Print

Cancer (ကင်ဆာရောဂါအကြောင်း)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

ကင်ဆာဆိုသည်မှာ ပုံမှန်မဟုတ်သောဆဲလ်များ ထိန်းချုပ်၍ မရနိုင်အောင် ပွားလာပြီး ပုံမှန်ဖြစ်နေသော ဆဲလ်များအတွင်းသို့ ဝင်ရောက်နိုင်သော ရောဂါ အမျိုးအစားအများစုကို ခေါ်ဝေါ်ပါသည်။ ဒုတိယအများဆုံး သေစေနိုင်သော ရောဂါမှာ ကင်ဆာရောဂါဖြစ်သည်။ သို့သော် တိုးတက်ကောင်းမွန် လာသော စစ်ဆေးမှုများနှင့် ကင်ဆာ ကုသမှုများကြောင့် ယခုခေတ်အခါတွင် အသက်ရှည်နှုန်းများ မြင့်မားလာပြီဖြစ်သည်။  ကင်ဆာရောဂါဟု မိမိကိုယ်ကို သံသယရှိသည့် ရောဂါလက္ခဏာများခံစားနေရလျှင် ဆရာဝန်နှင့်သွားရောက်တိုင်ပင်ဆွေးနွေးပါ။ကင်ဆာ၏ ရောဂါလက္ခဏာများမရှိသော်လည်း မိမိကိုယ်ကို ကင်ဆာဖြစ်နိုင်ချေများသူဟု ယူဆပါက ဆရာဝန်နှင့် သွားရောက်ဆွေးနွေးတိုင်ပင်ပါ။ မည်သည့် ကင်ဆာရောဂါရှာဖွေမှုများသည် မိမိနှင့် သင့်တော်သည်ကို ဆရာဝန်ကိုမေးမြန်းပါ။


လက္ခဏာများ

မည့်သည် ခန္ဓာကိုယ်အစိတ်အပိုင်းတွင် ကင်ဆာရောဂါဖြစ်နေသည်ကို မူတည်၍ ရောဂါ လက္ခဏာများကွဲပြားနိုင်သည်။ ယျေဘူယျအားဖြင့် အတိအကျမဟုတ်သော်လည်း အောက်ပါရောဂါလက္ခဏာများကို ကင်ဆာနှင့် သက်ဆိုင်သည်ဟု အကြမ်းဖျင်းယူဆထားပါသည်။

- မောပန်းနွမ်းနယ်ခြင်း

- အရေပြားအောက်တွင် အလုံးအကြိတ်များစမ်းမိခြင်း

- ကိုယ်အလေးချိန်ရုတ်တရက်ပြောင်းလဲခြင်း-- မထင်မှတ်ဘဲ ကိုယ်အလေးချိန် ကျသွားခြင်း သို့မဟုတ် တက်လာခြင်း

- အရေပြားအရောင် ပြောင်းလဲလာခြင်း - အရေပြား အဝါရောင်၊ အမဲရောင် သို့မဟုတ် အနီရောင်သို့ပြောင်းလဲခြင်း၊ အနာမကျက်ခြင်း၊ 

- ဆီးဝမ်း မမှန်ခြင်း

- ချောင်းဆိုးလုံးဝ မပျောက်ခြင်း သို့မဟုတ် အသက်ရှူရခက်ခြင်း

- အစာမျိုရခက်ခြင်း

- အသံသြလာခြင်း

- အစာစားပြီးလျှင် အစာမကြေခြင်း၊ မအီမသာဖြစ်ခြင်း အစဉ်အမြဲဖြစ်နေခြင်း

- ကြွက်သားနှင့် အရိုးအဆစ်များ အစဉ်အမြဲနာကျင်နေခြင်း

- အဖျားတက်ခြင်း၊ ညဘက်ချွေးစေးထွက်ခြင်းများ အစဉ်အမြဲဖြစ်နေခြင်း

- အဖြေရှာမရသော အနာများဖြစ်ခြင်း၊ သွေးထွက်ခြင်း

   

ဖြစ်ပွားရသော အကြောင်းရင်းများ

ကင်ဆာရောဂါသည် ဆဲလ်အတွင်းရှိ မျိုးရိုးဗီဇ များ ပြောင်းလဲခြင်း၊ မြုံသွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုဆဲလ်အတွင်ရှိ မျိုးရိုးဗီဇများသည့်ဆဲလ်များကို သက်ဆိုင်ရာအလုပ်များခွဲဝေပေးခြင်း၊ ကြီးထွားခြင်း၊ နှင့် ပွားများခြင်းများကို ညွန်ကြားသည့် နေရာတွင် အရေးပါသည်။ ထို့ကြောင့် ထိုညွန်ကြားချက်များတွင် အမှားတစ်ခုခု ပါသွားပါက ဆဲလ်၏ပုံမှန် လုပ်ငန်းဆောင်တာများရပ်တန့်သွားပြီး ကင်ဆာရောဂါဟူ၍ ဖြစ်ပွားလာရခြင်းဖြစ်သည်။ 


