Print

Dilated cardiomyopathy (နှလုံးကျယ်ခြင်း)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

နှလုံးကျယ်ခြင်းဆိုသည်မှာ နှလုံးကြွက်သားများ မကောင်းခြင်းဖြစ်သည်။ နှလုံး၏ဘယ်ဘက်အခန်းမှ စတင်ခြင်းဖြစ်သည်။ နှလုံး၏ကြွက်သားများ ကျယ်လာပြီး ပါးလာကာ ယခင်ပုံမှန်နှလုံးကဲ့သို့ အလုပ်မလုပ်နိုင်တော့သောကြောင့် ဖြစ်သည်။  နှလုံးကျယ်ခြင်းဖြစ်ပေါ်လာလျှင် ရောဂါလက္ခဏာ သိပ်မပြတတ်သော်လည်း တစ်ခါတစ်ရံတွင် အသက်အန္တရာယ်ရှိနိုင်ပါသည်။ နှလုံးစွမ်းဆောင်ရည် ကျဆင်းရသည့် အဓိက အကြောင်းအရင်းမှာ နှလုံးကို လုံလောက်အောင်သွေးမထောက်ပံံ့နိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် နှလုံးခုန်နှုန်းမမှန်ခြင်း၊ သွေးခဲခြင်းနှင့် ရုတ်တရက်သေဆုံးခြင်း များလည်း ဖြစ်လာနိုင်ပါသည်။အသက်အရွယ်မရွေး ကလေးငယ်များမှ စ၍ အသက် ၂၀ မှ ၆၀ အတွင်း ဖြစ်ပွားနိုင်သည်။


လက္ခဏာများ

- အားအင်ကုန်ခမ်းခြင်း။

- လှုပ်ရှားလျှင် ဖြစ်စေ၊ လှဲအိပ်နေသည်ဖြစ်စေ မောပန်းခြင်း။

- လေ့ကျင့်ခန်းမလုပ်နိုင်ခြင်း။

- ခြေထောက်များဖောလာခြင်း၊။

- ဗိုက်ဖောင်းလာခြင်း။


ဖြစ်ပွားရသော အကြောင်းရင်းများ

-နှလုံးကျယ်ရခြင်း အကြောင်းရင်းကို အတိအကျ ရှာဖွေတွေ့ရှိခြင်းတော့မရှိသေးပါ။ သို့သော်လည်း ဘယ်ဘက်နှလုံးခန်းကို ကျယ်ပြီး အားနည်းစေသော အကြောင်းများစွာရှိပါသည်။

- မျိုးရိုးဗီဇ။

-မွေးရာပါ နှလုံးချို့ယွင်းခြင်း။

- ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို နှင့် ကပ်ပါးကောင်များ ဝင်ရောက်ခံရခြင်း။

- စိတ်ကြွဆေးဝါးများနှင့် အရက်သေစာ သုံးစွဲခြင်း။

- ကင်ဆာဆေးများ စားသုံးနေရခြင်း။

- အဆိပ်များဖြင့် ထိတွေ့နေရခြင်း - ဥပမာ - ခဲ၊ မာကျူရီ၊ ကိုဘော့။

- နှလုံးသွေးကြောကျဉ်း ရောဂါရှိသူများ။

- သွေးတိုးရောဂါ ရှိသူမျာ။း

- ဆီးချိုရောဂါရှိသူများ။

- ကိုယ်ဝန်ဆောင် တတိယ ၃ ပတ်တွင် မကျန်းမာဖြစ်ခြင်း။


ဖြစ်နိုင်ချေများသူများ

ဖြစ်နိုင်သူအများစုမှာ အသက် ၂၀ မှ ၆၀ ကြား အမျိုးသားများဖြစ်သည်။ 


အခြားဖြစ်နိုင်ချေ များသူများမှာ -

- သွေးတိုးရောဂါ။

- နှလုံးသွေးကြောကျဉ်းရောဂါ။

- နှလုံးလေသင်တုန်းဖြတ်ခြင်းကြောင့် နှလုံးကြွက်သားထိခိုက်ဖူးသူများ။

- မိသားစုထဲတွင် နှလုံးကျယ်သော ရောဂါရှိသူများ။

- အရက်သောက်သူများ။

- ကင်ဆာရောဂါကုသရန် ဆေးသွင်းနေရသူများ နှင့် ဓါတ်ရောင်ခြည် ဖြင့် ကုသမှု ခံယူနေရသူများ။

