Print

Brain Tumor (ဦးနှောက်အကျိတ်ကင်ဆာ)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

ဦးနှောက်အကျိတ်ကင်ဆာ သည် ဦးနှောက် သို့မဟုတ် ဦးနှောက်နှင့် နီးစပ်သော အပိုင်းများတွင် အလုံးအကျိတ်ဖြစ်လာခြင်းဖြစ်သည်။ ဦးနှောက်အကျိတ်များတွင် အချို့သည် ကင်ဆာမဟုတ်သော အကျိတ်မျိုးဖြစ်ပြီး အချို့မှာမူ ကင်ဆာအကျိတ် ဖြစ်သည်။ ဦးနှောက်အကျိတ်ကင်ဆာတွင် ဦးနှောက်မှ စတင်၍ ဖြစ်သော ကင်ဆာနှင့် အခြားနေရာရှိ ကင်ဆာများမှ ပျံ့လာသော ဦးနှောက်အကျိတ်ကင်ဆာဟူ၍ ခွဲခြားနိုင်သည်။ဦးနှောက်အကျိတ်ကင်ဆာသည် ပျံနှံ့မှု မြန်ပြီး ဦးနှောက်နှင့် အာရုံကြောလုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်ပြီး ထိခိုက်မှုများသည် ကင်ဆာကျိတ်၏ နေရာနှင့် အရွယ်အစားအပေါ်တွင် မူတည်ပါသည်။


လက္ခဏာများ

ဦးနှောက်အကျိတ်ကင်ဆာ၏ ရောဂါလက္ခဏာများသည် အကျိတ်၏ နေရာ၊အရွယ်အစားနှင့် ကြီးထွားနှုန်းအပေါ်တွင် မူတည်ပါသည်။

 

ဦးနှောက်အကျိတ်ကင်ဆာတွင် ပြလေ့ရှိသော ရောဂါ လက္ခဏာများမှာ-

•        ရုတ်တရက် ဆိုးဆိုးဝါးဝါး ခေါင်းကိုက်လာခြင်း။

•        ခေါင်းကိုက်ခြင်း တဖြည်းဖြည်း ဆိုးလာပြီး မခံမရပ်နိုင်အောင်ဖြစ်လာခြင်း။

•        အစားအသောက်မမှားပဲ ပျို့ခြင်း အန်ခြင်း။

•        အမြင်အာရုံဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း၊ အဝေးမမြင်ခြင်း။

•        ခြေလက်များ တဖြည်းဖြည်း ထုံလာခြင်း လှုပ်ရှား၍ မကောင်းခြင်း။

•        လမ်းလျှောက်လျှင် တည့်မတ်အောင် မထိန်းနိုင်ခြင်း။

•        စကားပြောရ ခက်ခဲလာခြင်း။

•        စိတ်ရှုပ်ထွေးခြင်း။

•        လူတစ်ယောက်၏ ပင်ကိုယ်စရိုက် နှင့် အမူအရာများ ပြောင်းလဲလာခြင်း။

•        တက်ခြင်း။

•        အကြားအာရုံချို့ယွင်းခြင်း။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ဦးနှောက်တွင် စဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာသည် ဦးနှောက်ဆဲလ်များ ရုတ်တရက် ပုံမမှန်ပွားရာမှ စဖြစ်ခြင်းဖြစ်ပြီး ဦးနှောက်ဆဲလ်များ၊ ဦးနှောက်အား အုပ်ထားသော အလွှာများ၊ ဦးနှောက် အာရုံကြောများ၊ ဦးနှောက်တွင်းရှိ ဂလင်းများမှ စ၍ဖြစ်ခြင်းဖြစ်သည်။

ပုံမမှန်ပွားလာသော ကင်ဆာဆဲလ်များကြောင့် ပုံမှန်ဦးနှောက်ဆဲလ်များ သေပြီး အလုံးအကျိတ်ဖြစ်လာခြင်းဖြစ်သည်။ ဦးနှောက်တွင် စဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ သည် အခြားနေရာမှ ပျံ့လာသော ဦးနှောက်အကျိတ်ကင်ဆာထက် အဖြစ်နည်းသည်။


ဦးနှောက်တွင် စဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ အမျိုးအစားများမှာ-

•        Gliomas- ဦးနှောက်ဆဲလ် သို့မဟုတ် အာရုံကြောမကြီးမှ စ၍ဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ။

•        Meningiomas- ဦးနှောက်အား အုပ်ထားသော အလွှာမှ ဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ။

•        Acoustic neuromas (schwannomas)- ဦးနှောက်အတွင်းရှိ နားသို့သွားသော အာရုံကြောမှဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ။

•        Pituitary adenomas- Pituitary ဂလင်းမှဖြစ်သော ကင်ဆာအကျိတ်။

•        Medulloblastomas- ဦးနှောက်ဆဲလ်များမှ စဖြစ်လေ့ရှိပြီး ကလေးများတွင် အဖြစ်များသော ဦးနှောက်အကျိတ်ကင်ဆာ။

