Print

ပင်ပန်း နွမ်းနယ်ခြင်း နှင့် ကျန်းမာရေး ပြသနာများ

  19-Aug-2018
Preview Image

(၁) သွေးအား နည်းခြင်း (Anemia)
လူတော်တော် များများဟာ မိမိကိုယ်တိုင် သွေးအားနည်း နေတာကို သတိမထားမိ တတ်ကြပါဘူး ။ သွေးထဲမှာရှိတဲ့ ဟေမိုဂလိုဘင် ပမာဏဟာ အမျိုးသား များမှာ ၁၃.၈ - ၁၇.၂ မီလီ ဂရမ် / ဒက်ဆီ လီတာ ရှိပြီး အမျိုးသမီးများ မှာတော့ ၁၂.၁- ၁၅.၁ မီလီ ဂရမ် / ဒက်ဆီ လီတာ ရှိပါတယ်။ ရာသီသွေးဆင်းခြင်း၊ သားအိမ်အတွင်း အကျိတ်ကြောင့် သွေးဆင်းခြင်း ၊ လိပ်ခေါင်းရောဂါ စတာတွေကြောင့် သွေးဆုံးရှုံးမှုဖြစ်ပွားကာ သွေးအားနည်းရောဂါ ရရှိနိုင်သလို၊ အစား အသောက်ရှောင်သူ ။ သတ်သတ် လွတ် ကြာရှည်စွာ စားသုံးသူတွေမှာလည်း သွေးအားနည်းရောဂါရဖို့ အခွင့်အလမ်း 
ပိုများပါတယ်။ သွေးထဲမှာ ဟေမိုဂလိုဘင် ပမာဏနည်းလျှင် တစ်ရှူး နှင့်ကြွက်သားများကိုအောက်ဆီဂျင် လုံလောက်အောင် မထောက်ပံ့နိုင်တော့ပါဘူး ။ ဒါကြောင့်ပင်ပန်းနွမ်းနယ်မှု ဝေဒနာကို ခံစားရတတ်ပါတယ်။ အစိမ်းရင့်ရောင်ရှိသော အသီး အရွက်များ၊ အသားနှင့် ငါးများကို မျှတအောင် စားသုံးသင့်ပါတယ်။ သံဓါတ်အားတိုးဆေး များကိုလည်း လိုအပ်လျှင် သောက်သုံးရပါမယ်။ လိပ်ခေါင်းကဲ့သို့ ရောဂါများကိုလည်းပျောက်ကင်းအောင် ကုသခြင်းဖြင့် သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၂) သိုင်းရွိုက် ဟော်မုန်း အားနည်းခြင်း (hypothyroidism)
သိုင်းရွိုက်ဂလင်းဟာ လည်ပင်းမှာရှိပြီး သေးငယ်တဲ့ လိပ်ပြာပုံသဏ္ဍန် ဂလင်းလေး ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်း အားနည်းနေတဲ့သူဟာ အမြဲလိုလိုနှေးကွေးလေးလံ နေတတ်ပြီး စိတ်ကျရောဂါလည်း ရှိနေတတ်ပါတယ်။ အမေရိကန်မှာ အသက် (၆၀) အရွယ် အမျိုးသမီး ၁၇% မှာ သိုင်းရွိက်အားနည်းရောဂါ ခံစားနေရပြီး hashimoto’s thyroiditis ခေါ် ကိုယ်ခံစွမ်းအား စနစ်က သိုင်းရွိုက်ဆဲလ်တွေကို ဖျက်ဆီး ပစ်တဲ့ ရောဂါဟာ အဆိုပါအမျိုးသမီးတွေမှာ အဓိက ပြဿနာဖြစ်ပါတယ်။ T3,T4 ခေါ် သိုင်းရွိုက်ဟိုမုန်း ပမာဏနည်းနေတတ်ပြီး သိုင်းရွိုက်ဟိုမုန်း အစားထိုးကုသခြင်းဖြင့် တက်ကြွဖျတ်လတ်တဲ့ဘဝကို ပြန်လည်ရရှိနိုင်ပါတယ်။

(၃) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ဆီးပူခြင်း၊ ဆီးကျဉ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း စတာ တွေဟာ ဆီးလမ်းကြောင်း ပိုဝင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ သို့ပေမယ့် လူတိုင်းတသမတ်တည်း ခံစားရတာ မဟုတ်ပါဘူး။ တစ်ချို့ အမျိုးသမီးတွေဆိုလျှင် မောပန်းနွမ်းနယ်ရုံ သက်သက်သာ ခံစား ရပါတယ်။ တခြား ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဆီးလမ်းကြောင်းတစ်လျှောက် မှာရှိတဲ့ ဘက်တီးရီးယားတွေဟာ အဓိက ပြဿသနာ ဖြစ်ပါတယ်။ တကိုယ်ရည်သန့်ရှင်းရေး အားနည်းသူတွေမှာ ခဏခဏ ဖြစ်ပွားတတ်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ရပါမယ်။