- ကိုကင်းသုံးစွဲနေသူများ။

- နှလုံးကြွက်သားကို ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယား ရောဂါ ဝင်ရောက်ခံရသူများ။

- သိုင်းရိုက် သို့မဟုတ် ဆီးချိုရောဂါရှိသူများ ။

- နှလုံးကို သွယ်ဝိုက်ထိခိုက်နိုင်သော ရောဂါများ(ဥပမာ- သွေးတွင်း သံဓါတ်ပုံခြင်း ရောဂါ) ။

- အဝလွန်ခြင်း။

- ဗီတာမင် နှင့် သတ္တုဓါတ်များ ချို့တဲ့ခြင်း။    

- အချို့ ကိုယ်တွင်းစံလွဲ ရောဂါများကြောင့် နှလုံးရောင်ခြင်း။

- သတ္တုဓါတ်နှင့် အခြားအဆိပ်များ (ဥပမာ - ခဲ၊ မာကြူရီ၊ အာစင်းနစ်)။

- အာရုံကြောရောဂါများ (ဥ့ပမာ - ကြွက်သားအားနည်းခြင်း)။

- HIV ရောဂါများရှိသူများ။


နောက်ဆက်တွဲ ပြဿနာများ

(၁) နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း - ဘယ်ဘက်နှလုံးမှ သွေးမညှစ်နိုင်သောကြောင့် ဖြစ်သည်။

(၂) နှလုံးအဆို့ရှင်ကျယ်ခြင်း - နှလုံး၏ ဘယ်ဘယ်အခန်း ကျယ်လာသောကြောင့် နှလုံးအဆို့ရှင် မှ လုံအောင်မပိတ်နိုင်ပါ။ ထိုအခါ သွေးများနောက်ပြန်စီးကျပြီး နှလုံးညှစ်နိုင်အား ကျဆင်းသွားသည်။

(၃) ရေများစုပုံလာခြင်း - အဆုတ်၊ ဝမ်းဗိုက်၊ ခြေထောက် တို့တွင် ရေများ စုပုံလာနိုင်သည်။

(၄) နှလုံးခုန်နှုန်းမမှန်ခြင်း - နှလုံး၏ပုံမှန်တည်ဆောက်ပုံ မဟုတ်တော့သောကြောင့်၎င်း၊ နှလုံးပေါ်တွင် ဖိအားများလာသောကြောင့် လည်းကောင်း နှလုံးခုန်နှုန်းမမှန်တော့ခြင်း ဖြစ်သည်။ 

(၅) ရုတ်တရက် နှလုံးရပ်သွားခြင်း - နှလုံးကျယ်လာသောကြောင့် နှလုံးရုတ်တရက် ရပ်သွားခြင်းမျိုးဖြစ်နိုင်သည်။ 

(၆) သွေးခဲခြင်း - နှလုံး၏ဘယ်ဘက်အခြမ်းတွင် သွေးများအိုင်လာသောကြောင့် သွေးခဲခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထိုသွေးခဲလေးသည် သွေးကြောထဲသို့ဝင်ပြီး ပိတ်ဆို့ကာ အသက်ရှင်ရန်လိုအပ်သော အင်္ဂါများတွင် ထိုသွေးခဲပိတ်ဆို့ သွားလျှင် လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးရပ်သွားခြင်း၊ အခြား အင်္ဂါများ ပျက်စီးခြင်းတို့ဖြစ်နိုင်ပါသည်။ 

နှလုံးခုန်နှုန်းမမှန်ခြင်းကြောင့်လည်း သွေးခဲများဖြစ်ပေါ်နိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ-

အသက်ရှူရခက်ခြင်း သို့မဟုတ် နှလုံးကျယ်ခြင်း ဖြစ်ပေါ်လာလျှင် ဆရာဝန်နှင့် သွားရောက်ဆွေးနွေးပါ။ မိသားစုထဲတွင် နှလုံးကျယ်သည့် ရောဂါဖြစ်သူများရှိလျှင် မိမိကိုယ်ကို ဖြစ်စေ အခြားမိသားစုဝင်များကို ဖြစ်စေ စစ်ဆေးရန် ဆရာဝန်နှင့် တိုင်ပင်ပါ။ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်သော နှလုံးကျယ်ခြင်းတွင် ရောဂါလက္ခဏာ မပေါ်တတ်သည့် အတွက် စောလျှင်စွာစစ်ဆေးပြီး ကုသမှုခံယူလျှင် ပိုကောင်းပါသည်။


