Print

တညင်းသီးနှင့်ကျန်းမာရေး

  22-Apr-2018
Preview Image

တညင်းသီးဟာ အဆိပ်သင့်တတ်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ တညင်းသီးကို English လို Djenkol bean လို့ခေါ်ပါတယ်။ သူ့အထဲမှာ Djenkolic acid လို့ခေါ်တဲ့ အဆိပ်တွေဟာ 0.3% အထိ ပါဝင်ပါတယ်။ တညင်းသီး အဆိပ်သင့်ခြင်းကို Djenkolism လို့ ခေါ်ပါတယ်။ Djenkolic acid အဆိပ်ရဲ့ မော်လီကျူးတွေဟာ အပ်ချောင်းပုံလေးတွေကို ပုတီးလို သီထားတဲ့ပုံဖြစ်ပါတယ်။ တော်တော်လဲရှည်ပြီး တစ်ခုနဲ့တစ်ခု အလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။  


ကျောက်ကပ်ဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့နေရာ ဖြစ်ပါတယ်။ တညင်းသီးကို စားလိုက်ရင် ပါဝင်တဲ့ Djenkolic acid အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်ပါတယ်။ ပြီးမှ အသည်းကိုရောက်ပြီး ဖျက်စီးဖို့ ကြိုးစားပါတယ်။ အဆိပ်တွေဝင်လာရင် ပြယ်အောင်လုပ်ပေးတာက အသည်းဖြစ်ပါတယ်။ ဒါပေမဲ့ တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ အသည်းက မဖျက်ဆီးနိုင်ပါဘူး။ 


 နောက်ဆုံး ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ခုနက အပ်ချောင်းပုံလေးတွေဟာ ကျောက်ကပ်ရဲ့ Glomerulus နဲ့ Tubule လို့ခေါ်တဲ့ ဆီးပြွန်ငယ်လေးတွေထဲမှာ ပိတ်ဆို့ပါတယ်။ အပ်ချောင်းပုံတွေက ထိုးလို့ သွေးကြောလေးတွေ ပေါက်ပြီး သွေးထွက်လာပါတယ်။ ဆီးသွားတဲ့အခါ သွေးပါလာပါမယ်။ 


 နောက်ဆုံးဆီးလုံးဝ သွားမရဘူး ဖြစ်လာမယ် (Anuria)၊ အဲဒီအခါမှာ ကျောက်ကပ်နှစ်ခုစလုံးဟာ ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ ဆီးအိမ်ကို စမ်းကြည့်ရင် ဆီးမရှိလို့ တင်းမှမဟုတ်ပါဘူး။ သွေးထဲမှာ Urea နဲ့ အခြားဓာတ်ပစ္စည်းတွေ အဆိပ်အတောက်တွေပါ များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက် ကုသမှုမခံရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကို Acute Renal Failure ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ကျောက်ကပ် သန့်စင်စက် (Renal Dialysi) နဲ့ အချိန်မီ ကုသမှသာ အမြန်ဆုံးသက်သာမှ ဖြစ်ပါတယ်။ 


တညင်းသီးဟာ ကြိုက်သူတွေအတွက်တော့ စွဲမက်စရာ အသီးတစ်ခုဖြစ်ပါတယ်။ တညင်းသီးမှာ အဓိကပါတာက Anmino Acid လို့ခေါ်တဲ့ Protein ဓာတ်တွေဖြစ်ပါတယ်။ စုစုပေါင်း Amino Acid ၁၈ မျိုး ပါဝင်ပါတယ်။ အထူးသဖြင့် အပင်တွေမှာ ပါဝင်လေ့ရှိတဲ့ Amion Acid မျိုးမဟုတ်ပဲ အသား၊ ငါးတွေ မှာမှ ပါဝင်လေ့ရှိတဲ့ Amino Acid တွေ ထူးထူးခြားခြား ပါဝင်နေတာ တွေ့ရပါတယ်။ ဥပမာ Sulfur ပါဝင်တဲ့ Cysteine တို့ Methionine တို့လို ဖြစ်ပါတယ်။ ဆိုလိုတာက တညင်းသီးစားရတဲ့ အရသာဟာ အသားစားရသကဲ့သို့ ဖြစ်ပါတယ်။ နူးညံ့ပျော့ပြောင်းပြီး အရသာထူးကဲလှပါတယ်။ တညင်းသီးကို မီးဖုတ်လိုက်ရင် အသားကင် သကဲ့သို့ ဆွဲဆောင်မှုရှိတဲ့ အနံ့ဟာလဲ စွဲမက်စေပါတယ်။ 