မျိုးရိုးဗီဇ ပြောင်းလဲ၍ မြုံသွားပြီဆိုပါက -

ပုံမှန်ကျန်းမာနေသည့် ဆဲလ်ကို မြန်မြန်ပွားအောင်အားပေးမည်။ ထို့ကြောင့် ဆဲလ်များ ပုံမှန်ထက်စောလျင်စွာ မြန်မြန်သေမည်။ ထို့နောက် အသစ်ထွက်လာသည့်ဆဲလ်များသည်လည်း အရှေ့မှ အမြုံဆဲလ်ကဲ့သို့ပင် ထပ်မံ ပွားများလားမည်။အလျှင်အမြန်ပွားများလာသည့် ဆဲလ်များကို တားဆီးထိန်းချုပ်နိုင်စွမ်းမရှိတော့ပါ။ ပုံမှန်ဆဲလ်သည် မည်သည့်အချိန်တွင်ရပ်တန့်ရမည်၊ မည်သည့်ဆဲလ်သည် အရေအတွက်မည်မျှရှိရမည်ကို ဆုံးဖြတ်နိုင်သည်။ ဆဲလ်ပွားခြင်းကိုထိန်းချုုပ်သည့် မျိုးရိုးဗီဇဆဲလ် ဟူ၍ တစ်မျိုးရှိသည်။ ၎င်းဆဲလ်သည် မြုံသွားပါက ပျက်စီးသွားပါက မည်သည့်အချိန်တွင်ရပ်တန့်ပြီး မည်သို့ထိန်းချုပ်ရမည်ကို မသိတော့သည့်အတွက် ဆဲလ်များဆက်ပွားလာပြီး မကောင်းသည့်ဆဲလ်များ စုပြုံလာမည်ဖြစ်သည်။ မျိုးရိုးဗီဇ ထုတ်လုပ်မှုမှားယွင်းလျှင် ပုံမှန်အားဖြင့် အများကို မှန်ကန်အောင် ပြန်လည် ပြင်ဆင်နိုင်သည်။  မျိုးရိုးဗီဇတွင် မြုံခြင်းဖြစ်သွားပါက အမှားကိုပြန်လည်ပြင်ဆင်နိုင်စွမ်းမရှိတော့သည့် အတွက် ကင်ဆာဘက်သို့ကူးပြောင်းသွားခြင်းဖြစ်သည်။ 

 

မျိုးရိုးဗီဇဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ -

(၁) မွေးဖွားစဉ်ကတည်းက မိဘဆီမှဆက်ခံလာသော မြုံနေသည့် မျိုးရိုးဗီဇဖြစ်နေခြင်း။ ထိုအမျိုးအစားသည် အရေအတွက် အနည်းငယ်တွင်သာဖြစ်သည်။ 

(၂) မွေးဖွားပြီးနောက်ပိုင်းမှ မျိုးရိုးဗီဇဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း၊ မိဘဆီမှ မျိုးရိုးဆက်ခံခြင်းမဟုတ်ဘဲ မွေးဖွားပြီးနောက်ပိုင်းမှ မျိုးရိုးဗီဇမြုံသွားခြင်းသည် အဖြစ်များဆုံးဖြစ်သည်။ ထို့သို့ပြောင်းလဲသွားစေနိုင်သော အချို့ အကြောင်းရင်းများမှာ - ဆေးလိပ်သောက်ခြင်း၊ ဓါတ်ရောင်ခြည်နှင့်ထိတွေ့ခြင်း၊ ဗိုင်းရပ်စ်များ၊ အဝလွန်ခြင်း၊ ဟော်မုန်းများ၊ နာတာရှည်ရောင်ရမ်းနေသောရောဂါများ နှင့် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့ကြောင့်ဖြစ်သည်။ 

ပုံမှန်ဆဲလ်ပွားနေသည့် အချိန်တွင်ပင် မျိုးရိုးဗီဇမြုံသွားခြင်းကို ဖြစ်စေနိုင်သည်။ သို့သော်လည်းပုံမှန်ဆဲလ်များတွင် ထိုသို့မှားယွင်းသွားလျှင် ချက်ချင်းသိပြီး ချက်ခြင်းပြန်ပြင်နိုင်သော်လည်း တစ်ခါတစ်ရံတွင် အမှားကို မမြင်ဘဲ ကျော်သွားကောင်းကျော်သွားမိနိုင်သည်။ ထိုသို့ကျော်သွားမိသည့်အခါ ကင်ဆာရောဂါဖြစ်ပေါ်လာခြင်းဖြစ်သည်။


