Print

Bee Sting (ပျားတုပ်ခြင်း)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

အများအားဖြင့် ပျားတုပ်ခံရလျှင် ဆေးကုသရန် မလိုအပ်တတ်သော်လည်း တုပ်ခံရသူသည် အချက်များစွာ အတုပ်ခံရလျှင် (သို့) ပျား၏အဆိပ်ကို အလာဂျီ(Allergy)ရှိသူဖြစ်လျှင်မူ ပုံမှန်ထက်ပိုဆိုးသော လက္ခဏာများခံစားရနိုင်ပြီး အရေးပေါ်ဆေးကုသမှု ခံယူရတတ်သည်။

 

လက္ခဏာများ

ပျားတုပ်ခံရသူတွင် လက္ခဏာအမျိုးမျိုး ခံစားရနိုင်သည်။ ပျားတုပ်ခံရသည့်နေရာမှ နာခြင်းမှ ဆိုးရွားသည့် လက္ခဏာများဖြစ်သည့် အဖုအပိန့်ထွက်ခြင်း၊ အသက်ရှူကြပ်လာခြင်း အထိဖြစ်နိုင်ပါသည်။ ပျားတုပ်ခံရသည့် လက္ခဏာကို အဆင့် ၃ ဆင့်ခွဲခြားသည်။


သာမန်အဆင့်

အများအားဖြင့် ပျားတုပ်ခံရလျှင် လက္ခဏာများသည် သာမန်အဆင့်သာဖြစ်လေ့ရှိသည်။

  • ပျားတုပ်ခံရသည့်နေရာမှ ပူပြီးနာနေခြင်း။
  • ပျားတုပ်ခံရသည့်နေရာမှ အနီဖုဖြစ်လာခြင်း၊ ရောင်လာခြင်းတို့ ရှိနိုင်သည်။
  • လူအများစုတွင် ထိုသို့ဖြစ်ပြီး နာရီအနည်းငယ်ကြာလျှင် ပြန်ပျောက်သွားလေ့ရှိသည်။

သာလွန်အဆင့်

သာလွန်အဆင့်တွင် တွေ့ရှိရသည့် လက္ခဏာမှာ

  • နီနေသည့်၊ ရောင်နေသည့်နေရာမှ တစ်ရက်၊နှစ်ရက်အတွင်း မပျောက်ဘဲ တဖြည်းဖြည်း ကြီးလာခြင်း့ဖြစ်သည်။

သာလွန်အဆင့်တွင် လက္ခဏာသည် ၅ ရက်မှ ၁၀ ရက်အထိ ကြာမြင့်နိုင်ပါသည်။


ဆိုးရွားအဆင့်

ဆိုးရွားအဆင့်ကို ပျား၏အဆိပ်နှင့်မတည့်သူများတွင် တွေ့ရလေ့ရှိသည်။ ဆိုးရွားအဆင့်သည် ချက်ချင်းဆေးကုသမှုခံယူရန် လိုအပ်၍ အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။ ပျား၏အဆိပ်နှင့်မတည့်သူများတွင် တွေ့ရှိနိုင်သည့် ရောဂါလက္ခဏာများမှာ

  • အရေပြား နီခြင်း၊ ယားခြင်း၊ အဖုအပိန့်ထွက်ခြင်း။
  • အသက်ရှူမြန်လာခြင်း။
  • လျှာ၊ လည်ချောင်းစသည်တို့ ရောင်၍ကြီးလာခြင်း။
  • သွေးခုန်နှုန်း မြန်လာခြင်း။
  • မူးဝေအော့အန်ခြင်း (သို့) ဝမ်းလျှောခြင်း။
  • ခေါင်းမူးခြင်း ။
  • သတိလစ်ခြင်း စသည်တို့ဖြစ်နိုင်သည်။

ထိုသို့ ပျားတုပ်ခံရပြီး ဓာတ်မတည့်ခြင်း (Anaphylaxis) ဖြစ်ထားသူသည် နောက်တစ်ကြိမ် ပျားတုပ်ခံရပါက ၃၀ မှ ၆၀ ရာခိုင်နှုန်း ဓာတ်မတည့်ခြင်း ဖြစ်နိုင်ချေ ပိုဖြစ်နိုင်သည်။

အချက်များစွာ ပျားတုပ်ခံရခြင်း

အသက်အရွယ်ကြီးသူ၊ ကလေး၊ နှလုံးရောဂါရှိသူ (သို့) အသက်ရှုလမ်းကြောင်း ပြဿနာရှိသူတို့သည် အချက်များစွာပျားတုပ်ခံရပါက အရေးပေါ်အခြေအနေ ပိုမိုဖြစ်နိုင်သည့် အခွင့်အလမ်းများသည်။ ထို့ပြင် အချက်များစွာ တုပ်ခံရလျှင် ကိုယ်ခန္ဓာအတွင်းသို့ အဆိပ်များပိုမိုရောက်ရှိသဖြင့် ဖျားနာခြင်းပါဖြစ်နိုင်သည်။ တွေ့ရှိရသည့် လက္ခဏာများမှာ

  • မူးဝေအော့အန်ခြင်း (သို့) အော့အန်ခြင်း။
  • ခေါင်းကိုက်ခြင်း။
  • ချာချာလည်အောင်မူးနေခြင်း။
  • တက်ခြင်း။
  • အဖျားတက်ခြင်း။
  • သတိလစ်ခြင်း စသည်တို့ ခံစားရနိုင်သည်။

 

