Print

Bed sores (အိပ်ရာထဲတွင်နာတာရှည်နာမကျန်း၍ ရသည့်အနာ)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

အိပ်ရာထဲတွင်နာတာရှည်နာမကျန်း၍ ရသည့်အနာ ဆိုသည်မှာ အရေပြားတစ်နေရာထဲတွင် ကြာရှည်စွာ ဖိထားခံရသည့်အတွက် ဖြစ်ပေါ်လာသော အနာဖြစ်သည်။ အများအားဖြင့် အနာဖြစ်တတ်သော နေရာများမှာ ချေဖနောင့်၊ ခြေခြင်းဝတ်၊ တင်ပဆုံ နေရာတို့ဖြစ်သည်။ ထိုသို့ဖြစ်နိုင်ချေများသောသူများမှာ - နေရာတစ်နေရာမှ တစ်နေရာသို့ မိမိကိုယ်တိုင်ကူးပြောင်းနိုင်သော အခြေအနေမရှိသူများဖြစ်သည်။  ဥပမာ - ဝှီးချဲဖြင့် သွားနေရသူများ၊ အိပ်ရာပေါ်တွင် အချိန်ကြာကြာလှဲနေရသူများ

ထိုနာတာရှည်အနာများသည် ကုသရန်အလွန်ခက်ခဲသည်။ 


လက္ခဏာများ

ရောဂါပြင်းထန်မှုပေါ်မူတည်၍ အဆင့် ၄ ဆင့် ခွဲခြားနိုင်သည်။ 


အဆင့်(၁) - အစပိုင်းအဆင့်

အရေပြားမပျက်စီးသေး၊ အသားဖြူသူများတွင် နီနေတတ်ပြီး ထိုနေရာကို ဖိလိုက်လျှင်ဖြူသွားလေ့မရှိပါ။ အသားညိုသူများတွင် ကြာရှည်စွာ ဖိထားခံရသောနေရာတွင် အရောင်အနည်းငယ်ပြောင်းနေမည်ဖြစ်ပြီး ထိလိုက်လျှင် အရောင်မပြောင်းသွားပါ။ အနာဖြစ်လာနိုင်သည့်နေရာသည် နာကျင်ခြင်း၊ ပျော့နေခြင်း၊ ဘေးအသားနှင့်ယှဉ်လျှင် ပိုအေးခြင်း သို့မဟုတ် ပိုပူခြင်း ရှိနိုင်သည်။


အဆင့် (၂) 

အပေါ်ဆုံး အရေပြားအလွှာနှင့် အောက်ဘက်အရေပြားအလွှာ အချို့ တဝက်ဆုံးရှုံးသွားသည်။ အနာသည် ပန်းရောင် သို့မဟုတ် အနီရောင်ရှိပြီး အရည်များဖြင့် ပြည့်နေသော အရည်ကြည်အိတ် သို့မဟုတ်ပေါက်သွား သော အရည်ကြည်အိတ် နှင့် တူသည်။


အဆင့် (၃) 

 အနာသည် အတွင်းသို့နက်သည်။

အရေပြားအလွှာများ၏အောက်ရှိ အဆီလွှာကိုပါမြင်ရသည်။ ဂလှိုဏ်ပေါက်လိုဖြစ်နေပြီး အောက်ခြေတွင် သေနေသော အဝါရောင် အသားအချို့ကိုတွေ့ရသည်။ 


အဆင့် (၄) 

အရေပြား၏ နေရာတော်တော်များများဆုံးရှုံးသွားသည်။ ကြွက်သားနှင့် အရိုးများကို အနာမှတစ်ဆင့် မြင်ရသည်။ 


ခွဲခြား၍မရသော အဆင့်

အနာ၏ မျက်နှာပြင်တွင် အဝါရောင်၊ အညိုရောင်၊ အမဲရောင် နှင့် ပုပ်သိုးသော အသားစများရှိနေလျှင် ၎င်းကို ခွဲခြား၍မရနိုင်သော အဆင့်ဟု သတ်မှတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အုပ်ခံထားရသော ဆဲလ် အသေများကြောင့် အနာမည်မျှနက်သည်ကို မမြင်နိုင်သောကြောင့်ဖြစ်သည်။ 