မွေးဖွားစဉ်ကတည်းက ပါလာသော မြုံနေသော မျိုးရိုးဗီဇနှင့် မိမိနေထိုင်စဉ်တွင် ရရှိလာသော မျိုးရိုးဗီဇ ၂ ခုပေါင်း၍ ကင်ဆာဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဥပမာ - ကင်ဆာဖြစ်နိုင်သော မျိုးရိုးဗီဇ တစ်မျိုးမျိုးဖြင့်မွေးဖွားလာသူဖြစ်လျှင် ကြီးလာလျှင် ကျိန်းသေကင်ဆာဖြစ်မည်ဟု မဆိုနိုင်ပါ။ ကင်ဆာဖြစ်ရန် နောက်ထပ် မျိုးရိုးဗီဇ တစ်ခုခုပါ မြုံပေးရမည်ဖြစ်သည်။ သို့သော် ဖောက်ပြန်သည့် မျိုးရိုးဗီဇ မွေးကင်းစကပင် ပါလာခဲ့သူသည် ကင်ဆာဖြစ်စေသည့် အကြောင်းအရာတစ်ခုခု နှင့် ထိတွေ့မိပါက အခြားသူများထက် ပို၍ကင်ဆာဖြစ်နိုင်ချေများသည်။ ကင်ဆာရောဂါတစ်ခုဖြစ်ဖို့ရန် မြုံသွားသည့် မျိုးရိုးဗီဇ ဘယ်နှစ်ခု ဖြစ်ရမည်ဟု ကန့်သန့်ချက်မရှိပါ။ ကင်ဆာအမျိုးအစားပေါ်မူတည်၍ ခြားနားမှုရှိသည်ဟု ယူဆရပါသည်။


ဖြစ်နိုင်ချေများသူများ

ကင်ဆာရောဂါ ဖြစ်လာရန်အားပေးသော အချက်များမှာ -- 

၁။ အသက်အရွယ်

ကင်ဆာရောဂါတစ်ခု ဖြစ်ပေါ်လာရန် ရာစုနှစ် တစ်ခု ခန့်မျှ ကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် ကင်ဆာရောဂါ အများစု တွေ့ရှိချိန်သည် အသက် ၆၅ နှစ် နှင့် အထက်ဖြစ်တတ်သည်။ အသက်အရွယ် ကြီးသောသူများတွင် အများဆုံးဖြစ်တတ်သည် ဆိုသော်လည်း ကင်ဆာဟူသည် အသက်အရွယ် မရွေး ဖြစ်ပွားနိုင်သော ရောဂါဖြစ်သည်ဟု သိမှတ်ထားရမည်။


၂။ အမူအကျင့်များ

မိမိ၏ နေထိုင်မှု အကျင့်စရိုက်အပေါ်မူတည်၍ ကင်ဆာဖြစ်နိုင်ချေလည်း များလာမည်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ နေရောင်ခြည်နှင့် အချိန်များစွာ ထိတွေ့ရခြင်း၊ နေလောင်ဖုများ ခဏခဏဖြစ်ခြင်း၊ အဝလွန်ခြင်း၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ စသည့်တို့ သည် ကင်ဆာဖြစ်ပေါ်လာရန် အားပေးသည့် အချက်များဖြစ်သည်။ကင်ဆာဖြစ်နိုင်ချေကို လျှော့ချရန် အထက်ပါ အမူအကျင့်များကိုပြောင်းလဲရမည်ဖြစ်သည်။ 


၃။ မိသားစုထဲတွင် ကင်ဆာရောဂါ မျိုးရိုးရှိခြင်း

မျိုးရိုးကြောင့်ဖြစ်သောကင်ဆာသည် လူနည်းစုသာဖြစ်သည်။ မိသားစုထဲတွင် ကင်ဆာရောဂါ အဖြစ်များပါက ထိုမြုံနေသော မျိုးရိုးဗီဇသည် မျိုးဆက် တစ်ခုမှ နောက်တစ်ခုသို့ လက်ဆင့်ကမ်းလိုက်သောကြောင့်ဖြစ်သည်။ ကင်ဆာဖြစ်နိုင်ချေ ရှိမရှိကို မျိုးရိုးဗီဇ စစ်ဆေးခြင်းများလည်းပြုလုပ်ရမည်ဖြစ်သည်။ မှတ်ထားရမည်မှာ ကင်ဆာမျိုးရိုးဗီဇရှိရုံဖြင့် မိမိတွင် ကင်ဆာရောဂါ ကျိန်းသေဖြစ်လာမည်ဟု ပြော၍မရပါ။


၄။ မိမိကျန်းမာရေးအခြေအနေများ

အချို့နာတာရှည်ရောဂါများသည် ကင်ဆာဖြစ်နိုင်ချေကို မြှင့်တက်စေသည်။ 


၅။ ပတ်ဝန်းကျင်

မိမိ အနီးအနား ပတ်ဝန်းကျင်တွင် ကင်ဆာဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် ဓာတုပစ္စည်းများနှင့် ထိတွေ့နေရလျှင် ကင်ဆာဖြစ်နိုင်ချေများလာမည်ဖြစ်သည်။ ကိုယ်တိုင်ဆေးလိပ်မသောက်သည့်တိုင်အောင် ဆေးလိပ်သောက်တတ်သောသူနှင့် သွားလာလျှင် ဖြစ်စေ၊ ဆေးလိပ်သောက်သူနှင့် တစ်အိမ်တည်းအတူနေလျှင်ဖြစ်စေ မိမိသည် ဆေးလိပ်ငွေ့ရှူမိသောကြောင့် ဆေးလိပ်သောက်သောသူကဲ့သို့ပင် ရောဂါများဖြစ်လာနိုင်သည်။ မိမိအိမ်နှင့် အလုပ်အနီးအနာတွင်ရှိသော ဓာတုပစ္စည်းများ ဥပမာ - ကျောက်ဂွမ်းနှင့် benzene များနှင့်ထိတွေ့နေရသူသည် ကင်ဆာဖြစ်နိုင်ချေများသည်။


