါတယ်။ ပရိုတင်းဆိုတာ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ သက်ရှိအုပ်ချပ်တိုင်းက အမိုင်နိုအက်ဆစ်တွေ ဖြစ်ပါတယ်။

 ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အသားဓာတ်(အမိုင်နိုအက်ဆစ်) များများ စားသင့်တယ်။ အသားစားခြင်းကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၈)မျိုးအပြင် စုစုပေါင်း အမျိုး(၃၀)ကျော်လောက်ကို ရရှိစေတယ်။ ပရိုတင်းပါတဲ့ အစားအသောက်ထဲမှာ နွားနို့၊ကြက်ဥ၊ဒိန်ခဲ၊ထောပတ်၊ငါး၊အသား၊အသည်းစတာတွေက ကောင်းတယ်။ နွားနို့မှာ ခန္ဓာကိုယ်ဖွဲ့စည်းမှုအတွက် လိုအပ်တဲ့အခြေခံပရိုတင်းတွေ များစွာပါဝင်တယ်။ အရပ်ရှည်ဖို့ တရက်ကို နွားနို့ နှစ်ခွက်မှ သုံးခွက်အထိသောက်ပါ။

မလိုင်ထုတ်ပြီး နွားနို့မှာ အဆီပိုတွေ မရှိတော့လို့ ပိုကောင်းတယ်။ မနက်စောစော နွားနို့တခွက်သောက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ကြည့်ပါ။ မြန်မာနိုင်ငံက အားကစားသမားတွေအနေနဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွဲပြီး စနစ်တကျလုပ်ဆောင်သင့်တယ်။ ကြက်ဥကလည်း အသားဓာတ်တမျိုးပါပဲ။ ကြက်ဥအကာမှာ albumin ပရိုတင်းတွေ ကြွယ်ဝစွာပါဝင်တယ်။ သတိပြုရမှာက ကြက်ဥအနှစ်မှာ အဆီပိုတွေပါလို့ ဝတဲ့သူတွေအနေနဲ့  ကြက်ဥအကာကိုသာ စားသုံးသင့်တယ်။ 

အရပ်ရှည်အောင် ကြက်ဥ နှစ်လုံးကို နေ့စဉ်သုံးပါ။ အရိုးပါ ဝါးစားနိုင်တဲ့ ငါးသေးလေးတွေ တပတ် သုံးကြိမ်စားပေးပါ။ ဒါ့ပြင် ကြက်သား၊အမဲသား စတာတွေကလည်း ကြီးထွားခြင်းကိုဖြစ်စေလို့ လိုအပ်တယ်။ တရက်ကို အသား အနည်းဆုံး (၅၀)ဂရမ် စားပေးပါ။ သက်သက်လွတ်သမားတွေလည်း စိတ်ဓာတ်မကျပါနဲ့။ အသီးအရွက်တွေကနေလည်း အသားဓာတ်ကို ရနိုင်တယ်။ အသီးအရွက်ထဲမှာ ပဲသီး၊ပဲတောင့်ရှည်၊ပဲတီစိမ်း၊တို့ဖူး၊မုန်လာဥဖြူ၊တရုတ်မုန်လာ၊ဟင်းနုနွယ်၊ပဲပုတ်၊ပန်းဂေါ်ဖီစိမ်း၊မုန်လာထုပ်၊ရုံးပတေသီးစတာတွေက ကောင်းတယ်။ အသားဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ထဲမှာ ပဲပုတ်က အကောင်းဆုံးဖြစ်တယ်။ ဂျပန်တွေအရပ်ရှည်လာတာ ပဲပုတ်စားတာလည်း ပါတယ်။

 နေ့စဉ် ပဲပုတ် (၅၅)ဂရမ်လောက် စားပေးသင့်တယ်။ အုတ်ဂျုံဆိုတာလည်း ပဲပုတ်လိုပဲ အသားဓာတ်ကြွယ်ဝတယ်။ ယာဂုကျိုရာမှာ သုံးကြတယ်။ အားသာချက်က အသားဓာတ်ကို ဖြည့်ဆည်းပြီး အဆီပိုတွေ လျှော့နည်းစေတာ ဖြစ်တယ်။ မနက်စာစားတိုင်း အုတ်ဂျုံ ဂရမ်(၅၀)ပါရင် ၆လအတွင်း အရပ်သိသိသာသာ ရှည်လာစေတယ်။ အစားအသောက်တွေထဲမှာ အဆီအဆိမ့်ပါတာ ရှောင်သင့်တယ်။ 