(၄) ကဖင်းဓါတ်
ကျွန်တော်တို့ ပင်ပန်း နွယ်နယ်နေ ချိန်ဆိုရင် ကော်ဖီတစ်ခွက် ၊ကိုလာတစ်ဘူးသောက်လိုက်ရရင် ပြန်လည်အားပြည့်လာသလို ခံစားရပါတယ်။ ဒါပေမယ့် တစ်ချို့သူတွေမှာတော့ ဆန့်ကျင်ဘက် အကျိုးရလဒ်တွေပြတတ်ပါတယ်။ ကော်ဖီနဲ့ ကိုလာကဲ့သို့ အဖျော်ယမကာများကို စွဲစွဲလမ်းလမ်း သောက်သုံးရင်တော့ ပင်ပန်း နွမ်းနယ်ပြီးလေးလေးမှိုင်မှိုင် ဖြစ်နေတတ်ပါတယ်။ ညဘက် အလုပ်ဆင်းရတဲ့ ဆရာဝန်၊ သူနာပြုတော်တော်များများဟာ ကော်ဖီတော်တော် သောက်ကြပါတယ်။ ကော်ဖီသောက်မှ လန်းဆန်းမယ်ဆိုပြီး လိုအပ်တာထက် ပိုသောက်ရင်တော့ ဥပါဒ်ဖြစ်တတ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

(၅) အစား အသောက် မတည့်ခြင်း
ကျွန်တော်တို့တွေ နေ့စဉ်လှုပ်ရှားသွားလာဖို့၊ အားအင်ပြည့် ဖြိုးပြီး လန်းဆန်း တက်ကြွနေဖို့အတွက် အစားအသောက်ကို ညီညွတ်မျှတအောင် စားနေရပါတယ်။ သို့ပေမယ် သတိမထားမိတဲ့ အစားမတည့်သည့် ပြဿနာ (Food allergy) ရှိနေတတ် ပါတယ်။ စားသောက်ပြီး အင်ပြင် တွေထ၊ အသက်ရှု တွေ ကျပ်လာမှ ဓါတ်မတည့်တာလို့ အများက သိထားကြပါတယ်။ တစ်ချို့ အစားအသောက် တွေက လက္ခဏာကြီးကြီးမားမား မပြတတ်ပါဘူး ။ စားသောက်ပြီး အားပြည့်သလို မခံစားရပဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ အစား အသောက် တစ်ခုခုစားပြီး(၁၀) မိနစ်အတွင်း အိပ်ချင်လာတယ် ၊နုံးချိချိ ဖြစ်လာတယ် ဆိုလျှင်တော့ အဲဒီ အစားအသောက် နဲ့ မတဲ့ဘူးဆိုတာ သံသယ ဝင်သင့်ပါတယ်။

(၆) အိပ်နေစဉ် အသက်ရှု ရပ်ခြင်း (sleep apnea)

ဒါနဲ့ ပက်သက်လို့ အရင်လည်း ရေးခဲ့ ဘူးပါတယ်။ အိပ်နေစဉ် မှာ အသက်ရှူ လမ်းကြောင်း ပိတ်ပြီး လန့်နိုးလာတတ်ပါတယ်။ အဝလွန်ရောဂါသည်တွေမှာ အဖြစ်များ ပြီး ညဘက်အိပ်လျှင်ဟောက် တတ်ကြပါ တယ်။ အလုပ်မှာ အမြဲအိပ်ငိုက်နေ တတ်ပြီး တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ် မရှိပါဘူး။ ပင်ပန်းနွမ်းနယ်ရုံသာမကနှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်လေ ငန်းရောဂါတွေ ခံစားရဖို့ အခွင့်အလမ်း ပိုမျာ ပါတယ်။ ဆေးလိပ် အရက် ကို ရှောင်ကျဉ် ပြီး ကို အလေးချိန် ကျအောင် ကြိုးစား ရပါမယ်။ လိုအပ်လျှင်တော့ သင့်ရဲ့ဆရာဝန်က အိပ်နေစဉ်မှာ သုံးဖို့ ကိရိဟာလေးတစ်ခု ဝယ်ခိုင်းပါလိမ့်မယ်။

(၇) နှလုံး ရောဂါ
နေ့စဉ်ပုံမှန်လုပ်နေတဲ့ အလုပ်တွေဟာ သင့် အတွက် ဝန်ထုပ်၊ ဝန်ပိုး ကြီး ဖြစ်လာမယ်၊ ခြံထဲမှာ လမ်းဆင်း လျောက်တာလောက် နဲ့မောပန်း နွမ်းနယ်လာမယ် ။ ညအိပ်ရင် ခေါင်းအုံးမြင့်မြင့် လေးနဲ့ မှ အဆင် ပြေတယ်၊ တခြားရောဂါလည်း ရှာလို့ မရဘူးဆိုရင်တော့ သင့်ရဲ့ နှလုံး ပုံမှန်အလုပ်လုပ်နိုင်ရဲ့လားဆိုတာ စမ်းသပ် စစ်ဆေးဖို့ လိုလာပါပြီ။


စာဖတ်သူများ ကိုယ်စိတ် နှစ်ပါး ရွှင်လန်း ချမ်းမြေ့ပါစေ။

Ref:
Public health in Myanmar

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18