အနာအလွန်နက်ခဲ့သည် ရှိသော်

အနာအလွန်နက်ခဲ့သည်ရှိသော် အောက်ပါ လက္ခဏာများခံစားရမည်ဖြစ်သည်။

အရေပြားသည် ခရမ်းရောင်သန်းနေခြင်း

သွေးနှင့်ပြည့်နေသော အရည်ကြည်ဖုများရှိခြင်း

အနာသည် နာကျင်ခြင်း၊ မာခဲခြင်းများရှိခြင်း

အနာဖြစ်သောနေရာသည် အခြားနေရာနှင့်ယှဉ်လျှင် ပူနေခြင်း သို့မဟုတ် အေးနေခြင်း

အသားညိုသော သူများတွင် ပတ်ဝန်းကျင်အသားနှင့်ယှဉ်လျှင် ပိုမိုတောက်ပနေခြင်း၊


ဖိအားကြောင့်ဖြစ်သောလာသော အနာဖြစ်တတ်သော နေရာများမှာ - 

၁။ ဘီးတပ်ကုလားထိုင်ဖြင့် သွားနေရသောသူများတွင်

တင်ပါး သို့မဟုတ် မှီးညှောင့်ရိုးနေရာ

ကျောရိုးတလျှောက်

ဝှီးချဲနှင့် ထိနေသော လက်နှင့်ခြေ အနောက်ဖက်နေရာများ

၂။ အိပ်ရာပေါ်တွင် လှဲနေရသောသူများတွင် အဓိကဖြစ်တတ်သော နေရာများမှာ

ခေါင်း၏ အနောက်သို့မဟုတ် ဘေးဖက်နေရာ

နားရွက်တစ်လျှောက်

ကျောနောက်ဘက်တစ်လျှောက်

တင်ပါးအနားတစ်ဝိုက်နှင့် မှီးညှောင့်ရိုးနေရာ

ခြေဖနောင့်၊ ခြေခြင်းဝတ် နှင့် ဒူးအနောက်ရှိရေပြားနေရာ တို့ဖြစ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

အိပ်ရာထဲတွင်နာတာရှည်နာမကျန်း၍ ရသည့်အနာ ဖြစ်ရသော အကြောင်းရင်းမှာ-- အဖိခံထားရသော အရေပြားတစ်ဝိုက်သို့ သွေးသွားသည့် နှုန်းလျှော့နည်းသွားသောကြောင့်ဖြစ်သည်။ အခြားအကြောင်းရင်းများတွင် လှုပ်ရှားမှုမရှိသောကြောင့် အရေပြားသည် ထိခိုက်ရှလွယ်လာပြီး ထိုကဲ့သို့ ဖိအားအနာဖြစ်လာရခြင်းဖြစ်သည်။ အဓိကဖြစ်စေသည့် အချက် ၃ ချက်မှာ

(၁) အစဉ်မပြတ်ဖိထားခံရခြင်း - မိမိ၏အရေပြားနှင့် အသားသည် အရိုးနှင့် မာသောမျက်နှာပြင်တစ်ခုခု ဥပမာ - ဘီးတပ်ကုလားထိုင် သို့မဟုတ်အိပ်ရာ ကြားတွင်ညှပ်နေပါက ညှပ်ထားသော ဖိအားသည် သွေး၏ဖိအားထက်များသောကြောင့် ထိုအနီးနား အရေပြားတစ်ဝိုက်သို့ သွေးမသွားနိုင်သဖြင့် ထိုနေရာများသို့ သွေးမရောက်နိုင်သောကြောင့် အောက်စီဂျင်နှင့် အာဟာရများ မရနိုင်ပါ။ ထို့ကြောင့် အာဟာရ မရလျှင် အရေပြားဆဲလ်များ ပျက်စီးသွားပြီး အားလုံးသေကြေပျက်စီးသွားခြင်းဖြစ်သည်။ 

(၂) ပွန်းတိုက်မှု - ပွန်းတိုက်မှုဆိုသည်မှာ ရွေ့လျားနေသော အရာဝတ္တုတစ်ခုကို တွန်းကန်အားဖြစ်သည်။ အရေပြားတစ်ခုသည် မျက်နှာပြင်တစ်ခုမှု ပွတ်ဆွဲခြင်းခံရလျှင် ပွန်းတိုက်မှုဖြစ်ပေါ်လာသည်။ (ဥပမာ - တစ်နေရာမှတစ်နေရာသို့ရွှေ့ခြင်း၊ မိမိကိုပြုစုသူမှနေရာရွှေ့ပေးခြင်း) ။ ထို့ပြင် အရေပြားသည် စိုစွတ်နေပါက ထိုပွန်းတိုက်မှုအားသည် ပိုများလာပေမည်။ 

နူးညံံ့သောအရေပြားသည် ပွန်းတိုက်မှုကို ပို၍ ခံရပြီး ထိခိုက်လွယ်သည်။

(၃) ပွတ်ဆွဲအား - မျက်နှာပြင် ၂ ခု ဆန့်ကျင်ဘက်သွားသောအခါ ပွတ်ဆွဲအားဖြစ်ပေါ်လာသည်။ ဥပမာ - ဆေးရုံကုတင်ကို ခေါင်းဘက်မှ မြှင့်လိုက်သည့်အခါ ကိုယ်ခန္ဓာသည် အောက်သို့ လျှောကျသွားနိုင်သည်။ ထိုသို့လျှောကျသွားသည့်အခါ အရေပြားကို ပွတ်ဆွဲသွားသလိုဖြစ်သွားသည်။ ထို့ကြောင့် အရေပြား နှင့် ဆက်စပ်သည့် သွေးကြောများ ဒဏ်ရာရသွားနိုင်သည်။ 

   

ဖြစ်နိုင်ချေများသူများ

လှုပ်ရှားရန်ခက်ခဲသူများ၊ တစ်နေရာမှ တစ်နေရာကို လွယ်လွယ်ကူကူ မပြောင်းနိုင်သူများတွင် ဖိအားကြောင့်ဖြစ်သော အနာများ ဖြစ်လာနိုင်ရန် ပိုများသည်။