အာလူးကြော်၊ကွတ်ကီ၊ချောကလက်၊ပီဇာ၊ဟမ်ဘာကာ၊မြန်မာလုပ် မုန့်ပဲသရေစာတွေက အာဟာရမမြောက်တဲ့အပြင် အဆီတက်စေတဲ့ အစားအစာတွေဖြစ်လို့ ရှောင်သင့်တယ်။ အဆီပိုများတာနဲ့အမျှ ခန္ဓာကိုယ်ဝိတ်များလာပြီး အရိုးတွေကို အပေါ်က ဖိထားသလိုဖြစ်စေတယ်။ ဒီအချက်က အရိုးတွေ ကြီးထွားခြင်း နှောင့်နှေးစေနိုင်တဲ့အချက်ဖြစ်တယ်။ 

အစားအသောက်တွေစားတဲ့အခါ သတိပြုရမှာတွေ ရှိတယ်။ စားတဲ့အခါ တနေ့သုံးကြိမ် စားသုံးတာထက် အကြိမ်အရေအတွက် များများနဲ့ အစားအသောက်စုံလင်အောင် စားသင့်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တထိုင်တည်း အစာများများစားခြင်းက အင်ဆူလင်ဟော်မုန်း ရုတ်တရက် တက်လာစေလို့ပါပဲ။ အင်ဆူလင်ဟော်မုန်းက growth hormone(ကြီးထွားဟော်မုန်း) ထွက်ပေါ်ခြင်းကို တားဆီးပေးတယ်။ ဂလူးကို့စ်ရုတ်တရက်များလေ အင်ဆူလင်တက်လေဖြစ်ပြီး ကြီးထွားခြင်းကို ပိုမိုနှေးကွေးသွားစေတယ်။ 

အစားအသောက်ပြီးရင် ဒုတိယအရေးကြီးတာက အနေအထိုင်ပါ။ လူတွေဟာ အပျင်းကြီးတဲ့သတ္တဝါထဲမှာ ပါဝင်ကြတယ်။ အားနေရင် ထိုင်ချင်တာ သဘာဝပါ။ ဒီနေ့ခေတ်လူသားတွေရဲ့ နေပုံထိုင်ပုံကြည့်လိုက်ရင် အိပ်တာနဲ့ထိုင်တာကလွဲရင် လှုပ်ရှားသူက ခပ်နည်းနည်းပါ။ ဒီထဲမှာ ဆရာဝန်တွေနဲ့ ကွန်ပျူတာပညာရှင်တွေကတော့ အဆိုးဆုံး ဖြစ်မယ်။ အထိုင်များသူတွေဟာ ယေဘုယျအရပ်ပုကြတယ်။ ထိုင်တဲ့လူတွေရဲ့ ကျောရိုးအနေအထားကို သတိထားလေ့လာကြည့်ရင် အများစုဟာ ခါးမတ်မတ်ထိုင်လေ့မရှိဘဲ ကိုင်းနေတာကို တွေ့ရလိမ့်မယ်။  

အထိုင်များသူတွေအတွက် ခါးရိုးက ကောက်နေတာဖြစ်လို့ ပုံမှန်ထက် အရပ်ပုသွားစေတယ်။ အရပ်ရှည်ချင်သူတွေ ဒီအချက်ကို သတိထားပြုပြင်ဖို့ လိုအပ်ပါတယ်။ ထိုင်တဲ့အခါဖြစ်ဖြစ် နောက်ဆုံးအိပ်တဲ့အခါဖြစ်ဖြစ် ခါးရိုးကို ဆန့်ဆန့်ထားပါ။ အိပ်တဲ့အခါမှာ ဘေးစောင်းအိပ်တာထက် ပက်လက်အနေအထား ခါးဆန့်ပြီး အိပ်သင့်တယ်။ ရသမျှအချိန်အတွင်း အကျိုးရှိအောင် ကုတင်ခြေရင်းကို ခြေဖျားနဲ့ မကြာခဏဆန့်ပြီး ထိပေးပါ။ နောက်ပိုင်းမှာ သိလာတာက အိပ်စက်ခြင်းက ကြီးထွားဟော်မုန်းကို ထွက်စေတယ်။ အိပ်ရေးဝဝအိပ်စက်ခြင်းက ကြီးထွားမှုပေါ် သက်ရောက်စေတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပြီး ၂နာရီအကြာမှာ ပစ်ကျူထရီက ကြီးထွားဟော်မုန်းတွေ စတင်ထွက်လာတယ်။ တရက်ကို ပျမ်းမျှ (၈)နာရီလောက် အိပ်စက်ခြင်းက အရပ်ရှည်ခြင်းကို အားပေးတယ်။ 