နောက်ဆက်တွဲ ပြဿနာများ

ကင်ဆာရောဂါကိုယ်တိုင်နှင့် ၎င်း၏ကုသမှုများကြောင့် နောက်ဆက်တွဲပြဿနာများ အနည်းငယ်ရှိနိုင်ပါသည်။

(၁) နာကျင်ခြင်း - ကင်ဆာရောဂါတိုင်းသည် နာကျင်စေသည်မဟုတ်ပါ။ နာကျင်မှုသည် ကင်ဆာကိုယ်တိုင်မှသော်လည်းကောင်း၊ ကင်ဆာရောဂါ ကုသမှုများမှသော်လည်းကောင်းပေါ်ပေါက်လာနိုင်ပါသည်။ ထိုနာကျင်မှုကို ဆေးဝါးများဖြင့်သက်သာအောင်ပြုလုပ်နိုင်ပါသည်။

(၂) အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း -  ကင်ဆာရောဂါကို ဆေးသွင်း၍ကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ကြောင့် မောပန်းနွမ်းနယ်ခြင်းမျိုးသည် ဖြစ်လေ့ဖြစ်ထရှိသော်လည်း ၎င်းပင်ပန်းနွမ်းနယ်မှုများသည် ယာယီသာဖြစ်သည်။ 

(၃) အသက်ရှူရခက်ခဲခြင်း - ကင်ဆာရောဂါ သို့မဟုတ် ကင်ဆာရောဂါ ဆေးကုသမှု ကြောင့် အသက်ရှူရခက်ခဲလာသည် ဟုခံစားရကောင်း ခံစားရနိုင်သည်။ ဆေးကုသမှုဖြင့် ထိုလက္ခဏာများကို သက်သာအောင်ကုသနိုင်သည်။

(၄) ပျို့အန်ခြင်း - အချို့ကင်ဆာရောဂါ နှင့် ကင်ဆာရောဂါကို ကုသသော ဆေးဝါးများကြောင့် ပျို့အန်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ အအန်ပျောက်ဆေး နှင့် အချို့ဆေးကုသမှုများသည် ထိုသို့ပျို့အန်ခြင်းကို ကာကွယ်ခြင်း သို့မဟုတ် သက်သာအောင်ပြုလုပ်ပေးနိုင်သည်။ 

(၅)ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း - ကင်ဆာရောဂါနှင့် ကင်ဆာရောဂါကိုကုသမှုများကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းကို ထိခိုက်နိုင်သည့်အတွက် ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း ကိုဖြစ်ပေါ်စေနိုင်သည်။

(၆) ကိုယ်အလေးချိန်ရုတ်တရက်ကျသွားခြင်း - ကင်ဆာရောဂါနှင့် ဆေးကုသမှုများကြောင့် ကိုယ်အလေးချိန် ကျသွားခြင်းများဖြစ်နိုင်သည်။ ကင်ဆာဆဲလ်များသည် ပုံမှန်ဆဲလ်များထံမှ အစာအာဟာရများကို လုယူစားသောက်သည့်အတွက် ပုံမှန်ဆဲလ်များတွင် အာဟာရချို့တဲ့လာသည်။ ကယ်လိုရီမည်မျှစားသောက်ရမည် ဘယ်လိုအစားအသောက်စားသောက်ရမည် နှင့်လည်းမဆိုင်သည့်အတွက် ကုသရန်လည်းခက်ခဲပါသည်။ အစာပိုက်ဖြင့်ကျွေးခြင်း သို့မဟုတ် သွေးထဲသို့ အစာတိုက်ရိုက်ထည့်ခြင်းဖြင့်လည်း ကိုယ်အလေးချိန်တက်လာရန် အကူအညီပေးနိုင်မည် မဟုတ်ပါ။

(၇) ကိုယ်ခန္တာထဲတွင် ဓါတုဖြစ်စဉ်များပြောင်းလဲခြင်း - ကင်ဆာရောဂါကြောင့် ခန္တာကိုယ်ထဲရှိ ပုံမှန်ဓာတုဖြစ်စဉ်များ ပျက်စီးသွားနိုင်သည်။ ဓာတုဖြစ်စဉ်များပျက်စီးသွားလျှင် ဖြစ်လာမည့် လက္ခဏာများမှာ အလွန်အမင်းရေဆာခြင်း၊ ခဏခဏဆီးသွားခြင်း၊ ဝမ်းချုပ်ခြင်း၊ အသိစိတ်ရှုပ်ထွေးခြင်းများဖြစ်လာနိုင်သည်။

(၈) ဦးနှောက်နှင့် အာရုံကြောဆိုင်ရာပြဿနာများ - ကင်ဆာအကြိတ်သည် အနီးအနားရှိအာရုံကြောများကို ဖိမိမည်ဆိုပါက နာကျင်ခြင်းခြင်း ကိုယ်ခန္တာ၏ အစိတ်အပိုင်းတစ်ခု လုပ်ဆောင်မှု ပျက်စီးသွားနိုင်သည်။ ဦးနှောက်သို့ကင်ဆာဆဲလ်များပျံ့သွားမည်ဆိုပါက ခေါင်းကိုက်ခြင်း နှင့် လေဖြတ်ခြင်းကဲ့သို့ ကိုယ်တစ်ခြမ်းသေခြင်းမျိုးဖြစ်သွားနိုင်သည်။