•        PNETs. Primitive neuroectodermal tumors (PNETs)- သန္ဓေသား၏ ဦးနှောက်ဆဲလ်မှ စဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ။

•        Germ cell tumors

•        Craniopharyngiomas

 

အခြားနေရာရှိ ကင်ဆာမှ ပျံ့လာသော ဦးနှောက်အကျိတ် ကင်ဆာသည် အခြားကင်ဆာရောဂါတစ်မျိုးမျိုးရှိသူများတွင် ဖြစ်လေ့ရှိပြီး အချို့တွင်မူ ထိုကင်ဆာ၏ ပထမဦးဆုံး ရှေ့ပြေးလက္ခဏာ အနေဖြင့် တွေ့ရလေ့ရှိ ပြီး ဦးနှောက်မှ စ၍ဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာထက် ပို၍ အဖြစ်များသည်။


ဦးနှောက်သို့ ပျံ့လာလေ့ရှိသော ကင်ဆာများမှာ-

•        ရင်သားကင်ဆာ။

•        အူမကြီးကင်ဆာ။

•        ကျောက်ကပ်ကင်ဆာ။

•        အဆုတ်ကင်ဆာ။

•        မှဲ့ကြောင့်ဖြစ်သော အရေပြား ကင်ဆာ။

 

ဖြစ်နိုင်ချေများသူများ

•        အသက်-အသက်ကြီးသောသူများတွင် အဖြစ်များသော်လည်း အချို့သော ဦးနှောက်ကျိတ်ကင်ဆာများသည် အသက်အရွယ်မရွေး ဖြစ်နိုင်သည်။

•        ဓာတ်ရောင်ခြည်များနှင့် မကြာခဏ ထိတွေ့နေရသူများ(ဥပမာ- ကင်ဆာဓာတ်ရောင်ခြည်ပြ ကုသမှု ခံယူဖူးသူများ နှင့် နျူကလိယ ဗုံးပေါက်ကွဲမှု တွေ့ကြုံထားဖူးသူများ)

•        မိသားစုမျိူးရိုးတွင် ဦးနှောက် အကျိတ်ကင်ဆာရောဂါ ရာဇဝင်ရှိဖူးသူများ

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ - အထက်ဖော်ပြပါ အချက်အလက်များ သင့်တွင်ဖြစ်ပေါ်နေပြီး မသက်သာပါက ဆရာဝန်နှင့် သွားရောက်ဆွေးနွေးပြသရန် လိုအပ်ပါသည်။

 

စစ်ဆေးမှုများ

ဦးနှောက်အကျိတ်ကင်ဆာရောဂါရှိသည်ဟု သံသယရှိပါက အောက်ဖော်ပြပါ စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်ပါမည်။

•        ဦးနှောက်သံလိုက်ဓာတ်မှန်ရိုက်ခြင်း။

•        ဦးနှောက်နှင့် အာရုံကြောအား စစ်ဆေးခြင(ဥပမာ-အမြင်အာရုံ၊အကြားအာရုံ စသည်တို့ဖြစ်သည်)

•        ဆေးသွင်း၍ သံလိုက်ဓာတ်မှန်ရိုက်ခြင်း။

•        ဦးနှောက်အား ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။

•        PET( Positron emission tomography)

•        တစ်ကိုယ်လုံး ကွန်ပျူတာ ဓာတ်မှန်ရိုက်၍ ရောဂါရှာဖွေခြင်း။

•        ပုံမမှန်သော ဆဲလ်များမှ အသားစယူ၍ စစ်ဆေးခြင်း(Biopsy) အထူးသဖြင့် ဦးနှောက်အကျိတ်ကင်ဆာဟု သံသယရှိပါက ဦးနှောက်ဆဲလ်များမှ အသားစယူ၍ စစ်ဆေးခြင်း။

 

ကုသခြင်း

ဦးနှောက်အကျိတ်ကင်ဆာအား ကုသခြင်းသည်း အကျိတ်၏ အမျိုးအစား၊တည်နေရာ နှင့် အရွယ်အစားအပေါ်မူတည်၍ ကုသမှု ပုံစံကွဲပြားသည်။

 

ခွဲစိတ်ကုသခြင်း

အကယ်၍ ကင်ဆာအကျိတ်သည် ခွဲစိတ်၍ လွယ်ကူသောနေရာတွင်ရှိပြီး အရွယ်အစား သေးပါက ခွဲစိတ်ကုသလေ့ရှိပါသည်။ အချို့သော အကျိတ်များမှာမူ ခွဲစိတ်ရ ခက်ခဲသော နေရာတွင်ရှိပြီး ဦးနှောက်တစ်ရှုးများ၏ အတွင်းပိုင်း အာရုံကြောများနှင့် ကပ်နေသောနေရာတွင်ရှိပါက ခွဲစိတ်ကုသ၍ မပျောက်ကင်းနိုင်ပေ။ သို့သော် အကျိတ်အား ဖယ်ရှားရုံမျှဖြင့် ဦးနှောက် တွင်းရှိ ထိခိုက်မှုများကို သက်သာလျော့ပါးစေနိုင်မည် ဆိုပါက ခွဲစိတ်ကုသလေ့ရှိပါသည်။