 အနေအထိုင်တတ်သွားရင် လေ့ကျင့်ခန်းလုပ်ဖို့ ဆက်လက်ကြိုးစားသင့်တယ်။ အရပ်ရှည်ဖို့ ဘယ်လေ့ကျင့်ခန်းတွေကောင်းလဲ။ အဖြေက ရှင်းပါတယ်။ ခုန်ရတဲ့လေ့ကျင့်ခန်းတွေနဲ့ ခါးဆန့်ခြေထောက်လှုပ်ရတဲ့ လေ့ကျင့်ခန်းတွေက အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ ကြိုးခုန်တာ၊ဘတ်စကတ်ဘော၊ဘောလီဘော၊တဲနစ်၊ကြက်တောင်စတာတွေက ခုန်ရခါးဆန့်ရတာဖြစ်လို့ အရပ်ရှည်စေတယ်။

အလားတူ ရေကူးတာ၊ဘားဆွဲတာ၊ဘောလုံး၊ဘေ့စ်ဘော၊အေရိုးဗစ်၊ဂျင်မ်ကစားတာ၊လမ်းအမြန်လျှောက်တာမျိုးဟာ ခြေထောက်လှုပ်ပြီး ခါးဆန့်ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်လို့ အရပ်ပုသူတွေအတွက် အထူးသင့်တော်တယ်။ အထက်ပါ လေ့ကျင့်ခန်းတွေထဲက မိမိနှစ်သက်ရာလေ့ကျင့်ခန်းကို တရက်လျှင် နာရီဝက်ခန့် လုပ်ပေးပါ။ ကြားထဲမှာ အရပ်ရှည်စေမယ့် အစားအသောက်၊ဆေးဝါးသောက်သုံးနိုင်တယ်။ အရိုးအတွက် ကယ်စီယမ်၊မဂ္ဂနီစီယမ်၊ဖော့စဖားရပ်၊သွပ်ဓာတ်၊သံဓာတ်နဲ့ ဗီတာမင် ဒီ စတာတွေ အဓိကလိုအပ်ပါတယ်။ 

ဗီတာမင်အားဆေးတွေအပြင် ကြီးထွားဟော်မုန်းကို တုပပြီးလုပ်တဲ့ HGH သောက်ဆေး၊ထိုးဆေးတွေလည်း ရှိသေးတယ်။ ဘေးထွက်ဆိုးကျိုးတော့ များပါတယ်။ တခါက HGH ထိုးဆေးနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ဆေးပညာဗဟုသုတအနေနဲ့ ဆောင်းပါးတပုဒ်ရေးခဲ့ဖူးတယ်။ ဒါကိုဖတ်ပြီး ဆေးပညာစာဖတ်ပရိသတ်နှစ်ဦးကတော့ ဝမ်းသာအားရနဲ့ ဆေးခန်း လာမေးတယ်။ မကောင်းတာက ဒီဆေးမျိုးက ဘေးထွက်ဆိုးကျိုးများတဲ့အပြင် ကရိကထများလွန်းတယ်။ လူနာအတွက် သိပ်အဆင်မပြေပါ။ 

အရပ်ရှည်အောင် တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်တဲ့နည်းနဲ့ ကြီးထွားဟော်မုန်းထွက်အောင် အားပေးတဲ့ဆေးတွေတော့ ရှိတယ်။ ဒီထဲမှာ Arginineကတော့ ပိုနာမည်ကြီးတယ်။ပဲပုတ်မှာပါသလို အသည်းအားဆေးတွေအနေနဲ့ သုံးတယ်။ပစ်ကျူထရီကို လှုံ့ဆော်ပြီး ကြီထွားဟော်မုန်းတွေ ပိုထွက်လာစေတယ်။ ဆေးသောက်တဲ့အခါ L-Arginine ပါတဲ့ဆေးတွေသောက်ရင် ကြီးထွားမှုကို မြန်လာစေတယ်။ 

အားလုံးကို ခြုံပြီးပြောရရင် အရပ်ရှည်ဖို့ ကြီးထွားဟော်မုန်းက အရေးပါတယ်။အရိုးတွေသန်မာဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလိုအပ်တယ်။ ပရိုတင်းပါတဲ့ အစားအသောက်တွေကို နေ့စဉ် စားသင့်တယ်။ အိပ်ရေးဝဝအိပ်စက်ဖို့နဲ့ အနေအထိုင်တတ်ဖို့လည်း အရေးကြီးသေးတယ်။ ဒီအခြေခံအချက်တွေနဲြ့ပည့်စုံပြီးရင် ဆက်လုပ်မှာက လေ့ကျင့်ခန်းဖြစ်ပါတယ်။ သူများကိုအားမကိုးပဲ မိမိကိုယ်တိုင် စနစ်တကျ စတင်လုပ်ဆောင်ကြည့်ပါ။ အသက်(၂၁)နှစ်အရွယ် အတွင်း သိသိသာသာ အရပ်ရှည်လာတာ တွေ့ရပါလိမ့်မယ်။ 


Credit : ဒေါက်တာ အေးမင်းထူး

ရတနာပုံသတင်းစာ(၁၅.၉.၁၄)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18