ထိုသို့ မလှုပ်ရှားနိုင်သော အကြောင်းရင်းများမှာ - 

-- ကျန်းမာရေးမကောင်းခြင်း သို့မဟုတ် အားမရှိ နွမ်းနယ်နေခြင်း

-- ကိုယ်တစ်ခြမ်း သေနေသော လူနာများ

-- ထိခိုက်ဒဏ်ရာ သို့မဟုတ် ရောဂါတစ်ခုခုကြောင့် အိပ်ရာထဲတွင် လှဲနေရသူများ၊ သို့မဟုတ် ဘီးတပ်ကုလားထိုင်သုံးနေရသောသူများ

- ခွဲစိတ်ပြီးကာစ သူများ

- သတိမေ့မျောနေသူများ ဖြစ်သည်။


နာတာရှည်နာမကျန်း၍ ရသည့်အနာ ဖြစ်နိုင်ချေများသော သူများမှာ - 

(၁) အသက်အရွယ် ကြီးရင်ခြင်း - ထိုသူများသည် လူငယ်များနှင့်ယှဉ်လျှင် ပို၍ထိခိုက်ရှလွယ်သော၊ ပါးလွှာသော၊ ဆွဲဆန့်မခံနိုင်သော၊ ခြောက်သွေ့သော အသားအရေကို ပိုင်ဆိုင်ကြသည်။ ထို့ပြင် အသက်ကြီးလာသည်နှင့်အမျှ အရေပြားဆဲလ်များမှာလည်း အသစ်ပြုလုပ်မှု ကျဆင်းလာသည်။ ထိုအချက်များသည် အရေပြားကို ပို၍ထိခိုက်လွယ်စေရန်အားပေးလာသော အချက်များဖြစ်သည်။

(၂) အရေပြားအထိအတွေ့သိမှုမရှိခြင်း - ကျောရိုးထိခိုက်ဒဏ်ရာရထားခြင်း၊ အာရုံကြောနှင့် ပတ်သက်သော ရောဂါများ နှင့် အခြားအခြေအနေများတွင် ကိုယ်ခန္ဓာမှ သိမှုများ ပျောက်ဆုံးသွားနိုင်သည်။ နာကျင်ခြင်းကို မခံစားရခြင်းကြောင့် အနာဖြစ်နေခြင်းကိုသော်လည်းကောင်း၊ ပူနေသည်ကို မသိသောကြောင့် ပုံစံ မပြောင်းမိလျှင်သော်လည်းကောင်း ခံစားရနိုင်သည်။

(၃) ကိုယ်အလေးချိန်လျော့ကျသွားခြင်း - နာတာရှည်ရောဂါသည်များတွင် ကိုယ်အလေးချိန်ကျဆင်းခြင်းသည် ပုံမှန်ဖြစ်စဉ်ဖြစ်သည်။ ကိုယ်တစ်ပိုင်းသေနေသူများတွင် ကြွက်သားများ ပိန်လှီသွားခြင်းလည်းဖြစ်တတ်သည်။ ထိုသို့ အဆီများနှင့် ကြွက်သားများ နည်းသွားသောကြောင့် အရိုးနှင့် ဘီးတပ်ကုလားထိုင် သို့မဟုတ် အိပ်ယာ နှင့် ကြားထဲတွင် ခံထားသည့် နေရာ နည်းသွားသည်။ 

(၄) အစားအသောက်မျှတစွာ မစားသုံးရခြင်း နှင့် ရေဓါတ်ခမ်းခြောက်ခြင်း - လူတစ်ယောက်သည် လုံလောက်သော အရည်၊ ကယ်လိုရီ၊ အသားဓါတ်၊ ဗီတာမင် နှင့် သတ္တုဓါတ်များ နေ့စဉ်စားပေးရန်လိုအပ်ပါသည်။ ထိုသို့စားသုံးမှသာ အဆီအသားများ ကို ချေဖျက်ခံရခြင်း မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ 

(၅) စိုစွတ်လွန်သော သို့မဟုတ် ခြောက်သွေ့လွန်သော အသားအရေရှိခြင်း - အသားအရေအမြဲတမ်း စိုစွတ်နေသောသူများ ဥပမာ - ချွေးထွက်များသောသူ၊ ဆီးမထိန်းနိုင်သောသူတို့တွင် အရေပြားသည် ထိခိုက်ဒဏ်ရာ ရလွယ်သည့်အပြင် အရေပြားနှင့် အဝတ်အစား သို့မဟုတ် အိပ်ယာခင်း များနှင့် ပွတ်တိုက်ခံရမှု ပိုများနိုင်သည်။ ခြောက်သွေ့လွန်းသော အသားအရေရှိသူများမှာလည်း ထိုကဲ့သို့ပင် ဖြစ်သည်။

(၆) ဝမ်းမထိန်းနိုင်ခြင်း - ဝမ်းထဲတွင် ပါလာသော ဘက်တီးရီးယားများကြောင့် ပြင်းထန်သော ပိုးဝင်ခြင်း နှင့် ထိုပိုးများသွေးထဲရောက်သွားလျှင် အသက်အန္တရာယ် ထိခိုက်သည် အထိဖြစ်သွားနိုင်သည်။