စစ်ဆေးမှုများ

၁။ သွေးစစ်ဆေးခြင်း - သွေးစစ်ဆေးခြင်းဖြင့် မိမိ၏ နှလုံးအခြေအနေ အချို့ကိုသိရှိနိုင်ပါသည်။ ထို့အပြင် ပိုးဝင်ခြင်း ရှိမရှိ၊ အဆိပ်အတောက်များ ရှိမရှိကို သိရှိနိုင်သည်။

၂။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း - နှလုံးနှင့် အဆုတ် ပုံစံ နှင့် အရွယ်အစား၊ နှလုံး နှင့် အဆုတ်ဘေးတွင် ရေဝိုင်းခြင်းရှိမရှိ ကို လေ့လာနိုင်သည်။

 ၃။ အီးစီဂျီ ဆွဲခြင်း - နှလုံးခုန်နှုန်းမူမှန်ခြင်း ရှိမရှိ၊ ဘယ်ဘက်နှလုံး၏ အခြေအနေကို လေ့လာရမည်။ 

၄။ နှလုံး အသံလှိုင်းဓါတ်မှန်ရိုက်ခြင်း - ဘယ်ဘက်နှလုံး ကြီးခြင်း၊ နှလုံးအတွင်းသွေးလည်ပတ်ပုံ နှင့် သွေးပုံမှန်စီးဆင်းခြင်း ရှိမရှိကို လေ့လာနိုင်သည်။

၅။ လေ့ကျင့်ခန်း ဖြင့် နှလုံးကောင်းမကောင်းလေ့လာခြင်း - စက်ပေါ်တွင် ပြေးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းဖြင့် နှလုံးကို စက်တပ်ဆင်၍ နှလုံး၏ လုပ်ဆောင်မှုအခြေအနေ ကို လေ့လာခြင်း ဖြစ်သည်။ နှလုံးခုန်နှုန်းနှင့် နှလုံးမှ အောက်စီဂျင်သုံးစွဲမှု မူမှန်ခြင်း ရှိမရှိကို သိရှိနိုင်သည်။ ထို့ပြင် နှလုံးကျယ်ခြင်းကြောင့် ဖြစ်ပေါ်သည့် ရောဂါလက္ခဏာများ၏ အခြေအနေ အဆင့်ကိုသိနိုင်သည်။ လေ့ကျင့်ခန်းမလုပ်နိုင်သူ ဖြစ်လျှင် ဆေးဝါးများ ပေးပြီး စမ်းသပ်နိုင်သည်။ 

၆။ ကွန်ပြူတာဓါတ်မှန် နှင့် သံလိုက်ဓါတ်မှန်များရိုက်ခြင်း - အချို့အခြေအနေများတွင် နှလုံး၏ အရွယ်အစားနှင့် နှလုံးအခန်းများ၏ နှလုံးခုန်ပုံများကို လေ့လာနိုင်သည်။

၇။ နှလုံးတွင်းသို့ ပိုက်ထည့်၍ ကြည့်ရှုခြင်း - ပိုက်သေးသေလေးကို လက်မောင်း၊ ပေါင်ခြံ၊ လည်ပင်းမှ တစ်ဆင့် နှလုံးထဲသို့ ထည့်ခြင်းဖြစ်သည်။ ထို့နောက် တီဗီမျက်နှာပြင်တွင် နှလုံးသွေးကြောများ၏ အနေအထား၊ နှလုံးပေါ်တွင်သက်ရောက်နေသော ဖိအား၊ နှင့် နှလုံးကြွက်သားမှ အသားစယူပြီး နှလုံးကျယ်ခြင်း ရှိမရှိကို လေ့လာနိုင်ပါသည်။

သို့သော်လည်း ထိုစမ်းသပ်စစ်ဆေးမှုတွင် လိုအပ်သော ဆေးများထိုးသွင်းပြီးမှ ကြည့်ရှုရမည်ဖြစ်သည်။ 

၈။ မျိုးရိုးဗီဇ စစ်ဆေးခြင်း နှင့် ဆွေးနွေးခြင်း - မည်သည့် အကြောင်းရင်းမျှရှာမတွေ့ဘဲ နှလုံးကျယ်နေသူဖြစ်လျှင် အခြားမိသားစုဝင်များ ကိုပါစစ်ဆေးပြီး မျိုးရိုးဗီဇ ကြောင့်ဖြစ်ခြင်း ဟုတ်မဟုတ်ကို သိရှိနိုင်သည်။

