Print

Nosebleeds (နှာခေါင်းသွေးယိုခြင်း)

  16-Aug-2018
Preview Image

နှာခေါင်းသွေးယိုခြင်းသည် ကြောက်စရာ ကောင်းသည်ဟု ထင်မြင်ရသော်လည်း များသောအားဖြင့် ပြဿနာ ကြီးကြီးမားမား မရှိဘဲ အိမ်တွင်သာ ကုသနိုင်ကြသည်။ နှာခေါင်းသွေးယိုခြင်းကို ဆေးဝေါဟာရအားဖြင့် Epistaxis ဟု ခေါ်သည်။ နှာခေါင်းသွေးယိုခြင်းသည် နှာခေါင်းပေါက် တစ်ဖက်ထဲမှ ဖြစ်နိုင်သလို နှစ်ဖက်လုံးမှ ယိုခြင်းလည်း ဖြစ်နိုင်ပြီး သွေးအနည်းအများ၊ အချိန် ကြာရှည်မှု အတိုအရှည် စသဖြင့် ကွာခြားတတ်ကြသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

နှာခေါင်း၏ အတွင်းဖက်ပိုင်းတွင် နူးညံ့သေးငယ်လှသော သွေးကြောများ တည်ရှိပြီး အနည်းငယ် ထိခိုက်ရုံမျှဖြင့် သွေးအလွယ်တကူ ထွက်နိုင်သည်။ နှာခေါင်းသွေးယိုခြင်း ဖြစ်စေသည့် အကြောင်းများတွင် နှာခေါင်း အရှေ့ပိုင်းမှ သွေးယိုခြင်း (Anterior nosebleeds) နှင့် နှာခေါင်း အနောက်ပိုင်းမှလာသော သွေးယိုစီးခြင်း (Posterior nosebleeds) ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။

* နှာခေါင်း အရှေ့ပိုင်းမှ သွေးယိုခြင်း (Anterior nosebleeds) ဖြစ်စေသော အကြောင်းများမှာ

 - နှာခေါင်းနှိုက်ခြင်း

 - နှာရည်ပြင်းထန်စွာ ညှစ်ထုတ်ခြင်း

 - နှာခေါင်းကို အသေးစားထိခိုက်မှု ဖြစ်ခြင်း

 - အအေးမိဖျားနာ၊ တုပ်ကွေး ဖြစ်စဉ် နှာပိတ်ခြင်း

 - ပတ်ဝန်းကျင် စိုထိုင်းဆနည်း၍ နှာခေါင်းအတွင်း ခြောက်သွေ့နေခြင်း

 - ထိပ်ကပ်နာ ဖြစ်ခြင်း

 - ဓါတ်မတည့်ရောဂါ (Allergies) ဖြစ်ခြင်း စသည်တို့ ဖြစ်သည်။ 

ဤ အခြေအနေသည် ကလေးငယ်များတွင် အဖြစ်များပြီး များသောအားဖြင့် ကြီးမားသော ပြဿနာ မရှိလှဘဲ အိမ်တွင်သာ အလွယ်တကူ ကုသပျောက်ကင်းနိုင်သည်။   

* နှာခေါင်း အနောက်ပိုင်းမှလာသော သွေးယိုစီးခြင်း (Posterior nosebleeds) ဖြစ်စေသော အကြောင်းများမှာ

 - ဦးခေါင်းကို အရှိန်တစ်ခုဖြင့် ထိခိုက်မိခြင်း

 - နှာခေါင်းရိုး ကျိုးခြင်း

 - မကြာသေးမှီက နှာခေါင်း ခွဲစိတ်ထားရခြင်း

 - သွေးကြောများ မာတောင့်လာခြင်း (atherosclerosis)

 - Aspirin, Warfarin, Heparin စသည့် ဆေးဝါးများ သောက်သုံးနေရခြင်း

 - နှာခေါင်းအတွင်း အကျိတ်တည်ခြင်း

 - Haemophilia, Von Willebrand အစရှိသည့် သွေးရောဂါရှိခြင်း

 - Leukaemia သွေးကင်ဆာဖြစ်ခြင်း စသည်တို့ ဖြစ်ကြသည်။

မည်သည့်အတွက်ကြောင့် ဖြစ်ရမှန်း သေချာရေရာစွာ မသိရသေးသော်ငြား သွေးတိုးခြင်းကြောင့်လည်း နှာခေါင်းသွေးယိုတတ်သည်ဟု ဆိုကြသည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- Warfarin ကဲ့သို့ သွေးကျဲဆေး သောက်သုံးနေရသူများ၊ Haemophilia ရောဂါ ရှိသူများအနေဖြင့် နှာခေါင်းသွေးယိုစီးမှု အလွယ်တကူ မရပ်တန့်လျှင်