ဖြစ်နိုင်ချေများသူများ

  • နေထိုင်သည့် ပတ်ဝန်းကျင်တွင် ပျားအုံရှိနေခြင်း။
  • အလုပ် (သို့) ဝါသနာကြောင့် ခရီးခဏခဏသွားရသူများ၊
  •  အပြင်ခဏခဏထွက်လေ့ရှိသူတွင် ဖြစ်နိုင်ချေများသည်။


စစ်ဆေးမှုများ

ပျားတုပ်ခံရပြီး ပျားအဆိပ်နှင့်မတည့်သူများသည် အောက်ပါစမ်းသပ်မှုများ ပြုလုပ်နိုင်သည်။

  • အရေပြားကို ပျားအဆိပ်နှင့် တည့်မတည့် စစ်ဆေးခြင်း။
  • သွေးစစ်ဆေးခြင်း တို့ကိုပြုလုပ်သည်။

 

ကုသခြင်း

ပျားတုပ်ခံရ၍ ဓာတ်မတည့်ခြင်း မဖြစ်ပါက အိမ်တွင်းကုထုံးများနှင့် ကုသ၍ရသည်။ အချက်ပေါင်းများစွာ တုပ်ခံရ၍ဖြစ်စေ ၊ ဓာတ်မတည့်၍ဖြစ်စေ ရှိပါက ဆေးကုသမှုခံယူရန် လိုအပ်သည်။

 

ကာကွယ်ခြင်း

  • အချိုပါဝင်သည့် အစားအစာ၊ အချိုရည်များကို အပြင်သွားစဉ် စားသောက်ပါက ပျားနှင့်ထိတွေ့နိုင်ချေ မြင့်မားသည်။
  • အရောင်တောက်သည့်ဒီဇိုင်း၊ ပန်းပွင့်ပါသည့်ဒီဇိုင်းအင်္ကျီတို့သည် ပျားကို ဆွဲဆောင်မှုရှိသည်။
  • အကျီၤပေါက်ကျယ်သည့် အဝတ်အစားများ ဝတ်ဆင်ခြင်းကြောင့် ပျားပိုမိုကိုက်ခံရနိုင်သည်။
  • အိမ်အနီးအနားဝန်းကျင်တွင် ပျားအုံရှိပါက တတ်ကျွမ်းနားလည်သူများကိုသာ ဖယ်ရှားခိုင်းပါ။


ပျားနှင့်ထိတွေ့ပါက ပြုလုပ်ရမည့်အချက်များ

  • သင်၏အနီးအနားတွင် ပျားအချို့ ပျံဝဲနေပါက စိတ်အေးအေးထား၍ အဝေးသို့ ဖြည်းညှင်းစွာထွက်သွားပါ။ ပျားကိုရိုက်ခြင်း၊ ပုတ်ခြင်း (သို့) လှုပ်ရှားမှုရှိပါက ကိုက်ခံရနိုင်ချေ ပို၍များသည်။ 
  • ပျားတုပ်ခံရပြီးနောက် အနီးပတ်ဝန်းကျင်တွင် ပျားများ၊ အင်းဆက်ပိုးများရှိပါက ပါးစပ်၊နှာခေါင်းတို့ကိုပိတ်၍ ကိုက်ခံရသည့်နေရာမှ အမြန်ထွက်ခွာရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ပျားတုပ်ခံရပြီးနောက် ကျန်ခဲ့သော ပျား၏အဆူးမှ ဓာတ်သတ္တုတစ်မျိုးထုတ်၍ ၎င်းက အနီးပတ်ဝန်းကျင်ရှိ အခြားပျားများကို ဆွဲဆောင်သောကြောင့်ဖြစ်ပါသည်။

 

အိမ်တွင်းကုထုံးများ

သာမန်အဆင့် ပျားတုပ်ခံရခြင်းတွင် ပြုလုပ်ရမည့်အချက်များ

  • အရေပြားတွင် ဝင်နေသော ပျား၏အဆူးကို လက်ဖြင့် (သို့) ဇာဂနာဖြင့် ချက်ချင်းထုတ်ပစ်ခြင်းဖြင့် အရေပြားထဲသို့ အဆိပ်ဝင်ရောက်ခြင်းကို ထိရောက်စွာကာကွယ်ပေးသည်။
  • ဆူးထုတ်ပြီးနောက် ပျားတုပ်ခံရသည့်နေရာကို ဆပ်ပြာနှင့် ရေဖြင့် စင်ကြယ်အောင် ဆေးရမည်။
  • ထို့နောက် တုပ်ခံရသည့်နေရာကို အအေးကပ်ပေးရမည်။


သာလွန်အဆင့်ကုသခြင်းတွင် ပြုလုပ်ရမည့်အချက်များ

  • သာမန်အဆင့်တွင် ပြုလုပ်ခဲ့သည့်အတိုင်း ဆူးထုတ်ခြင်း၊ အနာကိုဆေးခြင်း နှင့် အအေးကပ်ခြင်းတို့ကို အဆင့်ဆင့်ပြုလုပ်ရမည်။
  • တုပ်ခံရသည့်နေရာမှ နာနေပါက အကိုက်အခဲပျောက်ဆေး အသုံးပြုနိုင်သည်။
  • ယားခြင်း၊ ရောင်ခြင်း၊ နီရဲခြင်း တို့လျော့ချနိုင်ရန် Anti-histamine ပါသည့်ဆေးများသောက်သုံးနိုင်သည်။
  • ပျားတုပ်ခံရသည့်နေရာကို ကုတ်ခြစ်ခြင်းမပြုလုပ်ရပါ။ အရေပြားပေါက်ပြဲ၍ ပိုးဝင်နိုင်သောကြောင့်ဖြစ်သည်။

 

Ref: Mayo Clinic

Dr. Archer ( 7887 Healthcare Call Center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18