(၇) သွေးစီးဆင်းမှုကို နှောင့်ယှက်သော ရောဂါများ - ဆီးချိုသွေးချို၊ သွေးကြောနှင့် ဆိုင်သောရောဂါများသည် အရေပြားကို ပိုမို ပျက်စီးစေနိုင်သည်။

 (၈) ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်ခြင်းသည် သွေးသွားလာမှုကို လျော့နည်းစေသည့်အတွက် သွေးတွင်းအောက်စီဂျင် ပို့ဆောင်မှုကို ဟန့်တားနိုင်သည်။ထို့ကြောင့် ဆေးလိပ်သောက်သူများတွင် ပုံမှန်သူများနှင့်ယှဉ်လျှင် အနာပိုဖြစ်လွယ်ပြီး အနာဖြစ်လာလျှင်လည်း ကျက်ရန် အလွန်ခက်ခဲသည်။

 (၉) နိုးကြားမှုမရှိခြင်း - ရောဂါတစ်မျိုးမျိုးကြောင့်သော်လည်းကောင်း၊ ထိခိုက်ဒဏ်ရာကြောင့်သော်လည်း၊ သောက်နေသော ဆေးများကြောင့်သော်လည်းကောင်း သတိမထားမိသောသူများတွင် နာတာရှည်ဖိအားကြောင့်ဖြစ်လာသော် အနာကို ကာကွယ်ရန် သို့မဟုုတ် ပြုစုရန် မေ့လျော့သွားတတ်ကြသည်။

(၁၀) ကြွက်သားများ ညှစ်ထားခြင်း - မကြာခဏ ကြွက်သားများ ကြွက်တက်ခြင်း သို့မဟုတ် ကြွက်သားလှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ခြင်းကြောင့် မကြာခဏပွတ်တိုက်မှု ဖြစ်ပေါ်ပြီး ဖိအားအနာဖြစ်လာတတ်သည်။ 

 

နောက်ဆက်တွဲ ပြဿနာများ

၁။ သွေးတွင်းအဆိပ်သင့်ခြင်း - အနာဖြစ်နေသော အရေပြားမှတစ်ဆင့် သွေးထဲသို့ ဘက်တီးရီးယားပိုးများဝင်ရောက်သွားပြီး တစ်ကိုယ်လုံးပျံ့နှံ့သွားသည်။အလွန်မြန်ဆန်သောဖြစ်စဉ်ဖြစ်ပြီး အူတွင်း ကလီဆာများပါ ပျက်စီးသွားသည့် အတွက်အသက်အန္တရာယ်ရှိသည်။ 

၂။ တစ်ကိုယ်လုံးရှိ အရေပြားနှင့် အသားနု ရောင်ရမ်းခြင်း - ပိုးဝင်သောကြောင့်ဖြစ်သည်။ အပြင်းအထန်နာကျင်ခြင်း၊ နီရဲခြင်း နှင့် အနာနေရာတွင် ဖောင်းလာခြင်းတို့ဖြစ်တတ်သည်။ အာရုံကြောဒဏ်ရာရထားသည့်သူများတွင် ထိုကဲ့သို့ ဖြစ်နေစဉ်တွင်ပင် နာကျင်ခြင်းကို မခံစားရပါ။ ၎င်းသည်လည်း အသက်အန္တရာယ်ရှိသော အခြေအနေဖြစ်သည်။

၃။ အရိုးနှင့်အဆစ်များကြားတွင်ပိုးဝင်ခြင်း - အနာမှတစ်ဆင့်ဖြစ်လာသော ပိုးသည် အရိုးနှင့် အဆစ်များကြားဝင်ရောက်နိုင်သည်။ အဆစ်ထဲသို့ဝင်လျှင် အရိုးနုများကိုဖျက်ဆီးပစ်နိုင်သည်။ အရိုးထဲသို့ဝင်လျှင် အဆစ်များ၏လှုပ်ရှားမှုကို နှေးကွေးစေသည်။ ထိုသို့ဝင်ရောက်သော် ပိုးများသည်လည်း အသက်အန္တရာယ်ရှိနိုင်သည်။

၄။ ကင်ဆာအဆင့်သို့ကူးပြောင်းခြင်း - နာတာရှည် အနာမကျက်သော အခါတွင် ကင်ဆာအဆင့်သို့ကူးပြောင်းသွားနိုင်သည်။ ၎င်းကင်ဆာ အမျိုးအစားသည် ပြင်းထန်ပြီး အများအားဖြင့် ခွဲစိတ်ကုသရန်လိုအပ်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ဖိအားကြောင့် ဖြစ်သော အနာဖြစ်တော့မည့် လက္ခဏာများ ခံစားလာရလျှင် ၂ နာရီတစ်ခါ ပုံစံ ပြောင်းပေးပါ။  ၂၄ နာရီမှ ၄၈ နာရီအတွင်း တိုးတက်မှုမရှိဘူး ဆိုပါက ဆရာဝန် နှင့် ဆက်သွယ်ပါ။ ပိုးဝင်သည့် လက္ခဏာ၊ ဥပမာ - အဖျားဝင်ခြင်း၊ အနာမှ အရည်များ၊ အနံ့ဆိုးများထွက်ခြင်း၊ အနာပတ်ဝန်းကျင်တွင် ပူလာခြင်း၊ နီလာခြင်းများရှိပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသပါ။