 နောက်ပါဝင်တဲ့ အာဟာရဓာတ်အနေနဲ့တော့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ Manganese တွေ များစွာ ပါပါတယ်။ ဒီ Manganese တွေဟာ သွေးထဲမှာရှိတဲ့ သကြားဓာတ်ကို ကျစေနိုင်ပါတယ်။ နောက်ပြီး Lodine ဓာတ်လည်း အသင့်အတင့် ပါဝင်ပါတယ်။ 100g မှာ 6mg လောက် ပါဝင်ပါတယ်။ Vitamin အနေနဲ့တော့ တညင်းသီးမှာ ပါဝင်တာမတွေ့ရပါဘူး။ ဒါကြောင့် တညင်းသီးဟာ အာဟာရဓာတ်ရဖို့ အတွက်တော့ မစားသင့်တဲ့ အစားအစာ ဖြစ်ပါတယ်။ 


တညင်းသီးမှာပါတဲ့ အဆိပ်ဓာတ်ဖြစ်တဲ့ Djenkolic acid ဟာ ရေမှာအနည်းငယ် ပျော်ဝင်တဲ့ အဆိပ်မျိုးဖြစ်ပါတယ်၊ ဒါကြောင့် ပြုတ်လိုက်ရင်တော့ အဆိပ်အနည်းငယ်လျော့သွားမှာဖြစ်ပါတယ်၊ ဒါပေမဲ့ ရေမှာပျော်ဝင်နှုန်းဟာ 1 in 200 time သာ ဖြစ်ပါတယ်။ တနည်းအားဖြင့် 0.5% သာ ပျော်ဝင်ပါတယ်။ ဆိုလိုတာက ရေ 100ml မှာ 0.5g သာ ပျော်ဝင်တာဖြစ်ပါတယ်။ အဲဒီလို ပျော်ဝင်ပြီးရင် ပြည့်ဝသွားပြီး နောက်ထပ်အဆိပ်တွေ ထပ်မပျော်တော့ပါဘူး။ ဒါကြောင့် ရေနဲ့ပြုတ်ရင် တစ်ကြိမ်ထဲပြုတ်ရုံနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှငါးကြိမ်အထိ ရေများများနဲ့ ပြုတ်ရမှာ ဖြစ်ပါတယ်။ ပြုတ်ပြီး ရေတွေကိုလဲ သွန်ပစ်ပြီး ရေအသစ်နဲ့ ထပ်ပြုတ်ရမှာဖြစ်ပါတယ်။ ဒီလို မကြာခဏလဲပြီး သွန်ပေးရင်တော့ အဆိပ်တွေအားလုံးဟာ ရေထဲမှာပါသွားမှာဖြစ်ပြီး အန္တရာယ်လဲများစွာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ခုနကပြောသလို တစ်နေ့တစ်လုံးနှစ်လုံး စားရုံနဲ့တော့ အဆိပ်သင့်လက္ခဏာတွေ တွေ့ရမှာမဟုတ်ပါဘူး။ 


မီးဖုတ်စားရင်တော့ အဆိပ်တွေဟာ ဓာတ်လဲမပြယ်၊ အပြင်လဲ မထွက်ဆိုတော့ ၁၀၀% ခန္ဓာကိုယ်ထဲ ရောက်ပြီး ခုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးအဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်၊ ဆားရည်ပြင်းအားများလေ ပျော်ဝင်မှုများလေ ဖြစ်ပါတယ်။ သိပ္ပံနည်းကျပြောရရင် PH များ လေလေ ပျော်ဝင်မှု Solubility များလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ဆားရေမှာ ကြာကြာစိမ်ထားပြီးတဲ့ အသီးကို စားရင်တော့ အဆိပ်တွေ လျော့နည်းမှာ ဖြစ်ပါတယ်။ 

အရင်က တညင်းသီးကို မကြိုက်လို့ပဲဖြစ်ဖြစ်၊ ကြောက်လို့ပဲဖြစ်ဖြစ် မစားတဲ့သူများဟာ ဒီအတိုင်းပဲ မစားပဲ ဆက်နေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အန္တရာယ်ရှိတဲ့ အစားအစာတစ်ခုဖြစ်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်တုန်းကတည်းက နှစ်နှစ်ခြိုက်ခြိုက် စားနေကျ ဖြစ်နေတဲ့ သူများကိုတော့ ဘေးအန္တရာယ်လျော့နည်း အောင်ဘယ်လိုမျိုး စားသင့်တယ်ဆိုတာကို သိစေလိုလို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ စားရင်လဲ များများမစားပဲ သင့်တင့်ရုံသာ စားသင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

Credit: Dr. Tun



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18