Print

၀က်ခြံအမာရွတ်အတွက် အိမ်တွင်းနည်းလမ်းကောင်းများ

  08-Jul-2018
Preview Image

ဝက်ခြံဆိုတာ လူတိုင်းအသက်အရွယ်မရွေးဖြစ်နိုင်တဲ့ အတွေ့ရအများဆုံး အလှအပပြဿနာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ ဝက်ခြံကြောင့်အလှပျက်ရလို့ စိတ်ညစ်နေရတဲ့သူတွေ အများကြီး။ ဝက်ခြံက ပေါက်နေတဲ့အချိန်မှာတင်မက ပျောက်သွားပြီး အမာရွတ်ထင်စေတဲ့အတွက် မျက်နှာအသားအရေ၊ အလှအပကို အထိခိုက်ဆုံးပြဿနာလည်း ဖြစ်တယ်။ ဝက်ခြံအများစုက ဟော်မုန်းဓါတ်များကြောင့် ပေါက်လာတာဖြစ်လို့ အမြဲတမ်းတော့ရှောင်လွဲတားဆီးလို့မရ ပေမယ့် ဝက်ခြံအမာရွတ်ဟောင်းများကို လျော့ပါးသွားအောင်၊ ပျောက်ကင်းသွားအောင် အောက်ပါ အိမ်တွင်းနည်းလမ်း လွယ်လွယ်လေးတွေနဲ့ ကုသပေးလို့ရပါတယ်။ 

 တစ်ခုသတိပြုရမှာက ဝက်ခြံရဲ့ ပြင်းထန်ပုံပေါ်မူတည်ပြီး ဒီအမာရွတ်တွေရဲ့ ပျောက်ကင်းနိုင်စွမ်းက မူတည်ပါတယ်။ ရက်သတ္တပတ်၊ လ ဒါမှမဟုတ် နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။ ဓါတုပစ္စည်းတွေ၊ ဈေးကြီးတဲ့ အလှအပပစ္စည်းတွေ မသုံးချင်ဘဲ လွယ်ကူတဲ့ အိမ်တွင်းနည်းလမ်း လွယ်လွယ်ကူကူအသုံးပြုလို့ရပါတယ်။ ဒါပေမယ့် စိတ်ရှည်ရမယ်။ တစ်ရက်၊ နှစ်ရက်နဲ့ တော့ ချက်ချင်းသိသာလာမှာ မဟုတ်ပေမယ့် အကျိုးရလဒ်ကောင်းတွေ တွေ့ရဖို့ အနည်းဆုံး လနဲ့ချီပြီး ပုံမှန်အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ 

၁။ ရှားစောင်းလက်ပက်

 ရှားစောင်းလက်ပက်ပင်ဟာ သဘာဝအမာရွတ်ပျောက်အာနိသင်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုကိုလည်း ကျစေပြီး ဘက်တီးရီးယားပိုးသေစေတဲ့ အာနိသင်တွေလည်း ပါဝင်ပါတယ်။ ရှားစောင်းလက်ပက်အရွက်ကို လှီးပြီး အလယ်ကအနှစ်ကို ထုတ်ပါ။ ပြီးတော့ မျက်နှာပေါ်က အမာရွတ်ပေါ်မှာ သုတ်လိမ်းပြီး စက်ဝိုင်းသဏ္ဍာန်ပွတ်ပေးပါ။ မိနစ် ၃၀ လောက်ထားပြီးမှ ရေနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းကို သုံးမယ်ဆို တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ် နေ့တိုင်းလုပ်ပေးဖို့ လိုပါမယ်။ အမာရွတ်ကိုပျောက်စေတဲ့အပြင် အမာရွတ်ထင်နေတဲ့အသားအရေကို ပြန်လည် တင်းရင်းစေနိုင်ပါတယ်။ တစ်ခုသတိပြုရမှာက အရမ်းကြာနေပြီဖြစ်တဲ့ အမာရွတ်တွေကိုတော့ ဒီနည်းလမ်းကုသမယ်ဆို သိပ်မထိရောက်ပါဘူး။ 