    

ကုသခြင်း

နှလုံးကျယ်သည့် ရောဂါဟုသိရှိလျှင် ဖြစ်ရသည့် အကြောင်းရင်းကို အရင်ရှာဖွေကုသရပါမည်။ ထို့မှသာ နှလုံးသို့သွေးစီးဆင်းမှုများမည် ဖြစ်ပြီး နောက်ထပ်ဖြစ်မည့် နှလုံးထိခိုက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။ 


၁။ ဆေးသောက်ခြင်း-ဆေးအမျိုးအစား ၂ မျိုး ၃မျိုးပေါင်း၍ ကုသလေ့ရှိသည်။ ကုသလေ့ရှိသော ဆေးဝါးများမှာ-

              

 (၁)  Angiotensin converting enzyme inhibitors (ACEI)

သွေးကြောကိုကျယ်စေပြီး သွေးပေါင်ကျစေသည်။ သွေးစီးဆင်းမှုများသည့်အတွက် နှလုံးအလုပ်အပို လုပ်ရခြင်းကို လျှော့ချနိုင်သည်။ ထို့ကြောင့် နှလုံး၏ စွမ်းဆောင်ရည် ပိုမို မြင့်မားလာသည်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် သွေးပေါင်ကျခြင်း၊ သွေးဖြူဥနည်းခြင်း၊ အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်နိုင်ခြင်းများ ဖြစ်တတ်သည်။ 

(၂) Angiotensin II receptor blockers

အထက်ပါ ACEI နှင့် ဆေးဓါတ်မတည့်သူများတွင် သုံးစွဲနိုင်သည်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် ဝမ်းသွားခြင်း၊ ကြွက်တက်ခြင်း၊ ညောင်းညာခြင်းများ ဖြစ်စေနိုင်သည်။

(၃) Beta blockers

Beta blocker သည် နှလုံးခုန်နှုန်းကို နှေးစေသည်။ သွေးပေါင်ချိန်ကျစေသည်။ စိတ်ဖိစီးမှုကြောင့်ထွက်လာမည့် နှလုံးစွမ်းဆောင်ရည်ကို ပိုမိုကျဆင်းစေနိုင်သော နှလုံးခုန်နှုန်းမမှန်ခြင်းကို ဖြစ်ပေါ်စေသည့် ဟော်မုန်းများ၏ အန္တရာယ်ကို နည်းစေသည်။ နှလုံး၏လုပ်ဆောင်မှုကို ပြန်လည် ကောင်းမွန်စေသည်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် ခေါင်းမူးခြင်းနှင့် သွေးပေါင်ကျခြင်း ကိုဖြစ်ပေါ်စေနိုင်သည်။

(၄) Diuretics

ဆီးဆေးဟုလည်း ခေါ်ကြသည်။ ပိုလျှံသည့် အရည်နှင့် ဆားများကို ခန္ဓာကိုယ်မှ စွန့်ထုတ်ပေးသည်။ အဆုတ်ထဲတွင် ရေပုံခြင်းကို လျှော့ချပေးခြင်းဖြင့် အသက်ရှူရပိုလွယ်စေသည်။

(၅) Digoxin

နှလုံး၏ညှစ်အားကိုကောင်းစေသည်။ နှလုံးခုန်နှုန်းကို နှေးစေသည်။ နှလုံးစွမ်းဆောင်ရည်ကျဆင်းမှုကို လျှော့ချပေးသည်။ 

(၆)သွေးကျဲဆေးများ

Aspirin သို့မဟုတ် Warfarin တိုသည် သွေးခဲခြင်းကို ကာကွယ်ပေးနိုင်သည်။ ဘေးထွက်ဆိုးကျိုးများ အနေဖြင့် အလွန်အမင်း အညိုကွက်များဖြစ်ပေါ်လာခြင်း၊ သွေးထွက်ခြင်း များဖြစ်လာနိုင်သည်။


၂။ စက်ပစ္စည်းများထည့်ခြင်း-

(၁) နှလုံးထဲ စက်ထည့်ခြင်း 

လျှပ်စစ်ဓါတ်များကို ဘယ်ဘက်နှလုံး နှင့် ညာဘက်နှလုံး ကို ညီညီညာညာ ထုတ်လွှတ်ပေးနိုင်အောင် လုပ်ပေးသည်။