(၉) ပုံမှန်မဟုတ်သည့် ကိုယ်ခန္တာစံလွှဲစနစ်တုံ့ပြန်ခြင်း - အချို့သူများတွင် ကိုယ်ခန္တာ၏တုံပြန်စနစ်မှ ကင်ဆာဆဲလ်ကို ပြန့်တုံ့ပြန်ရင်း ကျန်းမာသည့်ဆဲလ်များကိုပါ လိုက်၍တိုက်ခိုက်နိုင်သည်။ အလွန်ရှားပါးသော အခြေအနေဖြစ်ပြီး လမ်းမလျှောက်နိုင်ခြင်း နှင့် တက်ခြင်းများဖြစ်ပေါ်လာနိုင်သည်။ 

(၁၀) ပျံ့နှံ့မှုမြန်သောကင်ဆာများ - ကင်ဆာ၏အဆင့်မြင့်လာသည်နှင့်အမျှ ကိုယ်ခန္တာ၏အခြားအင်္ဂါများသို့လည်း ပျံ့နှံ့သွားနိုင်သည်။ မည်သည့်နေရာကို ပျံ့နှံ့မည်ဆိုသည်က ကင်ဆာအမျိုးအစားပေါ်တွင်မူတည်ပါသည်။

 (၁၁) ကင်ဆာရောဂါပြန်ဖြစ်ခြင်း - ကင်ဆာရောဂါပျောက်ကင်းသွားသည့်သူများတွင် ပြန်ဖြစ်နိုင်ချေရှိသေးသည်။ အချို့ကင်ဆာရောဂါများသည် အခြားကင်ဆာများထက် ပြန်ဖြစ်နိုင်ချေပိုများသည်။ ကင်ဆာရောဂါပြန်မဖြစ်အောင်မည်သို့နေထိုင်စားသောက်ရမည်ကို ဆရာဝန်နှင့်ဆွေးနွေးပါ။ ဆရာဝန်နှင့် ရက်ချိန်းပုံမှန်ပြန်ပြပါ။ ဆရာဝန်နှင့်ပြန်ပြရလျှင် ကင်ဆာပြန်လည်ဖြစ်နိုင်ချေ ကို သိနိုင်ရန် ပုံမှန်စစ်ဆေးမှုများ ကို လ အနည်းငယ်အကြာ ပြုလုပ်ရန် လိုအပ်ပါသည်။ 


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ကင်ဆာရောဂါဟု မိမိကိုယ်ကို သံသယရှိသည့် ရောဂါလက္ခဏာများခံစားနေရလျှင် ဆရာဝန်နှင့်သွားရောက်တိုင်ပင်ဆွေးနွေးပါ။

ကင်ဆာ၏ ရောဂါလက္ခဏာများမရှိသော်လည်း မိမိကိုယ်ကို ကင်ဆာဖြစ်နိုင်ချေများသူဟု ယူဆပါက ဆရာဝန်နှင့် သွားရောက်ဆွေးနွေးတိုင်ပင်ပါ။ မည်သည့် ကင်ဆာရောဂါရှာဖွေမှုများသည် မိမိနှင့် သင့်တော်သည်ကို ဆရာဝန်ကိုမေးမြန်းပါ။


စစ်ဆေးမှုများ

ကင်ဆာရောဂါကို အစောဆုံးကုသနိုင်မည်ဆိုလျှင် ပျောက်ကင်းနိုင်မည့်အခွင့်အရေးအများဆုံးဖြစ်သည်။ ဆရာဝန်နှင့်ပြသပြီး မည်သည့်စစ်ဆေးမှုသည် အသင့်တော်ဆုံးဖြစ်မည်ကို ဆွေးနွေးတိုင်ပင်ပါ။လေ့လာတွေ့ရှိချက်များအရ ကင်ဆာအချို့သည် ကြိုတင်စမ်းသပ်စစ်ဆေးခြင်းဖြင့် စောစီးစွာသိရ၍ များစွာအကျိုးရှိသည်။ အချို့ကင်ဆာရောဂါများသည် ကင်ဆာရောဂါဖြစ်နိုင်ချေရှိသောသူများတွင်သာ လုပ်သင့်ကြောင်း အထောက်အထားများလည်းရှိပါသည်။


ကင်ဆာရောဂါရှိမရှိရှာဖွေခြင်း

- စမ်းသပ်ခြင်း - ကိုယ်ခန္တာတွင် အလုံးအကြိတ်များစမ်းမိလျှင် ကင်ဆာဖြစ်နိုင်သည်။ ဆရာဝန်မှ အလုံးကိုစမ်းသပ်ပြီး ပုံစံမှန်မမှန်၊ အပေါ်ယံ အရေပြားအရောင်ပြောင်းလဲမှု၊ ကိုယ်တွင်းအင်္ဂါများ ကြီးလာမှုကို စမ်းသပ်နိုင်သည်။