၂။ သံပယိုသီး 

 သံပယိုသီးဟာ သဘာဝတရားရဲ့ အမာရွတ်နဲ့ အမဲစက်တွေကို လျော့ပါးသက်သာစေတဲ့ ဆေးတစ်လက်ဖြစ်ပါတယ်။ အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ဆဲအသစ်တွေ ဖြစ်ပေါ်စေခြင်းကို အထောက်အကူပေးပါတယ်။ ဒါ့အပြင် သံပယိုသီးမှာ ပါဝင်တဲ့ ဗီတာမင်စီက ကိုလာဂျင်တည်ဆောက်ခြင်းကိုပါ အထောက်အကူပေးပါတယ်။ သံပယိုသီးကို ခြမ်းပြီး အမာရွတ်နေရာကို တိုက်ရိုက် ဒါမှမဟုတ် ဝါဂွမ်းနဲ့ဆွတ်ပြီး သုတ်ပေးလို့ရပါတယ်။ ၁၀ မိနစ်လောက်ထားပြီး ရေနဲ့ဆေးပါ။ ၁ ကြိမ်က ၂ ကြိမ် လုပ်ပေးလို့ရပါတယ်။ နောက်တစ်နည်းက ပျားရည်နဲ့ ဆတူရောပြီး သုတ်ပေးတာပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ထားပြီး ရေနဲ့ဆေးတာကို တစ်နေ့ကို တစ်ကြိမ်လုပ်ပေးလို့ရပါတယ်။ 

၃။ မုန့်ဖုတ်ဆိုဒါ

 Baking soda လို့ခေါ်တဲ့ မုန့်ဖုတ်ဆိုဒါကလည်း ဝက်ခြံအမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အရည်ပြားပေါ်က အမာရွတ်လွှာတွေကို တစ်လွှာပြီး တစ်လွှာဖယ်ရှားပေးပါတယ်။ နည်းလမ်းက မုန့်ဖုတ်ဆိုဒါကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ ထည့်ပါ။ ရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖြစ်အောင် ဖျော်လိုက်ပါ။ ပြီးရင် အမာရွတ်နေရာမှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထား၊ ရေနဲ့ ဆေးချပါ။ တစ်နေ့ကို တစ်ကြိမ်လုပ်ပေးပါ။ သတိပြုရမှာက ၂ မိနစ်ခန့် ပိုမထားသင့်ပါ။ ဒါနည်းလမ်းအသုံးပြုပြီး ရေနဲ့ ဆေးချပြီးရင်တော့ အစိုဓါတ်ထိန်းဆေးရည်လေး ပြန်လိမ်းပေးဖို့လိုပါတယ်။ အကယ်၍ sensitive ဖြစ်တဲ့ အသားအရေဆိုရင်တော့ ဒါနည်းလမ်းကိုရှောင်ပေးရပါမယ်။ 

၄။ ဗီတာမင်အီး အဆီ

 အခုအချိန်မှာ ဗီတာမင်အီး အဆီ ဆိုတာ မသိသူရှားသွားပါပြီ။ ထပ်ပြောရရင် ဗီတာမင်အီး အဆီဆိုပြီး ဆေးလုံးလေးပုံစံနဲ့ အလွယ်တကူရနေပြီး အများစုက ဆံပင်သန်စွမ်းဖို့၊ နက်မှောင်ဖို့ လိမ်းပေးကြပါတယ်။ နောက်အစွမ်းအာနိသင်ကတော့ ဝက်ခြံအမာရွတ်တွေကို ပျောက်စေတာပါ။ ဆေးတောင့်လေးကို ဖောက်ပြီး အထဲက အဆီကို ဝက်ခြံအမာရွတ်ပေါ်မှာ လိမ်းပေးရပါမယ်။ တစ်နေ့ကို ၂ ကြိမ်၊ ၃ကြိမ်လောက် လိမ်းပေးပါ။ 

၅။ ပန်းသီးရှာလကာရည်

 ပန်းသီးရှာလကာရည် Apple cider vinegar ဟာလည်း အမဲစက်၊ အမာရွတ်တွေ လျော့ပါးစေတဲ့အာနိသင်ရှိပြီး ဆဲလ်အသေတွေကိုပါ ဖယ်ရှားပေးပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနဲ့ ဆတူရောပြီး ဝါဂွမ်းနဲ့ ဆွတ်ပါ။ အမာရွတ်တွေပေါ်မှာ ၅ မိနစ်ခန့် ပွတ်ပေး၊ သုတ်ပေးပါ။ ပြီးရင် ရေနဲ့ ဆေးပါ။ ဒါကို တစ်နေ့ကို တစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။ 

 ဒါတွေကတော့ ဓါတုပစ္စည်းမပါ၊ ဘသာဝအိမ်တွင်းနည်းလမ်းတွေနဲ့ ဝက်ခြံအမာရွတ်ပျောက်ကင်းစေတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ အထက်ကပြောခဲ့တဲ့အတိုင်း တစ်ရက်၊ နှစ်ရက်နဲ့တော့ သိသာလာမှာမဟုတ်ပါ။ စိတ်ရှည်ဖို့လိုပါတယ်။ စိတ်ရှည်ပြီး ပုံမှန်လုပ်ပေးလိုက်ရင် အမာရွတ်ကင်းစင်၊ အမဲစက်မရှိတဲ့ လှပတဲ့ မျက်နှာအသားအရေလေး ပိုင်ဆိုင်လာမှာပဲ ဖြစ်ပါတယ်။

Credit : ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18