ကုသခြင်း

အဆင့် ၁ နှင့် ၂ နာတာရှည်အနာများသည် သေသေချာချာ ဂရုတစိုက်ကုသမည်ဆိုလျှင် လ အနည်းငယ်အတွင်း သက်သာပျောက်ကင်းသွားနိုင်သည်။ အဆင့် ၃ နှင့် ၄ အနာများသည် ပိုမိုကုသရန် ခက်ခဲသည်။ 


ထိုအနာကို ကုသရန် ဌာနများအားလုံး ပေါင်းစည်းကုသရန်လိုအပ်ပါသည်။

- ဦးဆုံး ကုသမည့် လမ်းစဉ်ကို သိရှိရန် အထွေထွေသမားတော်နှင့် အရင်ပြသရမည်။ - ထိုအထွေထွေသမားတော်သည် နာတာရှည်အနာနှင့်ပတ်သတ်၍ ကျွမ်းကျင်မှုရှိရမည်။

- အနာကို ဆေးထည့်ရန်နှင့် ပြုစုစောင့်ရှောက်ရန် သူနာပြုဆရာမများနှင့် သူနာပြုအကူများ

- နာတာရှည်အနာဖြစ်သည့်အတွက် လိုအပ်သောအကူအညီများ ရရှိရန် လူမှုရေးကူညီမှုလုပ်သားများ 

- ပြန်လည်ကျန်းမာသန်းစွမ်းအောင်လေ့ကျင့်ခန်းပြန်လုပ်လျှင် ပြန်လည်သန်စွမ်းရေးဌာန

- မိမိလိုအပ်သော အစားအစာကို သင့်တော်စွာ စားနိုင်ရန် ကြီးကြပ်ပေးမည့် အာဟာရပညာရှင်

- ခွဲစိတ်ရန်လိုလျှင် လိုအပ်သော ခွဲစိတ်မှုနှင့် သက်ဆိုင်သည့် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်၊ အရိုးခွဲစိတ်၊ အလှအပခွဲစိတ်ဆရာဝန်များ လိုအပ်နိုင်ပါသည်။ 


ဖိအားလျှော့ချခြင်း 

ပထမဆုံး အဆင့်အနေဖြင့် အနာအပေါ်တွင်သက်ရောက်သည့် ဖိအားကိုလျှော့ချရမည်ဖြစ်သည်။ နည်းစနစ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) အချိန်မှန်ပုံစံပြောင်းပေးခြင်း - အိပ်ရာပေါ်တွင် လှဲနေသူဖြစ်လျှင် ၂ နာရီခြားတစ်ခါ ဘယ်ညာ ပုံစံပြောင်းပေးရန်လိုအပ်ပါသည်။

မိမိ၏ အခြေအနေပေါ်မူတည်၍ ကိုယ်ခန္ဓာအချိုးအစား၊ လှုပ်ရှားနိုင်မှုအခြေအနေပေါ်မူတည်၍ ရေမြှုပ်အိပ်ရာ၊ လေအိပ်ရာများ အသုံးပြုနိုင်ပါသည်။

(၂) အနာကိုသန့်ရှင်းအောင်ထားခြင်းနှင့် ဆေးထည့်ပေးခြင်း

ပိုးမဝင်ရန် အနာကိုသန့်ရှင်းအောင်ထားရန်လိုအပ်ပါသည်။ အပေါ်ယံအရေပြားသည် နီရဲရုံမျှဖြစ်ပြီး အနာမဖြစ်သေးလျှင် (အဆင့် ၁) ဆပ်ပြာနှင့် ရေနှင့် သေချာစွာဆေးပြီး သေသေချာျာ ခြောက်အောင်သုတ်ပေးပါ။ ပေါက်ပြဲနေပြီဖြစ်သော အနာဖြစ်လျှင် အနာကို ဆေးတစ်ခါထည့်မည်ဆိုတိုင်း ဆားရည်နှင့်ဆေးပေးပါ။ 

အနာဆေးထည့်ခြင်းဖြင့် ပတ်တီးစည်းပေးခြင်းဖြင့် အနာပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ဘေးပတ်ဝန်းကျင် အရေပြားကို ခြောက်သွေ့စေပါသည်။ 

(၃) ပျက်စီးနေသော အသားစများကိုဖယ်ရှားခြင်း

အနာကောင်းမွန်စွာကျက်ရန်အတွက် အနာဖြစ်သည့်နေရာတွင် ပျက်စီးနေသော၊ သေနေသော အသားစများမရှိရန်လိုအပ်ပါသည်။ ထို့ကြောင့် ထိုပျက်စီးနေသော အသားစများကို အနာ၏ဆိုးရွားမှုအခြေအနေ နှင့် အနက်အပေါ်မူတည်၍ ဖယ်ရှားရမည့်နည်းလမ်းကွဲပြားသွားနိုင်သည်။ 