- ဓါတ်ခွဲခန်းတွင် စစ်ဆေးမှုများ - ဆီးစစ်ခြင်း၊ နှင့် သွေးစစ်ခြင်း၊။ ဥပမာ - သွေးကင်ဆာ ဖြစ်နေသူများတွင် ပုံမှန်စစ်နေကြသွေးစစ်မှုများဖြင့် ပုံမှန်အရေအတွက်မဟုတ်သော သွေးဖြူဥ အရေအတွက်ကို တွေ့ရှိခြင်းအားဖြင့် သွေးကင်ဆာကို တွေ့ရှိနိုင်သည်။

- ရောင်ခြည်ဓါတ်မှန် ဖြင့် စစ်ဆေးမှုများ - အရိုးအပါအဝင် ကိုယ်တွင်းကလီစာများကို အပြင်မှပင် ခွဲစိတ်စရာမလိုဘဲစစ်ဆေးကြည့်ရှုနိုင်သည်။ ကင်ဆာရောဂါ စစ်ဆေးမှုတွင်ပါဝင်သော ရောဂါ ရှာဖွေသည့် ရောင်ခြည်ဓါတ်မှန်နည်းလမ်းများမှာ - အရိုးဓါတ်မှန်၊ သံလိုက်ဓါတ်မှန်၊ အသံလှိုင်းဓါတ်မှန်၊ ရိုးရိုးဓါတ်မှန်၊ စီတီဓါတ်မှန်ရိုက်ခြင်း စသည်တို့ဖြစ်သည်။

- အသားစယူ၍စစ်ဆေးခြင်း - အသားစကို ဖြစ်နိုင်သည့် ကင်ဆာအရေအတွက်နှင့် ဖြစ်သည့်နေရာပေါ်မူတည်၍ နည်းလမ်းအမျိုးအစားမျိုးစုံရှိသည်။ ကင်ဆာရောဂါကို တိကျစွာသိရှိနိုင်ရန် အသားစယူခြင်းသည် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။


ကင်ဆာအဆင့်ခွဲခြင်း

ကင်ဆာရောဂါဟုသိရှိပြီးသည်နှင့် တစ်ပြိုင်နက် မည်သည့်အဆင့်ရောက်နေသည်ကို ခွဲခြားရမည်။ ကင်ဆာအဆင့်အပေါ်မူတည်၍ ကုသရမည့်နည်းလမ်းနှင့် ပျောက်ကင်းနိုင်သည့် အခွင့်အရေးများကွာခြားသွားမည်ဖြစ်သည်။ရောင်ခြည်ဓါတ်မှန် စစ်ဆေးမှုများဖြင့် ကိုယ်ခန္ဓာ၏ မည်သည့်နေရာသို့ ကင်ဆာပျံ့နှံ့သွားသည်ကို သိရှိနိုင်သည်။


ကုသခြင်း

ကင်ဆာကုသနည်းများစွာရှိပါသည်။ မည်သည့်နည်းလမ်းဖြင့်ကုသရမည်မှာ ကင်ဆာရောဂါအမျိုးအစား နှင့် ကင်ဆာရောဂါ၏ အဆင့်၊ မိမိ၏ကျန်းမာရေးအခြေအနေ စသည့် အချက်အချို့အပေါ်တွင်မူတည်နေသည်။ ဆရာဝန်နှင့်တိုင်ပင်၍ ဆေးကုသမှု၏ ကောင်းကျိုး နှင့် ဆိုးကျိုးများကို တွက်ဆ၍ မိမိနှင့် အသင့်လျော်ဆုံးနည်းလမ်းကို ရွေးချယ်ရမည်ဖြစ်သည်။


ကင်ဆာရောဂါကုသခြင်း၏ ရည်ရွယ်ချက်

ကင်ဆာရောဂါ ကုသခြင်း၏ ရည်ရွယ်ချက်များစွာရှိပါသည်။

၁။ ပျောက်ကင်းအောင်ကုသခြင်း - ပုံမှန်သက်တမ်းစေ့နေနိုင်ရန် ပျောက်ကင်းအောင် ကုသခြင်းသည် မိမိ၏အခြေအနေပေါ်မူတည်၍ ဖြစ်နိုင်ကောင်း ဖြစ်နိုင်သည်။

၂။ မူလပထမ ကုသခြင်း - ထိုကုသမှု၏ ရည်ရွယ်ချက်မှာ ကိုယ်ခန္ဓာထဲတွင်ရှိသော ကင်ဆာဆဲလ်များကို လုံးဝပပျောက်သွားအောင် ဖယ်ရှားရန်ဖြစ်သည်။ မည်သည့်နည်းလမ်းကို မဆို ပထမကုသရန် နည်းလမ်းအဖြစ် အသုံးပြုနိုင်သည်။ သို့သော် မူလပထမ နည်းလမ်းအဖြစ်ကုသရန် အများဆုံးသုံးသောနည်းလမ်းမှာ ခွဲစိတ်ကုသခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ကင်ဆာအမျိုးအစားသည် ဓါတ်ရောင်ခြည်ပြခြင်း၊ဆေးသွင်းခြင်း နှင့် ထိရောက်စွာကုသနိုင်လျှင် ၎င်းသည် မူလပထမ ကုသမှု ဖြစ်လာမည်ဖြစ်သည်။