- သွေးအားနည်းခြင်း၏ လက္ခဏာများဖြစ်သော ရင်တုန်ခြင်း၊ မောပန်းလွယ်ခြင်း၊ ဖြူဖျော့နေခြင်း စသည်တို့ ရှိနေလျှင်

- အသက် ၂ နှစ်အောက် ကလေးများ တွင် ဖြစ်ပွားလျှင်

- မကြာခဏ သွေးယိုစီးမှု ဖြစ်ပွားလျှင်

သင့် မိသားစု ဆရာဝန်ထံ (သို့) ကျန်းမာရေး ဝန်ဆောင်မှု Centre များသို့ ဆက်သွယ်ပြသသင့်သည်။ အကယ်၍

* သွေးယိုခြင်းသည် မိနစ် ၂၀ ထက်ကျော်လွန်နေလျှင်

* ယိုစီးသော သွေးပမာဏများလွန်းနေလျှင်

* အသက်ရှူရခက်လာလျှင်

* သွေးများကို မျိုချမိသည်အထိ များပြားလာပြီး ပျို့အန်လျှင်

* ပြင်းထန်သော ထိခိုက်မှု ဖြစ်ပွားပြီး နှာခေါင်းသွေးယိုလျှင် (ဥပမာ- ကားတိုက်မိခြင်း)

ထိုသို့ ဖြစ်ပွားလျှင်မူ ဆေးရုံသို့ အရေးပေါ် အမြန်ဆုံး သွားရောက်သင့်သည်။ 

ကုသခြင်း

နှာခေါင်းသွေးယိုစီးမှု ရပ်တန့်သွားစေရန်

- ထိုင်နေပါ။ နှာခေါင်းဝ အပေါ်ဖက်ခပ်ပျော့ပျော့နေရာကို လက်ဖြင့် ၁၀ မိနစ်ခန့် ညှစ်ပိတ်ထားပါ။

- ရှေ့ဖက်သို့ ခပ်ကိုင်းကိုင်းနေပါ။ အသက်ကို ပါးစပ်ဖြင့် ရှူပါ။ ဤနည်းအားဖြင့် ယိုစီးသော သွေးများကို နှာခေါင်းအပြင်ထွက်စေ၍ လည်ချောင်းထဲ စီးဝင်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

- ရေခဲကို အဝတ်တစ်ခုဖြင့် ပတ်၍လည်း နှာခေါင်းကို ကပ်ပေးနိုင်သည်။

- လှဲအိပ်ခြင်းထက် ခပ်မတ်မတ်နေခြင်းက နှာခေါင်းအတွင်းမှ သွေးကြောအတွင်း သွေးဖိအားကို နည်းစေသဖြင့် သွေးတိတ်စေရန် ပိုသင့်တော်ပါသည်။

အထက်ပါ နည်းများအတိုင်း သွေးမတိတ်ပါက ဆေးရုံ၊ ဆေးခန်းသို့ ပြသရန် လိုအပ်ပြီး

- လျှပ်စီးဖြင့် သွေးတိတ်အောင် ပြုလုပ်ခြင်း (electrocautery)

- ဆေးသောက်ရခြင်း၊ ဆေးထိုးခြင်း (tranexamic acid)

- နှာခေါင်းအတွင်း ဆေးထည့်ခြင်း (Nasal packing)

စသဖြင့် လိုအပ်သလို ကုသမှုများ ပြုလုပ်ရမည်ဖြစ်သည်။

ကာကွယ်ခြင်း

နှာခေါင်းသွေးယိုခြင်း ကို ကာကွယ်နိုင်သော နည်းလမ်းများမှာ

- နှာခေါင်းနှိုက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။ လက်သည်းတိုတိုညှပ်ထားပါ။

- နှာညှစ်လျှင် ပြင်းထန်စွာ မညှစ်ပါနှင့်။

- ပတ်ဝန်းကျင် ခြောက်သွေ့လွန်းနေလျှင် နှာခေါင်းအတွင်း စိုထိုင်းဆ မနည်းလွန်းအောင် ရေများများသောက်ပါ။ 

- ဦးခေါင်း ထိခိုက်မိနိုင်လျှင် ကာကွယ်ရန် ဦးထုပ်ဆောင်းပါ။


Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18