- ခွဲစိတ်ခြင်းဖြင့်ဖယ်ရှားခြင်းနည်းလမ်းတွင် ပျက်စီးနေသော အသားစများကို ညှပ်ပစ်လိုက်ခြင်းဖြင့် ဖယ်ရှားပစ်နိုင်သည်။

- စက်ပစ္စည်းများသုံး၍ ဖယ်ရှားခြင်း - ဖိအားသုံးဖယ်ရှားသည့်စက်ပစ္စည်းများ၊ အထူးပြုလုပ်ထားသော ပတ်တီးများဖြင့် ဖယ်ရှားနိုင်သည်။ 

- အင်ဇိုင်းများသုံး၍ချေဖျက်ခြင်း - သေးငယ်သော၊ ပိုးမဝင်သေးသော အနာမျိုးတွင် ပိုးမဝင်အောင်၊ အနာကို စိုစွတ်၍သန့်ရှင်းအောင် ထားရန်သုံးသောနည်းလမ်းဖြစ်သည်။


-အခြားနည်းလမ်းများ

(၁) နာကျင်ခြင်းကို ကုသခြင်း - ဖိအားကြောင့်ဖြစ်သောအနာများသည် အလွန်နာကျင်နိုင်သည်။ ထို့ကြောင့် အကိုက်အခဲပျောက်ဆေးများ သုံးစွဲခြင်းဖြင့် နာကျင်ခြင်းကို လျှော့ချနိုင်သည်။ နေရာပုံစံ မပြောင်းလဲခင်နှင့် ပြောင်းလဲပြီးချိန်၊ အနာကို ဆေးမထည့်ခင်နှင့် ဆေးထည့်ပြီးချိန်များတွင် သုံးစွဲလျှင် အလွန်အသုံးဝင်သည်။ 

(၂) ပဋ္ဋိဇီဝဆေးဝါးများ - အထက်ပါဖော်ပြထားသောနည်းလမ်းများဖြင့် မပျောက်ကင်းသောသူများသည် ပဋ္ဋိဇီဝလိမ်းဆေး သို့မဟုတ် သောက်ဆေးများဖြင့် ကုသသင့်သည်။ 

(၃) ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ - အနာကျက်မြန်စေရန် ကယ်လိုရီနှင့် အရည်များ၊ အသားဓါတ်များသော အစားအသောက်များ၊ ဗီတာမင်နှင့် သတ္တုဓါတ်ကြွယ်ဝသော အစားအသောက်များပုံမှန်ထက်ပိုစားရမည်။ လိုအပ်လျှင် ဗီတာမင် စီ နှင့် ဇင့် ဓါတ်များဖြည့်စွက်၍ သောက်သုံးရမည်။ 

 (၄) ဆီးဝမ်းမလုံခြင်းကို ကုသခြင်း - ဆီးဝမ်းမလုံခြင်းကြောင့် အရေပြားစိုစွတ်ခြင်းနှင့် ဘက်တီးရီးယားပိုများပိုမို ပေါက်ပွားလာနိုင်ပါသည်။ ဆီးဝမ်းမထိန်းနိုင်ခြင်းကို ကုသခြင်းအားဖြင့် အနာကျက်နှုန်းကို ပိုမိုကောင်းမွန်လာစေပါသည်။ နည်းလမ်းများမှာ - အချိန်ဇယားဖြင့် ဆီးသွားခြင်း၊ ဆီးခံဝတ်ထားသူဖြစ်လျှင် မကြာခဏလဲပေးခြင်း၊ အနာမဖြစ်သေးခင် ဖြစ်နိုင်သော နေရာများတွင် လိုးရှင်း ခရင်မ် လိမ်းပေးခြင်း၊ ဆီးပိုက် သို့မဟုတ် ဝမ်းပိုက်ထည့်ထားခြင်း

(၅) ကြွက်သားညှစ်ခြင်းကို သက်သာအောင်လုပ်ခြင်း - ကြွက်သားအဆက်မပြတ်ညှစ်ခြင်းကြောင့် ပွတ်တိုက်ခြင်းများဖြစ်ပေါ်လာပြီး ၎င်းကြောင့်ပင် အနာပိုဆိုးလာနိုင်သည်။ ထိုကြောင့် ကြွက်သားဖြေလျော့ဆေးများဖြင့် ကြွက်သားညှစ်ခြင်းကို တားဆီးနိုင်ပြီး ဖိအားအနာကို သက်သာစေရန် ကူညီပေးနိုင်သည်။ 

(၆) အနှုတ်ဖိအားဖြင့်ကုသခြင်း - အနာကို သန့်ရှင်းအောင်စုပ်ယူသည့်စက်များဖြင့် ကုသနိုင်သည်။ အချို့သော အနာများတွင်ကုသနိုင်သည်။ 