၃။ ထပ်ဆောင်းကုသခြင်း - မူလပထမကုသခြင်းတွင် ကျန်ရှိသည့် ကင်ဆာဆဲလ်များကို သတ်ခြင်းဖြင့် နောက်တစ်ခါ ကင်ဆာထပ်မံဖြစ်ခြင်းကို ကာကွယ်ရန်ဖြစ်သည်။

မည်သည့် ကင်ဆာကုသသည့် နည်းလမ်းမဆို ထပ်ဆောင်းကုသရန် နည်းလမ်းအဖြစ်အသုံးပြုနိုင်သည်။ အများစုအသုံးပြုသော နည်းလမ်းးများမှာ ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း နှင့် ဟော်မုန်းဖြင့် ကုသခြင်းတို့ဖြစ်ပါသည်။

၄။ ရောဂါလက္ခဏာကို သက်သာအောင် ကုသခြင်း - ကင်ဆာကြောင့်ဖြစ်စေ၊ ကင်ဆာရောဂါ၏ကုသမှုကြောင့်ဖြစ်စေ ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများ ရောဂါလက္ခဏာများကို သက်သာစေရန်ကုသခြင်းဖြစ်သည်။ ခွဲစိတ်ကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ဆေးသွင်းကုသခြင်း၊ ဟော်မုန်းဖြင့်ကုသခြင်းနည်းလမ်းများကို အသုံးပြု၍ ရောဂါလက္ခဏာများသက်သာစေရန်အသုံးပြုနိုင်သည်။ နာကျင်ခြင်း၊ နှင့် အသက်ရှူရန်ခက်ခဲခြင်း များကို သောက်ဆေးများဖြင့် သက်သာအောင်ပြုလုပ်နိုင်သည်။


ကင်ဆာရောဂါကုထုံးများ

(၁) ခွဲစိတ်ကုသခြင်း - အဓိကရည်ရွယ်ချက်မှာ ကင်ဆာဆဲလ်များကို တတ်နိုင်သမျှ ကုန်အောင် ခွဲစိတ်ဖယ်ရှားပစ်ခြင်းဖြစ်သည်။ 

(၂) ဆေးသွင်းကုသခြင်း - ဆေးဝါးများသုံးစွဲ၍ ကင်ဆာဆဲလ်များကို သတ်ရန် အသုံးပြုခြင်းဖြစ်သည်။

(၃) ဓါတ်ရောင်ခြည်အသုံးပြု၍ကုသခြင်း - စွမ်းအားမြင့်ဓါတ်ရောင်ခြည်များ အသုံးပြု၍ ကင်ဆာဆဲလ်များသေစေရန် အသုံးပြုခြင်းဖြစ်သည်။ ဓါတ်ရောင်ခြည်ပေးသည့် စက်ကို ခန္ဓာကိုယ်၏ အပြင်ဘက်တွင်ထား၍ဖြစ်စေ၊ ခန္တာကိုယ်၏ အတွင်းဘက်တွင်ထား၍ဖြစ်စေ ကုသနိုင်ပါသည်။

 (၄)ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း - 

(၅) ကိုယ်ခန္တာ၏ တုံ့ပြန်မှု စနစ်ကို အသုံးပြု၍ ကုသခြင်း - ကင်ဆာဆဲလ်များ ကိုယ်ခန္တာထဲတွင် အသက်ရှင်နေနိုင်သည်မှာ မိမိ၏ ကိုယ်ခံအားစနစ်မှ ကင်ဆာဆဲလ်ဟု မသိသောကြောင့်ဖြစ်သည်။ ကိုယ်ခန္ဓာ ခုခံစနစ်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို ကိုယ်ခန္ဓာ၏ စနစ်မှ သိအောင်ပြုလုပ်ခြင်းဖြင့် ကုသခြင်းနည်းတစ်မျိုးဖြစ်ပါသည်။

(၆) ဟော်မုန်းဖြင့် ကုသခြင်း - အချို့သော ကင်ဆာအမျိုးအစားများသည် ကိုယ်ခန္ဓာ၏ ဟော်မုန်းများ ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဥပမာ - ရင်သားကင်ဆာ နှင့် ဆီးကြိတ်ကင်ဆာ၊ ထို့ကြောင့်ထိုသို့ ကင်ဆာ ဖြစ်စေသော ဟော်မုန်းများကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ကင်ဆာဆဲလ်များပွားများမှုနှုန်းကို လျှော့ချပေးနိုင်ပါသည်။


ကာကွယ်ခြင်း

ကင်ဆာရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ရန် တိကျသော နည်းလမ်းဟူ၍ မရှိသေးပါ။ သို့သော် ကင်ဆာဖြစ်ပွားနိုင်ချေကို နည်းလမ်းအချို့ဖြင့် လျှော့ချနိုင်ပါသည်။

(၁) ဆေးလိပ်သောက်လျှင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်ဖူးလျှင် အစပြု၍ သွားမသောက်ပါနှင့်။ အဘယ်ကြောင့်ဆိုသော် ဆေးလိပ်သောက်ခြင်းသည် ကင်ဆာရောဂါ အများစုနှင့် ဆက်စပ်နေသောကြောင့်ဖြစ်သည်။ ယခုပင် ဆေးလိပ်သောက်ခြင်းကို ရပ်တန့်လိုက်ပါက အနာဂါတ်တွင် ဖြစ်ပွားလာမည့် ကင်ဆာရောဂါများကို လျှော့ချပြီးသားဖြစ်ပေလိမ့်မည်။

