Print

ဦးခေါင်းအရေပြားတွင် အဆီဖတ်စွဲအနာ

  19-Jul-2018
Preview Image

ကလေးငယ်ရဲ့ ဦးခေါင်းအရေပြားမှာ အဝါရောင်အဆီဖတ်ကလေးများ ကပ်နေတဲ့ အနာရောဂါဖြစ်ပွားလေ့ရှိပါတယ်။ အသက်သုံးနှစ်အရွယ်လောက်ထိ ဖြစ်ပွားခြင်းကိုလည်း တစ်ခါတစ်ရံ တွေ့ရတတ်ပါတယ်။ အဝါရောင်အဆီဖတ်လေးများ ဦးခေါင်းမှာ ဟိုတစ်ကွက် ဒီတစ်ကွက်ရှိနိုင်သလို တစ်ခေါင်းလုံး ဖုံးလွှမ်းနေတာ လည်းရှိနိုင်ပါတယ်။ ဒီအနာဖြစ်ခြင်းဟာ တစ်ကိုယ်ရေ သန့်ရှင်းရေးညံ့ဖျင်းလို့ မဟုတ်ပါဘူး။ ရောဂါဖြစ်တဲ့ကလေးတွေရဲ့ ဦးခွံအရေပြားဟာ အဆီစိုတဲ့ အရေပြားအမျိုးအစားဖြစ်ပါတယ်။ 

အရေးကြီးပါသလား။

အမြင်မလှပေမယ့် အရေးမကြီးပါဘူး။ ဒါပေမဲ့ ကလေးရဲ့ခန္ဓာကိုယ်တစ်နေရာရာမှာ နှင်းခူအစိုအနာရှိနေပြီး ဦးခေါင်းအရေခွံမှာ အနီရောင်အရေပြား အဖတ်တွေ ကွာတာတွေ့ရင်တော့ ဆေးကုသဖို့ လိုတတ်ပါတယ်။

ရောဂါလက္ခဏာများ

ဦးခေါင်းနေရာအချို့မှာဖြစ်စေ၊ ဦးခေါင်းအရေပြားတစ်ခုလုံးမှာဖြစ်စေ အဝါရောင်ထူထူ အဖတ်များ ကပ်နေတာတွေ့ရပါမယ်။ 

သင်ပထမဆုံးဘာလုပ်သင့်သလဲ

၁။ အရေခွံအဖတ်တွေကို လက်နဲ့ခွာပစ်ဖို့ မကြိုးစားသင့်ပါဘူး။ ဘီးနဲ့ဖြီးလို့ မကွာရင် ကွာအောင်အရင်လုပ်ပေးရပါမယ်။ 

၂။ ကလေးဦးခေါင်းကို အုန်းဆီလို အဆီတစ်မျိုးမျိုးနဲ့ ပွတ်လိမ်းပြီး တစ်ညထားလိုက်ပါ။ ဦးခေါင်းအရည်ပြားမှာ ကပ်နေတဲ့ အဖတ်လေးများပျော့ပြီး ကွာတတ်လာတဲ့အတွက် နောက်နေ့မှာ ကလေးသုံးခေါင်းလျှော်ရည်နှင့် ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။

၃။ ဗောက်သေတဲ့ ခေါင်းလျှော်ရည်ကိုတော့ ဆရာဝန်မညွှန်ကြားရင် မသုံးစွဲပါနဲ့။ 

ဆရာဝန်ထံပြသရန်လိုအပ်ပါသလား

သင့်စိတ်ထဲမှာ စိုးရိမ်မိရင် ကလေးရဲ့ခန္ဓာကိုယ် တစ်နေရာရာမှာ နီရဲပြီး အရေပြားကွာကျနေတဲ့ အကွက်လေးတွေလည်း ရှိနေမယ်ဆိုရင် ဆရာဝန်ထံပြသဖို့လိုပါတယ်။ 

ဆရာဝန်က ဘာတွေလုပ်ပေးရမလဲ

 ကလေးအတွက်သုံးစွဲသင့်တဲ့ ခေါင်းလျှော်ရည်အမျိုးအစားကို ညွှန်းပေးမှာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ အနာကို အိမ်မှာကုသဖို့ နည်းလမ်းလေးပေးလိုက်မှာဖြစ်ပါတယ်။ 

သင်ဘာတွေလုပ်ပေးနိုင်လဲ

• ကလေးကိုနေ့စဉ်ခေါင်းဖြီးပေးပါ။ ပျော့ပျောင်းနူးညံ့တဲ့ ဘီးအမျိုးအစားကို သုံးပါ။ 

• ကလေးကို ခေါင်းလျှော်ပေးတဲ့အခါ ဦးရေခွံကို ကြမ်းတမ်းစွာ မကုတ်ပါနဲ့။ ခေါင်းလျှော်ရည်မှာ အညစ်အကြေးတွေ ပျော်ဝင်ပြီးပါသွားဖို့အတွက် အသာအယာပွတ်ပေးပြီး ရေနဲ့ပြောင်စင်အောင် ဆေးပေးရင်လုံလောက်ပါတယ်။

• အဝါဖတ်များခေါင်းမှာ ထူထပ်စွာကပ်နေဆဲဆိုရင် ဆီကို ၁၀ ရက်ကျော်ကြာတဲ့အထိ ထည့်ပေးခြင်းဖြင့် ကပ်နေတဲ့အဖတ်များ အားလုံးကွာကျသွားမှာဖြစ်ပါတယ်။ 

Credit: ဒေါက်တာမာမာဆွေ




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18