ခွဲစိတ်ကုသခြင်း

လုံးဝအနာကျက်ခြင်းမရှိသောသူများတွင် ခွဲစိတ်ကုသရန်လိုအပ်နိုင်သည်။ ခွဲစိတ်ကုသရသည့် ရည်ရွယ်ချက်မှာ အနာသန့်ရှင်းရန်၊ ပိုးဝင်ခြင်းကို ကာကွယ်ရန်၊ ရေဓါတ်ဆုံးရှုံးခြင်း ကိုလျှော့ချရန်၊ ကင်ဆာသို့ပြောင်းလဲခြင်းကို လျှော့ချရန်ဖြစ်သည်။ ခွဲစိတ်ကုသမှုလိုအပ်ခဲ့လျှင် အနာဖြစ်သည့်နေရာ၊ ယခင်ခွဲစိတ်ခြင်းရှိမရှိ နှင့် အမာရွတ်ရှိခြင်း ပေါ်မူတည်၍ ခွဲစိတ်ကုသမှု ပုံစံ ကွဲပြားနိုင်သည်။ ပုံမှန်အားဖြင့် မိမိ၏ ကြွက်သား၊ အရေပြား သို့မဟုုတ် အခြားအသားစများကို သုံးခြင်းအားဖြင့် အနာကိုပြန်လည် အုပ်ပြီးကုသခြင်းဖြစ်သည်။ 


ကာကွယ်ခြင်း

နာတာရှည်ဖိအားအနာသည် ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမိုလွယ်ကူပါသည်။ သို့သော်ကာကွယ်ခြင်းသည် လွယ်ကူမည်ဟုပြောခြင်းမဟုတ်ပါ။ ထိုသို့နည်းစနစ်ကျစွာ ကာကွယ်နေရင်းဖြင့် ဖိအားအနာဖြစ်လာနိုင်သေးသည်။ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီး အိမ်တွင် ကိုယ်ပိုင် ကျန်းမာရေးအကူခေါ်၍ဖြစ်စေ၊ ဆေးရုံတွင်တက်ကျွမ်းသူများဖြင့် ဖြစ်စေပူးပေါင်း၍ ကာကွယ်နိုင်ပါသည်။ အနာမဖြစ်စေရန် ကာကွယ်နိုင်သည့် အဓိကအချက်မှာ နေရာပုံစံပြောင်းလဲပေးခြင်းဖြစ်သည်။ အခြားနည်းလမ်းများမှာ အသားအရေကိုထိန်းသိမ်းခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြစ်သည်။ 


ဘီးတပ်ကုလားထိုင်ပေါ်တွင်ပုံစံပြောင်းလဲခြင်း

တစ်နာရီခြားတစ်ခါ ပုံစံပြောင်းနိုင်ရန် အကူအညီတောင်းခံပါ။မိမိကိုယ်တိုင်လုပ်နိုင်လျှင်လုပ်ပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းအားကောင်းသူဖြစ်လျှင် ဘီတပ်ကုလားထိုင်ပေါ်တွင် လက်ရမ်းကို အားပြု၍ လက်ထောက်ပြီး ကိုယ်ကိုမလိုက်ခြင်းဖြင့် လေ့ကျင့်ခန်းပြုလုပ်နိုင်ပါသည်။ သို့သော် မိမိတွင်ရှိသည့် ဘီးတပ်ကုလားထိုင်အမျိုးအစားပေါ်မူတည်၍ ပြောင်းလဲမှုရှိနိုင်ပါသည်။ ဖိအားကိုသက်သာစေမည့် အောက်ခံခေါင်းအုံးတစ်ခုကို ရွေးပါ။ မိမိကိုယ်ခန္ဓာ ဘီးတပ်ကုလားထိုင်ပေါ်တွင် နေရာတကျဖြစ်နေစေရန် ဂရုစိုက်ရပါမည်။ အောက်ခံခေါင်းအုံး ဖော့၊ ဂျယ်၊ ရေမြှုပ်၊ လေခေါင်းအုံးဟူ၍ အမျိုးအစားများစွာရှိပါသည်။


အိပ်ရာပေါ်တွင်ပုံစံပြောင်းလဲခြင်း

တတ်နိုင်လျှင် မိမိကိုယ်တိုင် ၂ နာရီခြားတစ်ခါ နေရာပြောင်းနိုင်ရန်ကြိုးစားပါ။ မိမိကိုယ်တိုင် ပြောင်းနိုင်သည့် အခြေအနေမရှိလျှင် အခြားသူများထံမှ အကူအညီတောင်းခံပါ။ 

အိပ်ရာထဲတွင် အစဉ်လှဲနေရသူများအတွက် သီးသန့်စီစဉ်ထားသည့် အိပ်ရာခင်းများလည်း အသုံးပြုနိုင်သည်။ ဥပမာ - ဖော့အိပ်ရာ၊ လေမွေ့ယာ၊ ရေမွေ့ယာများ ကို အသုံးပြုခြင်းဖြင့် ဖိအားကိုလျော့နည်းစေပြီး အနာဖြစ်စေနိုင်သည့် နေရာများကို ကာကွယ်ပေးနိုင်သည်။ 

  ဆေးရုံတွင် ကုတင်ခေါင်းပိုင်းကို မြှင့်မည်ဆိုပါက ၃၀ ဒီဂရီထက်ပို၍ မမြှင့်ပါနှင့်။ သို့မှသာ တွန်းတိုက်ခြင်းမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ 