 

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတွင် ခန္ဓာကိုယ် ပြင်ပမှနေ၍ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ခန္ဓာကိုယ်တွင်းမှ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းဟူ၍ ၂မျိုး ခွဲခြားနိုင်ပါသည်။ခန္ဓာကိုယ်ပြင်ပမှ နေ၍ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းသည်  ဦးနှောက်ဆဲလ်များ အားလုံးအား သက်ရောက်မှုရှိပြီး ခန္ဓာကိုယ် အခြားနေရာများမှ ဦနှောက်သို့ ပျံ့လာသော ကင်ဆာများကုသရာတွင် သုံးလေ့ရှိသည်။အသုံးပြုရသော ဓာတ်ရောင်ခြည် အမျိုးအစားနှင့် ဓာတ်ရောင်ခြည် ပမာဏအပေါ်မူတည်၍ နောက်ဆက်တွဲဖြစ်တတ်သော ဆိုးကျိုးများ ကွာလေ့ရှိပြီး အများအားဖြင့် မောပန်းနုံးချိခြင်း ခေါင်းကိုက်ခြင်းများ ဖြစ်လေ့ရှိသည်။

 

ကင်ဆာဆေးသွင်းကုသခြင်း

ကင်ဆာဆေးသွင်းကုသရာတွင် ကင်ဆာရောဂါအမျိုးအစားအပေါ်လိုက်ပြီး သွင်းရသော ဆေးအမျိုးအစားကွာနိုင်ပြီး ဘေးထွက်ဆိုးကျိုးများ အနေဖြင့် ပျို့ခြင်း၊အန်ခြင်း၊ ဆံပင်ကျွတ်ခြင်းများ ရှိနိုင်ပါသည်။

ဆေးကုသမှု ခံယူပြီးနောက် ပြန်လည်သန်စွမ်းလာစေရန် အထူးကုသမှုများ-

•        စကားပြောပြန်လည်သင်ယူရခြင်း။

•        နေ့စဉ်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ကိုင်နိုင်ရန် သင်ယူရခြင်း။

•        ခြေလက်လှုပ်ရှားမှုများ ပြန်လည်ဖြစ်စေရန် သင်ယူရခြင်း။

•        မှတ်ဉာဏ်များ ပြန်လည်မှတ်မိစေရန် သင်ယူရခြင်း။

 

ကာကွယ်ခြင်း

ဦးနှောက်အကျိတ်ကင်ဆာရောဂါကို ကာကွယ်ရန် နည်းလမ်းမရှိပါ။

 

အခြားသိသင့်သော အချက်များ နှင်.အခြားကုထုံးများ

အခြားကုထုံးများသည်လည်း ဦးနှောက်အကျိတ်ကင်ဆာကို သက်သာပျောက်ကင်းနိုင်သည်ဟူသော လေ့လာချက်များ ယခုထိ မတွေ့ရှိရသေးပါ။ သို့သော် အောက်ဖော်ပြပါ နည်းလမ်းများသည် ခံစားနေရသော ဝေဒနာများကို ခဏတာသက်သာစေနိုင်ပါသည်။

•        အပ်စိုက်ကုသခြင်း။

•        စိတ်ငြိမ်ဆေးနှင့် အိပ်ဆေးများ။

•        တရားထိုင်ခြင်။း

•        တေးသံသာများ နားထောင်ခြင်း။

•        ယောဂကျင့်ခြင်း။

 

ဦးနှောက်အကျိတ်ကင်ဆာဝေဒနာ ဖြစ်ပွားနေပြီဟု သိရှိပါက-

•        ရောဂါ၏ သဘာဝနှင့် ဖြစ်တတ်သော အခြေအနေများ၊ နောက်ဆက်တွဲဖြစ်နိုင်ချေများကို လေ့လာပါ။

•        မိသားစုများနှင့် နွေးနွေးထွေးထွေးနေပါ။ မိသားစုများ၏ ဂရုစိုက်မှုကို ခံယူပါ။

•        မိမိခံစားနေရသော ရောဂါ ဝေဒနာများအကြောင်းကို မိမိနှင့် အနီးကပ်နေသူများကို ပြောပြပါ။ ဖေးမမှုကို ခံယူပါ။ စိတ်ထိခိုက် ခံစားရခြင်းများရှိပါက မိမိအားအနီးကပ်စောင့်ရှောက်မှုပေးနေသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

 

Dr.Genius( 7887 Healthcare Call Center)

Ref: Mayo Clinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18