(၂) နေရောင်ခြည်အောက် အကာအကွယ် မပါဘဲ သွားလာခြင်းကို မလုပ်ပါနှင့်။ နေရောင်ခြည်မှ လာသော ခရမ်းလွန်ရောင်ခြည်သည် အရေပြားကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်မားစေနိုင်သည်။ ထို့ကြောင့် နေပူထဲသွားမည်ဆိုပါက ထီး သို့မဟုတ် ဦးထုပ်ဆောင်းပါ။ အကျီ ၤလက်ရှည် ဘောင်းဘီး ခြေရှည် ဝတ်ဆင်ပါ။ နေလောင်ခံ ခရင်မ်လိမ်းပါ။

(၃) ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များကို ရွေးချယ်စားသုံးပါ။ သစ်ဥသစ်ဖု နှင့် သစ်သီးသစ်ရွက်များ၊ ဂျုံပြောင်းနှင့် အသားဓါတ်များစားသုံးပါ။

(၄) တစ်ပါတ်တွင် ၄ ရက်ခန့် လေ့ကျင့်ခန်းပြုလုပ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအားဖြင့် ကင်ဆာ ရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချနိုင်ပါသည်။ လေ့ကျင့်ခန်းတစ်ခါ လုပ်လျှင် မိနစ် ၃၀ ခန့် ပြုလုပ်ပါ။ လေ့ကျင့်ခန်းပုံမှန် လုပ်နေသူမဟုတ်လျှင် မိမိ လုပ်နိုင်သလောက်လုပ်ပြီး နောက်ပိုင်းတဖြေးဖြေး အချိန်တိုးပြီး လုပ်သွားပါ။

 (၅) ကိုယ်အလေးချိန်ကို ထိန်းထားပါ။ အဝလွန်သော သူများတွင် ကင်ဆာရောဂါဖြစ်နိုင်ချေ များလာနိုင်သည်။ စံနှုန်းသတ်မှတ်ထားသော ကိုယ်အလေးချိန် ရရှိအောင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားခြင်း နှင့် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပါ။

 (၆) အရက်ကို အလွန်အကျွံ မသောက်ပါနျင့်။ အရက်သောက်တတ်သောသူ ဖြစ်ပါက တစ်ရက်လျှင် တစ်ခွက် သို့မဟုတ် ၂ခွက် သာသောက်ပါ။

(၇) ကင်ဆာရောဂါ စစ်ဆေးမှုများပြုလုပ်ရန် စီစဉ်ပါ။ မိမိ၏ ဖြစ်နိုင်ချေကို တွက်ချက်၍ မည့်ကဲ့သို့ စစ်ဆေးမှုများပြုလုပ်ရမည်ကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

(၈) အချို့ဗိုင်းရပ်စ်ပိုးများသည် ကင်ဆာရောဂါဖြစ်နိုင်ချေကို ပိုများစေသည်။ ဥပမာ - အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးထားလျှင် အသည်းကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးသည်။ သားအိမ်ခေါင်းကင်ဆာ ကို ဖြစ်စေသည့် ဗိုင်းရပ်ကို ကာကွယ်ဆေးထိုးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်နိုင်သည ်။


အခြားသိသင့်သော အချက်များ (ရှိလျှင်)

ကင်ဆာရောဂါကို ပျောက်ကင်းအောင်ကုသနိုင်သည့် အနောက်တိုင်ဆေးဝါး မဟုတ်သည့် အခြားဆေးဝါးများ ဖြင့် ပျောက်ကင်းနိုင်သည်ဟု သက်သေပြချက်များမရှိသေးပါ။ သို့သော် အခြားနည်းလမ်းများသည် ကင်ဆာရောဂါ နှင့် ကုထုံးများမှ ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများ (ဥပမာ - ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း၊ နာကျင်ခြင်း) ကို သက်သာအောင် ပြုလုပ်ပေးနိုင်သည်။ ထိုအခြားသော ဆေးဝါများသည် မိမိ အတွက် အကျိုးရှိမရှိ ကို ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်ပါ။ အဘယ်ကြောင့်ဆိုကြောင့် အချို့ဆေးဝါးများသည် ကင်ဆာရောဂါ ကုသမှုကို နှောင့်ယှက်နိုင်သောကြောင့်ဖြစ်သည်။


ကင်ဆာရောဂါ ကုသရာတွင် အသုံးဝင်သော နည်းလမ်းအချို့မှာ - 

- အပ်စိုက်ကုသခြင်း

- အိပ်ငွေ့ချခြင်း

- နှိပ်နယ်ပေးခြင်း

- တရားထိုင်ခြင်း

- ယောဂကျင့်စင်ကျင့်ခြင်း

- စိတ်ဖိစီးမှု လျှော့ချစေသော နည်းလမ်းများသုံးခြင်း တို့ဖြစ်သည်။


Ref: Mayo Clinic

Dr. Victoria



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18