  အရိုးဖိထားနိုင်သည့်နေရာများတွင် အောက်ခံခေါင်းအုံးခံပါ။ ခြေခြင်းဝတ်၊ ခြေဖနောင့် နှင့် ဒူးအောက်ဖက်တို့တွင် ခေါင်းအုံးများခံ၍ အရိုးနှင့် ပွန်းတိုက်ခြင်းကို ကာကွယ်နိုင်ပါသည်။ 


အသားအရေထိန်းသိမ်းခြင်း

မိမိအသားအရေကို ဂရုစိုက်ခြင်းသည် ဖိအားအနာများဖြစ်ခြင်း နှင့် အဆင့် (၁)  အနာများကို စောစီးစွာ ကာကွယ်နိုင်ရန် နှင့် သိသိချင်းကုသနိုင်ရန်အတွက် အလွန်အရေးကြီးပါသည်။

အနာဖြစ်နေသည့်နေရာကို သေချာစွာသန့်စင်ပါ။ အရေပြားကို ဆပ်ပြာနှင့် ရေဖြင့် သေချာဆေးပါ။ ပြီးလျှင် သေချာခြောက်အောင် ပြန်သုတ်ပါ။

အရေပြားကို ကာကွယ်ပါ။ စိုစွတ်သော အသားအရေရှိတတ်သူများ ပေါင်ဒါသုံးစွဲပါ။ အသားအရေခြောက်သူများ လိုးရှင်းခရင်မ်လိမ်းပါ။ အိပ်ရာခင်းနှင့် အဝတ်အစားများကို မကြာခဏလဲပေးပါ။ အိပ်ရာခင်း နှင့် အဝတ်အစားများ တွန့်ခေါက်မနေစေရန် ဂရုစိုက်ပါ။

အသားအရေကို နေ့စဉ်စစ်ဆေးပါ။ ဖိအားအနာဖြစ်မည့် လက္ခဏာများဖြစ်လာနိုင်ချေကို နေ့စဉ်စစ်ဆေးပါ။ အနည်းငယ်မျှလှုပ်ရှားနိုင်သူ ဖြစ်လျှင် မိမိကိုယ်ကို မှန်ဖြင့် ကြည့်ရှုနိုင်သည်။ 

ဆီးနှင့်ဝမ်းမထိန်းနိုင်သူဖြစ်လျှင် အရေပြားအစဉ်ခြောက်သွေ့နေစဉ်ရန်ဂရုစိုက်ပါ။ အရေပြားစိုစွတ်ခြင်းနှင့် ဘက်တီးရီးယားပိုးများ ပေါက်မလာစေရန်ဂရုစိုက်ပါ။ အချိန်ဇယားလုပ်၍ ဆီးသွားပါ။ မကြာခဏ ဆီးခံကိုလဲပေးပါ။ ကြိုတင်ကာကွယ်သည့် အနေဖြင့် လိုးရှင်းခရင်မ် လိမ်းပေးပါ။ ဆီးပိုက်ထည့်ခြင်း၊ သို့မဟုတ် ဝမ်းပိုက်ထည့်ခြင်း ပြုလုပ်ပါ။


အစားအသောက်များ

ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များကို ရွေးချယ်စားသုံးပါ။ ကယ်လိုရီ၊ အသားဓါတ်၊ ဗီတာမင် နှင့် သတ္တုဓါတ်များကို တိုး၍စားသုံးပါ။ ဗီတာမင် စီ နှင့် ဇင့်ဓါတ်များ လိုအပ်လျှင် ဖြည့်စွက်အားဆေးသောက်သုံးပါ။

  အရေပြားခြောက်သွေ့မသွားစေရန် ရေလုံလုံလောက်လောက်သောက်ပါ။ ကျန်းမာသောအရေပြားရရှိရန် ရေဓါတ်သည် အလွန်အရေးကြီးသည်။ ရေဓါတ်ခမ်းခြောက်သည့်လက္ခဏာများ -( ဆီးနည်းသွားခြင်း၊ ဆီးအရောင်ရင်လာခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ ရေဆာခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ ဝမ်းချုပ်ခြင်းများ ) ရှိနေခြင်းကို ဂရုတစိုက်စောင့်ကြည့်ပါ။ 


အခြားနည်းလမ်းများ

- ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ။ လိုအပ်လျှင် ဆရာဝန်နှင့်တိုင်ပင်၍ ဖြတ်ပါ။

- တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားနေပါ။ မလှုပ်ရှားနိုင်ခြင်းသည် ဖိအားအနာဖြစ်စေသော အဓိက အချက်ထဲတွင်ပါဝင်သည်။ မိမိလှုပ်ရှားနိုင်မှုနှင့် သင့်လျော်သောလေ့ကျင့်ခန်းများလုပ်ပါ။ ပြန်လည်သန်စွမ်းရေးကျွမ်းကျင်သူမှ မိမိနှင့်သင့်လျော်သော သွေးလည်ပတ်မှုကောင်းစေရန်၊ အသားပြန်ပြည့်ရန်၊ ကိုယ်ခန္ဓာအားပြန်ပြည့်စေရန် လိုအပ်သည့်လေ့ကျင့်ခန်းများကို လမ်းညွန်ပေးနိုင်ပါသည်။ 


Ref: Mayo clinic 

Dr. Victoria




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18