 

(၂) နှလုံးစည်းချက်ညီစက် အစားထိုးခြင်း

နှလုံး၏ စည်းချက်မှန်မမှန်ကို စောင့်ကြည့်ပေးပြီး နှလုံးခုန်နှုန်းမြန်ခြင်း၊ နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း၊ နှလုံးရပ်သွားခြင်း၊ သည် ကို တွေ့လျှင် လျှပ်စစ်ဓါတ်လွှတ်ပြီး ညီအောင်ပြန်ညှိပေးသည်။


(၃) နှလုံးညှစ်အားမြှင့်တင်စက် (LVADs)

ထိုစက်များကိုတော့ ဝမ်းဗိုက် သို့မဟုတ် ရင်ဘတ်ထဲတွင်ထည့်ပြီး နှလုံးမညှစ်နိုင်လျှင် အသုံးပြုကြသည်။ ထိုနည်းလမ်းကို အထက်မှ ဖော်ပြထားသော နည်းလမ်းများ ဖြင့်ကြိုးစားပြီးမအောင်မြင်မှ အသုံးပြုသည်။


၃။ နှလုံးအစားထိုးကုသခြင်း-အထက်ပါ ဖော်ပြသော ကုသနည်းများအားလုံးကြိုးစားပြီး မအောင်မြင်လျှင် နှလုံးအစားထိုးကုသရပါမည်။


ကာကွယ်ခြင်း

- ဆေးလိပ်မသောက်ပါနှင့်။

- အရက်မသောက်ပါနှင့်၊ သောက်မည်ဆိုလျှင် အနည်းငယ်သောက်ပါ။

- ကိုကင်းနှင့် အခြား တရားဝင်ဆေးဝါးများ မသုံးစွဲပါနှင့်။

- ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးပါ။

- ကိုယ်အလေးချိန် မတက်လာအောင် ထိန်းသိမ်းပါ။

- ဆရာဝန်မှ ညွန်ကြားပေးသည့် လေ့ကျင့်ခန်းများပြုလုပ်ပါ။

- အိပ်ရေးဝအောင်အိပ်ပါ။ ကောင်းမွန်စွာ အနားယူပါ။

 

အခြားသိသင့်သော အချက်များ 

(၁) လေ့ကျင့်ခန်းလုပ်ခြင်း 

မိမိနှင့်သင့်လျော်သည့် လေ့ကျင့်ခန်းများကို ဆရာဝန်နှင့်တိုင်ပင်၍ လုပ်ဆောင်ပါ။ ပြင်းထန်သောလေ့ကျင့်ခန်းများကို လုပ်ရန် အားမပေးပါ။ အဘယ်ကြောင့်ဆိုသော် ပြင်းထန်သော လေ့ကျင့်ခန်းများသည် ရုတ်တရက် နှလုံးရပ်သွားနိုင်ပြီး အသက်ဆုံးရှုံးနိုင်သောကြောင့်ဖြစ်သည်။ 


(၂) ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်ဖြတ်ရမည့်နည်းလမ်းများကို ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။


(၃) တရားမဝင်ဆေးဝါးများနှင့် အရက်အလွန်အကျွံ သောက်ခြင်းကို ရှောင်ကြဉ်ပါ။

ကိုကင်း နှင့် အခြားတရားမဝင် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းသည် နှလုံးကိုထိခိုက်နိုင်သည်။ အရက်သောက်မည်ဆိုပါကလည်း မည်မျှသောက်ရမည်ကို ဆရာဝန်၏ အကြံဉာဏ် တောင်းခံပါ။


(၄) ကိုယ်အလေးချိန်ထိန်းသိမ်းပါ။

အလေးချိန်များလျှင် နှလုံးသည် အလုပ်ပို၍လုပ်ရသည်။ ထို့ကြောင့် အဝလွန်သူများအနေဖြင့် ကိုယ်အလေးချိန်လျှော့ချပါ။ 


(၅) နှလုံးကို ကျန်းမာစေမည့် အစားအစာများစားသုံးပါ။

ဂျုံပြောင်း၊ အသီးအနှံများ၊ အသီးအရွက်များစားသုံးပါ။ ဆား၊ သကြား၊ ကိုလက်စထရော၊ ပြည့်ဝဆီ များစားသုံးခြင်းကို ရှောင်ကြဉ်ပါ။ 


Ref: Mayo clinic

Translator: Dr. Victoria




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18